Star Wars: The Last Jedi ( 2017 ) [Movie Review]


Star Wars: The Last Jedi ( 2017 )

ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍကနေ တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Star Wars: The Last Jedi ( 2017 ) ဇာတ်ကားပဲ ဖြစ်ပါတယ်ခင်ဗျ။ Star War ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားဟာ အထူးခြားဆုံး ဖြစ်နေမှာသေချာပါတယ်။ Star War series တွေရဲ့ ( ၉ ) ကားမြောက်ဖြစ်တဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ရှေ့အဆက်ဆက်က ထွက်ခဲ့တဲ့ Star War ဇာတ်လမ်းတွေရဲ့ လျှို့ဝှက်ချက် အတော်များများကို ဖွင့်ချထားတာ တွေ့ရပါလိမ့်မယ်ခင်ဗျ။

The Last Jedi ဇာတ်လမ်းဟာ သူ့မတိုင်ခင် ထွက်ရှိခဲ့တဲ့ Star Wars: The Force Awaken နဲ့ ချိတ်ဆက်ထားပါတယ်။ နာမည်ကျော် တရုတ်မင်းသား Donnie Yen လည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Force Awaken ရဲ့ ဇာတ်လမ်းအဆုံးက The Last Jedi မှာ ဇာတ်လမ်းဆက် အဖြစ် တိုက်ရိုက်ချိတ်ဆက်လိုက်တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်လေယာ ( General Leia Organa ) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ( resistance ) ဟာ အခြေစိုက်စခန်းကနေ ဆုတ်ခွာလာပြီး စကြာဝဠာကို အာဏာရှင်ဆန်ဆန် အုပ်စိုးချင်သူ Snoke ရဲ့ The First Order တပ်မကြီးရဲ့ လိုက်လံလိုက်ခိုက်ခြင်း ခံနေရတဲ့အခြေအနေနဲ့ ဇာတ်လမ်းကို စတင်ထားတယ်။

အာဏာရှင်တွေက စစ်ပွဲတွေကို ဖန်တီးပြီး ငွေတစ်မျက်နှာတည်းကြည့်သူတွေက စစ်လက်နက်တွေရောင်းရင်း ပေါ်ပေါက်နေတဲ့ စကြာဝဠာတွင်း စစ်ပွဲတွေကို ကြာရှည်တည်မြဲစေကြတယ်။ ဒီလိုချိန်မှာ The First Order အာရုံအစိုက်ဆုံးဖြစ်တဲ့ Sky Walker ဟာ လူမသိသူမသိနေရာမှာ ဘဝကို မြှပ်နှံထားပြီး သူ့ရဲ့ Jedi မျိုးဆက်သစ်တွေ သင်ကြားမှုနဲ့ စကြာဝဠာစစ်ပွဲတွေထဲ ပါဝင်ပတ်သက်မှုကို ရပ်တန့်ထားလေရဲ့။ ဗိုလ်ချုပ်လေယာဦးဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဟာလည်း Snoke ရဲ့ တပ်ဖွဲ့တွေ အသေအကျေ လိုက်လံတိုက်ခိုက်နေဆဲပါပဲ။ အလင်းနှစ်မြန်နှုန်းနဲ့ ထွက်ပြေးပေမယ့် The First Order တပ်မကြီးက အလင်းနှစ်နဲ့ပြေးနှုန်းကိုတောင် ခြေရာခံလိုက်နိုင်တဲ့အဆင့်  ရောက်လာချိန်မှာတော့  တော်လှန်ရေးတပ်ဖွဲ့ငယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က Luke Sky Walker တစ်ဦးသာ ဖြစ်တော့တယ်။

ဒီဇာတ်လမ်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာရှင်စစ်အုပ်စုတို့ရဲ့ တိုက်ပွဲတွေက ဇာတ်လမ်းအစကနေပြီး အဆုံးသတ်ချိန်ထိ နည်းနည်းမှ ဇာတ်ရှိန်လျော့သွားခြင်းမရှိပါဘူး။ တစ်စထက်တစ်စ ဇာတ်ရှိန်မြင့်တက်လာပြီး Luke Sky Walker ရဲ့ ကဏ္ဍဟာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့ကို တော်လှန်ရေးအဖွဲ့ဆီပြန်လာဖို့ တိုက်တွန်းတဲ့ Rey ၊ Snoke ဘက်ကလည်း Sky Walker ကို သတင်းအနံ့ခံနေချိန်၊ တော်လှန်ရေးအဖွဲ့ဟာလည်း နာရီပိုင်းသာခံတော့တဲ့ လောင်စာနဲ့ The First Order ရဲ့ တပ်ဖွဲ့တွေကို ခုခံထားချိန် … ဒီလို သုံးပွင့်ဆိုင် ဇာတ်လမ်းအထွတ်အထိပ်မှာ …. Star War series တွေထဲ “The Force” နဲ့ “Jedi” တွေရဲ့ ဆက်နွယ်မှုလျှို့ဝှက်ချက်က တစ်ဖက်နဲ့ …. ကြည့်ရသူတွေအတွက် နည်းနည်းမှ ပျင်းရမှာမဟုတ်ပါဘူး။ 

“May the Fore be with you” , “I’m one the force and the Forces with me”  ဆိုတဲ့ Force အကြောင်းကို Star War ဇာတ်လမ်းတိုင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် Force က ဘယ်လို Force မျိုးလဲဆိုတဲ့ လျှို့ဝှက်ချက်တော့ ဒီဇာတ်လမ်းမှာ အပြည့်အဝ ရုပ်လုံးပေါ်လာပါပြီ။ Jedi တွေရဲ့ စွမ်းအား Force ဟာ ပစ္စည်းတွေကို လေထဲဝဲပျံစေနိုင်တယ်၊ လူတွေကို ထိန်းချုပ်နိုင်တယ်လို့ မှတ်ယူထားတဲ့ Rey ရဲ့ အမြင်တွေဟာ Jedi Master ဖြစ်တဲ့ Luke ဆီရောက်တော့ … Jedi တွေရဲ့ စွမ်းအင်အစစ်အမှန်ဟာ ပစ္စည်းတွေကို လေပေါ်ပျံဝဲစေရုံတင်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဒီအကြောင်းကိုလည်း ဇာတ်လမ်းရဲ့ နောက်ဆုံးခန်းမှာ Luke Sky Walker က သက်သေပြသွားတယ်။ သူ့ရဲ့ Force ကို အသုံးချသွားပုံက တကယ့်ကို အံ့သြစရာပါပဲ။ 

တကယ်တော့ ဒီရုပ်ရှင်သာ အဆင့်မြင့် သိပ္ပံနယ်လွန် ရုပ်ရှင်ကားတစ်ကားမျှသာ မဟုတ်ပါဘူး။ ပြင်ပဗဟိဒ္ဓိစွမ်းအားတွေသာမက အတွင်းအဇ္ဇျတ္တ စိတ်စွမ်းအင်တွေ အကြောင်းကိုလည်း ထည့်သွင်းထားတယ်။ Rey နဲ့ Kylo Ren တို့ရဲ့ စိတ်ချင်းဆက်သွယ်တဲ့နည်း ( Telepathy ) နည်းနဲ့ စကားပြောခန်းတွေ၊ နောက်ဆုံးမှာ ထုတ်ပြသွားတဲ့ Luke ရဲ့ စိတ်စွမ်းအင်တွေဟာ Star Wars ရဲ့ Force ကို ပရိသတ်တွေဆီ ချပြလိုက်တာပါ။ Luke ဟာ တကယ်တော့ Jedi ရဲ့ နောက်ဆုံးမျိုးဆက် မဟုတ်ခဲ့ဘဲ ဗိုလ်ချုပ်လေယာနဲ့ Rey တို့ဟာ Jedi ရဲ့ အမွေအနှစ်ကို ဆက်လက် ဆက်ခံသူတွေဖြစ်လာတယ်။ 

ဒါကြောင့် နောက်ထွက်လာမယ့် Star Wars ဇာတ်ကားမှာ ဘယ်လို Force ကို ဦးတည်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ The Last Jedi အရဆိုရင်တော့ နောက်ကားတွေမှာ နည်းပညာမြင့် သိပ္ပံလက်နက်နဲ့ ယာဉ်တွေပါဝင်တဲ့ စကြာဝဠာတွင်း တိုက်ပွဲတွေကနေ Force ကို အဓိကထားတဲ့ တိုက်ပွဲတွေ အများအပြား ပါဝင်လာနိုင်မလား စောင့်ကြည့်စရာပါပဲ။ 

“ငါတို့အနိုင်ရချင်ရင် ငါတို့မုန်းတာကို တိုက်နေမယ့်အစား ငါတို့ချစ်တဲ့သူတွေကို ကယ်နေရမယ်” 
The Last Jedi ထဲမှာ ဇာတ်ကောင်စရိုက်အပိုင်းရော၊ ရိုက်ကူးရေးအပိုင်းနဲ့ နောက်ခံတီးလုံးတွေ၊ အဓိကကျတဲ့ ဒိုင်ယာလော့ဂ်တွေ အားလုံးက နှစ်သက်စရာပါပဲ။ စစ်ပွဲတွေကို ရှုတ်ချထားတယ်၊ အာဏာရှင်နဲ့ အတ္တသမားတွေ ဖန်တီးတဲ့စစ်ပွဲတွေကို ရပ်တန့်လိုတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ ကြည့်ရှုရသူအဖို့ ရင်ထဲထိစေပါတယ်။ ဇာတ်လမ်းဖွင့်ကတည်းက အဆုံးထိ ဇာတ်ရှိန်မကျသွားတဲ့ကားမို့ ဇာတ်လမ်းအသေးစိတ်ကို မပြောတော့ဘဲ ခုလို အနည်းငယ်မျှသော အချက်အလက်လေးနဲ့တင် ဒီတစ်ပတ်ရဲ့ ရုပ်ရှင်အညွှန်းကို အဆုံးသတ်လိုက်ပါတော့တယ်။ 

အဓိကသရုပ်ဆောင်သူတွေကတော့ Rey အဖြစ် မင်းသမီး Daisy Ridley ၊ Luke Skywalker အဖြစ် မင်းသားကြီး Mark Hamill ၊ Leia Organa အဖြစ် မင်းသမီးကြီး Carrie Fisher ၊ Finn အဖြစ် John Boyega နဲ့ Kylo Ren အဖြစ် Adam Driver တို့အပါအဝင် Snoke အဖြစ် Andy Serkis တို့ စတဲ့ နာမည်ကြီး ရုပ်ရှင်စတားတွေ ပါဝင်ထားပြီး သရုပ်ဆောင်အရေအတွက် ( ၁၀၀ ) ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့နှစ်ကုန်ပိုင်း ( December, 2017 ) မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားကို နာမည်ကြီးဒါရိုက်တာ Rain Johnson ရိုက်ကူးထားပြီး Box office မှာ အမေရိကန်ဒေါ်လာ ၁.၃၂၁ ဘီလျံ ဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ဝန်ဇင်းပရိသတ်ကြီး မကြည့်ရသေးဘူးဆိုရင် ခုပဲ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ … ။

ဝန်ဇင်းစာချစ်သူများ ကျန်းမာပျော်ရွှင်ကြပါစေလို့ ချစ်ခြင်းများစွာဖြင့် ဆုတောင်းလိုက်ပါတယ်။

Related Posts