A Quiet Place ( 2018 ) [ Movie Review ]


“တိတ်ဆိတ်ခြင်းရဲ့ အသံလောက် သွေးပျက်ခြောက်ခြားဖို့ကောင်းတဲ့ အသံမရှိ”

A Quiet Place ( 2018 ) 
[ Movie Review ] 

မင်္ဂလာပါ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးခင်ဗျာ …

ဒီတစ်ပတ်မှာ ဝန်ဇင်းရုပ်ရှင်ချစ်သူများအတွက် Wun Zinn Digest ရဲ့ ‘ရုပ်ရှင်အညွှန်း’ ကဏ္ဍမှ ညွှန်းဆိုသွားမယ့် ရုပ်ရှင်ကားကြီးတစ်ခုကတော့ ပြီးခဲ့တဲ့ လဝန်းကျင်ကမှ ရုံတင်ပြသသွားတဲ့ “A Quiet Place” ဆိုတဲ့ Drama / Science Fiction ဇာတ်ကားပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြာချိန်က ၁ နာရီ ၃၁ မိနစ်သာရှိပေမယ့် ရုပ်ရှင်ကြည့်ရသူအဖို့ကတော့ နာရီပေါင်းများစွာကြာတယ်လို့ ခံစားမိစေမယ့် ထူးခြားစွာတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပဲ ဖြစ်ပါတယ်ခင်ဗျ။ 

‘တိတ်ဆိတ်ခြင်းရဲ့အသံလောက် သွေးပျက်ခြောက်ခြားဖို့ကောင်းတဲ့အသံမရှိ’ ဆိုတဲ့စကားကို ဒီရုပ်ရှင်က အပြည့်အဝ ရုပ်လုံးဖော် တင်ဆက်သွားခဲ့ပါတယ်။ ပိတ်ကားထက်မှာ ရုပ်ရှင်စပြလိုက်ချိန်ကတည်းက ရုပ်ရှင်ကြည့်သူရဲ့ ရင်ထဲမှာ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားပါလိမ့်မယ်။ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ပြီး ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ရုပ်ရှင်က *အသံတိတ်* ရုပ်ရှင်ကြီးလားဟ ဆိုတော့ … မဟုတ်ဘူးလို့ ဖြေရမှာပါ။ 

ဇာတ်လမ်းအစမှာတင် နားလည်ရခက်တဲ့ ပဟေဠိတစ်ခုနဲ့ ရုပ်ရှင်ကြည့်သူက ရင်ဆိုင်လိုက်ရပါတယ်။ အဲ့ဒါကတော့ စကားပြောဆိုသံမရှိ၊ ဘာသံမှမကြားရဘဲ လူတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုပဲ စတင်မြင်လိုက်ရတဲ့ အခါမှာပေါ့၊ လူမရှိတဲ့ စတိုးဆိုင်တစ်ခုထဲမှာ လေးငါးခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အသံတိတ်လှုပ်ရှားမှု၊ စင်ပေါ်ကနေ ပစ္စည်းတစ်ခုကို ယူလိုက်တဲ့အခါ ပြုတ်ကျသွားပေမယ့် သူ့ရဲ့ အစ်မဖြစ်သူက ကမန်းကတန်းပဲ အလျင်အမြန်ဖမ်းယူလိုက်ပြီး ကောင်လေးကို အသံမထွက်ဖို့ လက်ဟန်ခြေဟန် ( sign language ) နဲ့ ပြောဆိုလိုက်တယ်၊ အခြားသူများကတော့ သူတို့ရဲ့ မိဘနှစ်ပါးပါပဲ၊ အားလုံးဟာ အချင်းချင်း အသံတိတ်စကားပြောဆို ဆက်သွယ်နေကြလျက်ပေါ့၊ အဲ့ဒီအချိန်ထိ ဘာကြောင့်မှန်း အဖြေရှာမရသေးပါဘူး။ 

ဒီလိုနဲ့ စတိုးဆိုင်ကနေ သူတို့အိမ်ကို ပြန်ရာလမ်းမှာတော့ ထင်မှတ်မထားတဲ့ ရင်ထိတ်ဖွယ်ဖြစ်ရပ်ကြီးတစ်ခုက ဗြုန်းခနဲဆို ပေါ်ပေါက်လာတယ်၊ အကြောင်းအရင်းကတော့ ဝမ်းနည်းစရာကောင်လေပါပဲ၊ သူဟာ စတိုးဆိုင်ကနေ အသံမျိုးစုံထွက်တဲ့ ကစားစရာလေယာဉ်ပျံအရုပ်ကို ယူလာတယ်လေ၊ သာမန်ဆိုရင် ကိစ္စမရှိပေမယ့် ပါလာတဲ့ဓာတ်ခဲကို လေယာဉ်ရုပ်ကလေးထဲ ထည့်ပြီး ပါဝါခလုတ်ဖွင့်လိုက်တဲ့အခါမှာတော့ … တဝီဝီအသံနဲ့အတူ ကောင်လေးရဲ့ လက်က လေယာဉ်ကို လေပေါ်မှာပျံဝဲနေသလို ပျော်ရွှင်စွာ မြူးထူးသွားတယ်၊ ဒါပေမယ့် ရှေ့ကသွားနေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာမှာတော့ ကြောက်ရွံ့စိုးထိတ်မှုနဲ့ အတူ ဦးနှောက်ထဲမှာ အန္တရာယ်အချက်ပေးခေါင်းလောင်းသံတွေ ဆူညံသွားပြီး သားဖြစ်သူဆီကို အမြန်ဆုံးပြေးသွားပေမယ့် မမီလိုက်တော့ပါဘူး၊ ကောင်လေးကို ဘာမှန်းမသိတဲ့ အကောင်ကြီးတစ်ကောင်က သူ့ရဲ့ သားကောင်အဖြစ် ဆွဲယူသွားတာကို ရိပ်ခနဲ မြင်လိုက်ရပါတော့တယ်။ ဒါဟာ ဒီဇာတ်လမ်းရဲ့ အဓိက ကိစ္စပါပဲ။ 

မိသားစုတစ်စု ၊ လူမရှိသူမရှိ မြို့လေးတစ်ခုမှာ သူတို့ မိသားစုတစ်ခုတည်း ၊ အခြေအနေက ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတဲ့ သတ္တဝါဆန်းတွေရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန် ၊ အန္တရာယ်ကောင်တွေဟာ အမြင်အာရုံမရှိပေမယ့် အကြားအာရုံကတော့ သိပ်ကို ထက်မြက်ထူးခြားပြီး အသံထွက်တဲ့နေရာကို ချက်ခြင်းရောက်လာတတ်ကာ သားကောင်ကို လှစ်ခနဲ သုတ်ချီသွားတတ်တဲ့ သတ္တဝါကြီးတွေ၊ ဒီလို အခြေအနေ အန္တရာယ်တွေကြားထဲမှာ မိသားစုတစ်စုရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ အသံမထွက်အောင် နေထိုင်ပြီး နေ့ရက်တွေကို ဖြတ်သန်းဖို့ ၊ ဒါဟာ … အကောင်ကားလားလို့ဆိုရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ မဟုတ်ဘူးလို့ ဆိုလည်းရပါတယ်။ 

အကြောင်းကတော့ာ ဒီဇာတ်လမ်းဟာ မိသားစုတစ်စုရဲ့ ဒရမ်မာဇာတ်လမ်းအချိုးကို မီးမောင်းထိုးထားပြီး တိတ်ဆိတ်ခြင်းအနုပညာကို ဖန်တီးဖော်ထုတ်ထားတဲ့ ထူးခြားသိပ္ပံဇာတ်ကားပဲဖြစ်ပါတယ်။ သိပ္ပံလို့ဆိုလိုက်ရတာက အဖေဖြစ်သူဟာ အဆိုပါ သတ္တဝါတွေရဲ့ နားစည်ကို ထိခိုက်စေမယ့် ကိရိယာလေးကို တီထွင်ဖို့ ကြိုးစားနေပြီး အဲ့ဒီကိရိယာလေးကလည်း ဒီဇာတ်လမ်းမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ 

ဒီလိုနဲ့ သူတို့မိသားစုဟာ တိတ်ဆိတ်ခြင်းထဲမှာ ဘယ်လိုရှင်သန်နေထိုင်သွားမလဲ၊ ဇာတ်လမ်းအစအဆုံး တိတ်ဆိတ်နေတာချည်း မဟုတ်ပါဘူး၊ စကားပြောခန်းအနည်းငယ် ပါ,ပါတယ်၊ ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုစကားပြောဆိုကြမလဲဆိုတာကလည်း ရုပ်ရှင်ချစ်သူတို့အတွက် စိတ်ဝင်စားဖို့ ကောင်းနေပါလိမ့်မယ်။ 

ကဲ … ဒါကြောင့် “တိတ်ဆိတ်ခြင်းရဲ့အသံ” ကို အနုပညာမြောက်စွာ ကြည့်ရှုခံစားနိုင်ဖို့ ဒီရုပ်ရှင်ကို ခုပဲ ကြည့်ရှုလိုက်ရအောင်လားခင်ဗျာ၊ တကယ်လို့ ကြည့်ဖြစ်တဲ့အခါကျရင် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပါစေနော်၊ ဒါမှမဟုတ် နားကြပ်တပ်ပြီး ကြည့်ရှုပါလို့ အသိပေးလိုက်ရပါတယ်ခင်ဗျ။ ဒီပို့စ်မှာပါတဲ့ Movie Trailer ကိုလည်း ကြည့်ရှုဖို့ မမေ့ပါနဲ့ဦး။ 
………….

“ရုပ်ရှင်ချစ်သူများအနေဖြင့် ခုမိတ်ဆက်လိုက်တဲ့ ရုပ်ရှင်ကို ကြည့်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts