COCO ( 2017 ) [Movie Review]


COCO ( 2017 ) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူတွေအတွက် ရုံးပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူရင်း ကြည်ရှုလို့ရမဲ့ 3D Animation ဇာတ်ကားတစ်ကားကို ကျွန်တော်တို့ Wun Zinn Digest ရဲ့ Movie Review ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါပြီ။ အဲ့ဒီရုပ်ရှင်ကားကတော့ ပြီးခဲ့တဲ့နှစ် ( ၂၀၁၇ ) ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိခဲ့တဲ့ “COCO” ဆိုတဲ့ 3D Animation ဇာတ်ကားပါပဲ။

“COCO” ဆိုတဲ့ ဒီရုပ်ရှင်လေးဟာ ဂီတပညာရှင်ပညာရှင်၊ အဆိုတော် ဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ မရဏတိုင်းပြည်ကို ရောက်သွားပြီး သူ့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ သူလေးစားအားကျရတဲ့ ဂီတပညာရှင် အဘေးဖြစ်သူနဲ့ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ် 3D - Animation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ထွက်ရှိခဲ့ပြီး အော်စကာဆုတွေအဖြစ် Best Animated Feature Film နဲ့ ရုပ်ရှင်သီချင်းဖြစ်တဲ့ ‘Remember Me’ သီချင်းအတွက် Best Achievement in Music Written for Motion Pictures (Original Song) ဆု တို့အပြင် အခြားဆုပေါင်း ( ၈၀ ) ကျော်ကိုလည်း ရရှိထားတဲ့ နာမည်ကြီး animation ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒါရိုက်တာကတော့ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့  Toy Story 2 (1999) နဲ့ Finding Nemo (2003 ) စတဲ့ Animation ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Lee Unkrich ပါပဲ။ ဂီတကို ရူးသွပ်သူ ကောင်လေးတစ်ယောက်ရဲ့ ဂီတပညာရှင်ဖြစ်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ သူလေးစားအားကျရတဲ့ အနစ်စတို ဒလာခရုဇ်နဲ့ သူ့ရဲ့ အဘေးတို့ကို မရဏတိုင်းပြည်မှာ မမျှော်လင့်ဘဲ ကြုံခဲ့ရတဲ့အခါ ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုခံစားရင်း ဝန်ဇင်းရုပ်ရှင်ချစ်သူတွေ ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားပါလိမ့်မယ်။

ဇာတ်လမ်းအကျဉ်း

COCO ဆိုတဲ့ ရုပ်ရှင်လေးရဲ့အစမှာတော့ ကောင်လေးတစ်ယောက်ဟာ သူမမွေးခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိသားစုအကြောင်းကို စိတ်ညစ်ညူးစွာ ပြောပြထားတာနဲ့ စတင်ထားပါတယ်။ အဲ့ဒီမိသားစုလေးမှာ သာယာနာပျော်ဖွယ် ဂီတသံစဉ်တွေနဲ့ ပျော်ရွှင်ကြည်နူးစရာ စတင်ခဲ့ကြပေမဲ့ ကမ္ဘာကြီးကို ဂီတနဲ့ဖျော်ဖြေဖို့ အိမ်မက်တစ်ခုနောက်ကိုလိုက်ရင်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသော်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့ ဆုံးပါးသွားခဲ့သော သူ့ရဲ့ အဘီ မာမာအီမဲလ်ဒါတို့အကြောင်းကို ပြောပြထားပြီး မာမာအီမဲလ်ဒါရဲ့ သမီးလေးဖြစ်တဲ့ မာမာကိုကို နဲ့ မိတ်ဆက်ပေးထားတယ်။ 

သူတို့ရဲ့မိသားစုလေးရဲ့ ထူးခြားချက်က မီဂေးကလွဲရင် တစ်မိသားစုလုံး ဂီတကို မုန်းကြတာပါပဲ။ မက္ကဆီကိုမှာ ဂီတကို မုန်းတဲ့ တစ်ခုတည်းသော မိသားစုလို့တောင် ပြောလို့ရမယ်။ ဒီလို မုန်းတီးကြပေမယ့် မိသားစုထဲက အငယ်ဆုံးကောင်လေး မီဂေးကတော့ ဂီတကို ရူးသွပ်စွာပဲ ဝါသနာသူတစ်ယောက်၊ သူဒီလို ဝါသနာကြီးတာကလည်း မက္ကဆီကန်ရဲ့ သမိုင်းတလျှောက်မှာ အတော်ဆုံးဂီတပညာရှင်ကြီးဖြစ်တဲ့ အနစ်စတို ဒလာခရုဇ်ဆိုသူ ကြောင့်လို့ခံယူထားတယ်။ တစ်နေ့မှာလည်း ဒလာခရုဇ်လို ဂီတပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ထားသူတစ်ဦးပေါ့။ ဒီကားထဲကမှာ ပါဝင်တဲ့ မီဂေးရဲ့ခွေးလေး ဒန်တီကလည်း ဇာတ်လမ်းရဲ့ အရေးပါတဲ့ဇာတ်ကောင် ဖြစ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာ စိတ်ဝင်တစား မြင်တွေ့ရဦးမှာပါ။ 

ဒီလိုနဲ့တစ်နေ့မှာ မီဂေးဟာ ဂီတဈေးထဲသွားရင်း Talent Show တစ်ခုရှိတာသိခဲ့တယ်။ အဲ့ဒီပြိုင်ပွဲမှာ သူ့ရဲ့ ဂီတအစွမ်းကို ပြသချင်ခဲ့တယ်၊ ဒါကြောင့် သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အိမ်ကခိုးထွက်၊ ဂီတဈေးမှာ ပြိုင်ပွဲဝင်ဖို့ကြိုးပမ်းတာကို အိမ်ကသိသွားပြီး အဖွားဖြစ်သူက တားဆီးပိတ်ပင်ခဲ့တယ်။ ဒါ့အပြင် သူကြိုးစားပမ်းစားရှာထားတဲ့ ဂစ်တာလေးကိုဟာလည်း ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရတယ်။ ဒီလိုနဲ့ အိမ်ကထွက်သွားပြီး ဂီတပြိုင်ပွဲမှာလည်း အလွန်ပါချင်တဲ့အတွက် တီးခတ်စရာ ဂီတာကို မရမကလိုက်ရှာရင်း၊ ကြံရာမရတဲ့အဆုံး အနစ်စတိုဒလာခရုဇ်ရဲ့ ပြတိုက်ကို ခိုးဝင်ပြီး၊ ခရုဇ်ရဲ့ ဂီတာကို ခိုးယူတီးမိလိုက်တယ်။ 

သူအဲ့ဒီလိုတီးလိုက်တဲ့ညဟာ မက္ကဆီကန်တွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ “ကွယ်လွန်သူတို့ရဲ့ပွဲတော်ည” နဲ့လည်း တိုက်ဆိုင်နေတဲ့အခါ … ကွယ်လွန်သွားတာ မျိုးဆက်သုံးလေးဆက်လောက် ကြာပြီဖြစ်တဲ့ ဒလာခရုဇ်ရဲ့ ဂီတာကို တီးခတ်လိုက်မှုကြောင့် တမလွန်နဲ့ ဆက်သွယ်မိပြီး မရဏတိုင်းပြည်ကို ရောက်ရှိသွားတော့တယ် …… ။

ဒီလိုရောက်သွားပြီးနောက်ပိုင်း ဇာတ်လမ်းဟာ မထင်မှတ်ထားစရာ အဖြစ်အပျက်တွေ၊ ဟာသတွေနဲ့ ကြေကွဲဝမ်းနည်းစရာ မေတ္တာအကြောင်းကို ဆက်လက်ကြည့်ရှုရမှာမိှု့ဇာတ်လမ်းအကျဉ်းကို ဒီမှာတင် ရပ်တန့်လိုက်ပါရစေ။ 

ဒီရုပ်ရှင်လေးရဲ့ အထူးခြားဆုံး အချက်တစ်ခုကတော့ သီချင်းအများအပြား ပါဝင်နေတာပါပဲ။ ရုပ်ရှင်တစ်ခုလုံးမှ  ဂီတအပေါ် ရူးသွပ်တဲ့ မီဂေးရဲ့ ခံစားချက်၊ သူနဲ့ သူ့အဘေးကြားထဲက မေတ္တာအဖွဲ့အနွဲ့နဲ့ လူငယ်တစ်ယောက်အနေနဲ့ သူဖြစ်ချင်တဲ့ ဂီတအိပ်မက်အပေါ် ပြင်းပြတဲ့ ခံစားချက်တွေကို သီချင်းအဖြစ် ဖွင့်ထုတ်ထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ သီချင်းတွေအပြင် မက္ကဆီကိုလူမျိုးတွေ ( Mexicans ) ရဲ့ တိုင်းရင်းသားဘာသာနဲ့ ရေးစပ်ထားတဲ့ သီချင်းတွေလည်း ပါဝင်တာမို့ ရုပ်ရှင်ချစ်သူတို့အတွက် ဆန်းသစ်နေမှာပါ။ 

အထူးခြားဆုံးအချက်ကတော့ ရုပ်ရှင်ထဲမှာ ဂီတာနဲ့တီးခတ်သွားတဲ့ Music Notes တွေအားလုံးက တကယ့် Notes တွေအတိုင်း တီးခတ်ပြသွားတာပါ။ ကာတွန်းကားလို့ အကြမ်းဖျင်းဆိုလို့ရပေမယ့် တီးခတ်သွားတဲ့ notes တွေ၊ cord တွေက တကယ့် အမှန်အတိုင်း တီးခတ်ပြသွားတာက အတော်လည်း ဆန်းသစ်ထူးခြားတဲ့ အချက်ပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ မက္ကဆီကန်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးစံတွေနဲ့ တိုင်းရင်းသား ရိုးရာ အဝတ်အစားသရုပ်ဖော်ထားချက်တွေကို အသေးစိတ်တင်ပြထားတာကလည်း ချီးကျူးဖို့ကောင်းပါတယ်။ 

ရုပ်ရှင်ထဲမှာ အဓိကပါဝင်တဲ့ သီချင်းတွေကို ဝန်ဇင်းရုပ်ရှင်ချစ်သူတွေ ရှာဖွေနားဆင်နိုင်ဖို့အတွက် သီချင်းနာမည်တွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ 

1.	Remember Me 
Music and Lyrics by Kristen Anderson-Lopez and Robert Lopez 
2.	Everyone Knows Juanita 
Music by Germaine Franco
3.	Un Poco Loco 
Music by Germaine Franco 
4.	The World Es Mi Familia 
Music by Germaine Franco 
5.	Proud Corazón 
Music by Germaine Franco 
6.	Allá en el Rancho Grande 
Written by Silvano Ramos 
7.	La Llorona 
Traditional 
Performed by Alanna Ubach and Antonio Sol 
8.	Ciudad Victoria 
Written by Rubén Fuentes (as Rubén Fuentes-Gassón) 
9.	Dora's Dance 
Written by Germaine Franco 
10.	Jálale 
Written by Camilo Lara, Holger Beier, and Pat Beier 
11.	Hoy No Fío, Mañana Sí 
Written by Camilo Lara 
12.	Much Needed Advice 
Music by Michael Giacchino and Germaine Franco 

ကဲ …. ဂီတချစ်သူတွေရော၊ ထူးထူးဆန်းဆန်း ဇာတ်လမ်းနဲ့ မိသားစုကြားက ချစ်ခြင်းမေတ္တာအကြောင်းတွေကို ဆန်းသစ်လှပပြီး ကြည့်ရတာ နည်းနည်းမှ မရိုးသွားတဲ့ Animation ပုံဖော်မှုတွေနဲ့အတူ ရသစုံခံစားရမယ့် ဒီ “COCO” ရုပ်ရှင်လေးကို ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဝန်ဇင်းရုပ်ရှင်ချစ်သူတွေ ကြည့်ရှုကြဖို့ မမေ့နဲ့လို့ တိုက်တွန်းပါစေခင်ဗျ။ နောက်ဆုံးသတင်းတစ်ခုတင်ပြရရင်တော့ “COCO” ရုပ်ရှင်ဟာ ဒီနှစ်ဖေဖော်ဝါရီလအထိ စာရင်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် Box Office မှာ $700.9M  ကျော် ရရှိထားပြီပဲ ဖြစ်ပါတယ်။
...................
ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်။
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ……

Related Posts