Newton [Movie Review]


Newton (2017)
ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 
ဝန်ဇင်းပရိသတ်ကြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ 
သင်္ကြန်တွင်း နားရက်တွေမှာ ကြည့်ရှုခံစားဖို့အတွက် ကျွန်တော်တို့ရဲ့ ဒီတစ်ပတ်သောကြာ Movie Review ကဏ္ဍကနေ တင်ဆက်ပေးချင်တဲ့ ဘောလီးဝုဒ် ရုပ်ရှင်ကားကောင်းတစ်ကား ရှိပါတယ်။ အဲ့ဒီရုပ်ရှင်ကားကတော့ “NEWTON” ဆိုတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းပါပဲ။ 

“နယူတန်မပေါ်ခင်ကာလတုန်းက လူတွေက နိဗ္ဗာန်ကိုရောက်ဖို့အတွက် နည်းလမ်းမျိုးစုံကို အတွေးဝင်ခဲ့ကြတယ်။ ဝတ်ပြုကျောင်းတွေ၊ ဘုရားကျောင်းတွေဆီကပေါ့။ ဘုရင်ပဲဖြစ်ဖြစ်၊ ငါတို့လို သာမန်လူတွေပဲဖြစ်ဖြစ် မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေက အများကြီးရှိတယ်။ အဲဒီအချိန်မှာပဲ နယူတန်က စောစောကယုဆချက်တွေဟာ မှားယွင်းနေကြောင်း ထောက်ပြခဲ့တယ်။ သဘာဝတရားက လူတိုင်းကို ညီတူညီမျှ ဆက်ဆံတယ်။ တိုင်ကွန်းအမ်းဘာနီ သူဌေးကြီးပဲဖြစ်ဖြစ် လက်ဖက်ရည်ရောင်းတဲ့သူပဲဖြစ်ဖြစ် ချောက်ကမ်းပါးတစ်ခုကနေ ပြုတ်ကျပြီဆိုပါစို့ မြေပြင်ပေါ်ကိုတော့ တစ်ချိန်တည်းကျမှာပဲလေ၊ နယူတန်သက်သေပြခဲ့တာက သဘာဝတရားကြီးဘက်ကနေ ကြည့်မယ်ဆိုရင် ငါတို့အားလုံးဟာ အတူတူပဲ။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ်ပေါ့” ( ဇာတ်ဝင်ခန်းတစ်နေရာမှ .. ) 

ဒီရုပ်ရှင်ကားထဲမှာ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး နယူတန် ( Newton ) ကို အင်မတန်လေးစားကြည်ညိုပြီး မိမိနာမည်ကိုတောင် Newton အဖြစ် မှည့်ထားတဲ့ အိန္ဒိယလူမျိုး လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းထဲမှာ နယူတန်ကူးမား ( Nu Tan Kumer ) ဆိုတဲ့ လူငယ်လေးဟာ ရူပဗေဒပညာရှင်ကြီး နယူတန်ကို အားကျလွန်းလို့ သူ့ရဲ့မိဘတွေပေးထားတဲ့နာမည်ကို နယူတန်ကူးမား ( Newton Kumer ) ဆိုပြီး ပြောင်းလဲထားပါတယ်။ သူဟာ ရူပဗေအထူးပြုပြီး မာစတာဘွဲ့ရရှိထားသူတစ်ယောက်ပါ။ သူတို့ဆီက ရိုးရာအတိုင်း သမီးရှင်က သူ့ကို သားမက်အဖြစ်လက်ခံပေးဖို့ မိဘချင်းပြောဆိုပြီး သူတို့ချင်းရင်းနှီးအောင် သတို့သမီးလောင်းရှိရာအိမ်ကို အလည်သွားရောက်ချိန်မှာတော့ … ဇနီးလောင်းလေးဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့အပြင် ပညာအရည်အချင်းလည်း နိမ့်ကျနေတာ သိလိုက်ရတဲ့အခါ နယူတန်ဟာ အကြောက်အကန်ငြင်းပြီး မိဘတွေနဲ့ ကလန်ကဆန်လုပ်ခဲ့ပါတယ်။ အိမ်အပြန်မှာ ဖခင်ဖြစ်သူက သူ့သားလိုအစိုးရဝန်ထမ်းတစ်ယောက်ကို ကန်ထရိုက်တာယောက္ခမ ရစေလိုကြောင်းနဲ့ သူမနဲ့လက်ထပ်ဖြစ်ခဲ့ရင် ရူပီးတစ်သန်းနဲ့ မော်တော်ဆိုင်ကယ်တစ်စီး တင်တောင်းထားကြောင်း နားချတော့ နယူတန်က ကျွန်တော်ဒီတစ်သက်လက်မထပ်တော့ဘူးပြောပြီး ခုံအလွတ်တစ်နေရာဆီ ပြောင်းထိုင်လေရဲ့။ နယူတန်ကူးမားဆိုတာ အဲ့ဒီလိုလူငယ်တစ်ယောက်ပါပဲ။

လူငယ်ဆိုတာ ပညာတတ်ဖို့မလို၊ ပိုက်ဆံရှာနိုင်ရင်ရပြီ။ မိန်းကလေး၊ ယောက်ျားလေး ပညာကြီးတွေ တတ်ထားဖို့မလို၊ မိန်းမတွေ လင်ယူသားမွေး၊ ယောက်ျားတွေ ပိုက်ဆံရှာ ဆိုတဲ့ အိန္ဒိယကျေးလက် လူ့အဖွဲ့အစည်းရဲ့ အရိုးစွဲနေတဲ့ သဘောထားအမြင်ကြားမှာ ပညာကိုလိုလားတဲ့၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့နေထိုင်သူ နယူတန်ကူးမားဟာ သိုးမည်းတစ်ကောင် ဖြစ်လို့နေတယ်။ 

အတွေ့အကြုံသစ်တွေ ရှာဖွေလိုသူ နယူတန်အတွက် တစ်ရက်တော့ သူ့ဆန္ဒတွေပြည့်ဝဖို့ အခွင့်အရေးတစ်ရပ် ရောက်ရှိလာတယ်။ အဲ့ဒါကတော့ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်ဒေသ တစ်ခုဆီသွားပြီး ရွေးကောက်ပွဲအတွက် မဲရုံကြီးကြပ်သူတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ပါပဲ။ အကြောက်တရားနဲ့အတူ တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းရှောင်သွားတဲ့လူရဲ့နေရာမှာ အစားထိုးဝန်ထမ်းအဖြစ် တာဝန်ယူရမှာပါ။ 

အဲ့ဒီနောက်ဖြစ်လာမယ့်အကြောင်းတွေက ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အမြင့်ဆုံးနေရာတွေ ဖြစ်နေတာကြောင့် Review မှာ ထည့်မရေးတော့ပါဘူး။ အခုနောက်ပိုင်း အိန္ဒိယရုပ်ရှင်တွေမှာ အရင်ခေတ်က ဇာတ်လမ်းတွေလို လူတွေအုပ်စုဖွဲ့ပြီးကတဲ့အခန်းတွေ ရှားပါးလာပါတယ်။ ဇာတ်လမ်းက ဦးတည်ချင်တဲ့ လူမှုရေး၊ နိုင်ငံရေး၊ အတ္ထုပ္ပတ္တိနဲ့ အတွေးအခေါ်ပိုင်းကို စတာတွေကိုသာ အသားပေး ပုံဖော်ရိုက်ကူးလာတာ တွေ့ရပြီး မလိုအပ်တဲ့ အပိုမဆလာအခန်းတွေကို ဘောလီးဝုဒ်ရုပ်ရှင်တွေမှာ တွေ့ရခဲလာပြီး ရုပ်ရှင်ကပေးချင်တဲ့ အဓိကအကြောင်းအရာကို ပရိသတ်ရင်ထဲ တိုက်ရိုက်ရောက်ရှိစေပါတယ်။ 

အခုမိတ်ဆက်လိုက်တဲ့ Newton ရုပ်ရှင်ဇာတ်ကားဟာလည်း ထိုထိုသော ဇာတ်ကားတွေလိုမျိုး ပရိသတ်ရင်ထဲ တစ်စုံတရာ ကျန်ခဲ့စေမယ့် ဇာတ်ကားကောင်းတစ်ရပ်ပါပဲ။ ရွေးကောက်ပွဲနိုင်ငံရေးနောက်ခံနဲ့ မဲပေးရကောင်းမှန်းတောင်မသိတဲ့ ကျေးလက်လူမှုအဖွဲ့အစည်း၊ ဒီလို ပညာမတတ်သူတွေအပေါ် အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အသာစီးရယူလိုတဲ့ လူတစ်စုရဲ့ လှည့်ကွက်ရှုပ်ကွက်တွေ၊ သာမန်အတွေးအခေါ်တွေကြားထဲက ဖောက်ထွက်တွေးခေါ်လိုတဲ့ လူငယ်တစ်ယောက်နဲ့ သမားရိုးကျ လူ့အဖွဲ့အစည်းတို့ ထိပ်တိုက်တွေ့ဆုံကြတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြသလဲဆိုတာ …  

 “နိုင်ငံရေးသရော်ကား” အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ရုပ်ရှင်တွေက ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ Amit Masurkar ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်ရဲ့ အော်စကာရုပ်ရှင်ဆု လျာထားစာရင်းထိ ပါဝင်နိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Asia Pacific Screen Award Best Performance by an Actor ဆုနဲ့ Best Screenplay ဆုတွေရရှိခဲ့တဲ့အပြင် တခြားဆုတံဆိပ်တွေနဲ့ ဆုလျာထားစာရင်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး  National Film Award၊  Filmfare Awards ၃ - ဆုနဲ့  Asia Pacific Screen Award တို့ကို ရရှိထားတဲ့ အိန္ဒိယမင်းသား Rajkumar Yadav က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ထွက်ရှိပြီး တစ်ပတ်အတွင်းမှာတင် Box Office ရဲ့ ထိပ်ဆုံးမှာနေရယူနိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုခံရတဲ့ “NEWTON” ရုပ်ရှင်ဇာတ်ကားကို ဝန်ဇင်းပရိသတ်ကြီး ကြည့်ရှုခံစားကြပါဦးလို့ ပြောကြားရင်း ဒီတစ်ပတ်ရုပ်ရှင်အညွှန်းကို ဒီမှာတင် အဆုံးသတ်လိုက်ရပါတယ်။

ဝန်ဇင်းပရိသတ်ကြီး နှစ်သစ်မှာ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေလို့ ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းပတ္ထနာ ပြုလိုက်ရပါတယ်ခင်ဗျာ။ 

Related Posts