Mudras Calling [Movie Review]


မုဒြာရဲ့ ခေါ်သံ (Movie Review) 

Plot
Jaden ဟာ မြန်မာမိဘက မွေးပေမဲ့ နိုင်ငံခြားသား လင်မယားရဲ့ မွေးစားမှုကြောင့် တိုင်းတပါးမှာ ကြီးပြင်လာတဲ့သူတစ်ယောက်။ ဆိုတော့ မြန်မာအကြောင်းလည်း မသိ၊ မြန်မာစကားလည်း မတတ်။ ဒါနဲ့ပဲ မြန်မာ့ ဂီတအကြောင်း စာတမ်းပြုစုမယ်ဆိုပြီး ပြည်တော်ပြန်လာရင်း မိဘအရင်းတွေကိုလည်း တွေ့လိုတွေ့ညား လိုက်ရှာပါတော့တယ်။

Review (Spoiler alert)
အရင်ဆုံး တန်းပြောရဦးမယ်ဆိုရင် Mudra's Calling ဟာ ပုံမှန် မြန်မာပေါကားတွေနဲ့ လုံးဝမတူတဲ့ Next Level ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ 

အခုအောင်မြင်နေတဲ့ Deception မတိုင်ခင်က ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်လို့ အထဲက ဇာတ်ဝင်ခန်းတွေနဲ့ ကျွန်တော်တို့ မြို့ပြလူနေမှု ဘာညာတွေက လက်ရှိထက် တော်တော်လေး date out ကျန်ခဲ့ပါပြီ။ ဥပမာ ကားနံပါတ်တွေမှာ မြန်မာ အက္ခရာတွေသုံးတုန်း၊ Cherry ကား taxi တွေ၊ ဟိုင်းလတ် လိုင်းကားတွေရှိနေတုန်းပါပဲ။ အဲအတွက် ရုပ်ရှင်ဖန်တီးမှုကို ကြည့်မယ်ဆိုရင်လည်း Deception ထက် အားနည်းချက်တွေ ပိုမြင်ရမှာဖြစ်သလို ဒီလိုရုပ်ရှင်ကားမျိုးကို ခုပေါကားတွေလိုမျိုး ရိုက်ကူး တီးဖြတ်ပြီး အသင့်ဖြစ်တာနဲ့ ရုံပေါ်တန်းမရောက်ခဲ့တာကိုလည်း နှမြောမိပါတယ်။ ဘာလို့ဆို ဒီလို quality နဲ့ရုပ်ရှင်မျိုးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက တင်ဖြစ်ခဲ့မယ်ဆို ဒီနေ့ရုပ်ရှင်လောကလည်း ခုထက်ပိုကောင်းနေမှာလို့ တွေးမိလို့ပါ။ 

ကဲ ရုပ်ရှင်ဘက် ပြန်ကြည့်ရအောင်။ ဇာတ်လမ်းအရ Jaden ဟာ မြန်မာ့အထင်ကရ နေရာတွေဖြစ်တဲ့ ပုဂံ၊ မန္တလေး၊ အင်းလေး စတဲ့နေရာတွေကို သွားတယ်၊ မြန်မာ့အက ဂီတတွေကို လေ့လာတယ်။ အဲမှာ သဘောကျမိတာက ဒီလို မြန်မာ့အလှ ဘာညာကွိကွတွေကို အတင်းကြီး ထိုးကျွေးတာတွေ မရှိခဲ့ဘူး။ "ခုခေတ် ဂီတ ဆိုတာ ဘာမှမဟုတ်ဘူး၊ ဦးတို့ ရိုးရာ တူရိယာတွေက ဘယ်လို၊ တောသူတောင်သားတွေက ဘယ်လို၊ အနောက်တိုင်း ဆေးကြီးပဲ အားကိုးမနေနဲ့၊ ရိုးရာဆေးက အကောင်းဆုံး" ဆိုပြီး စကားကြီး စကားကျယ်တွေ အတင်းကြီး ပြမထားဘူး။ ပုဂံက လှတယ်၊ အင်းလေးက လှတယ်။ ဒီ လှတဲ့ shot တွေချည်း ပစ်ထည့်မထားဘူး။ ပြချင်တဲ့ ဇာတ်ဝင်ခန်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် အများကြီး ကြိုးစားထားတယ်။ Cinematography မှာလည်း တော်တော်ကို ခက်ခက်ခဲခဲရိုက်ထားတာမျိုး တွေ့ရတယ်။ ပြောခဲ့သလိုမျိုး over ဖြစ်တဲ့ဘက် မရောက်အောင် တော်တော်လုပ်ထားတာတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုထိန်းထားလို့လည်း တချို့နေရာတွေမှာ ဇာတ်ရှိန် သိပ်မတက်ဘဲ အရမ်းငြိမ်သွားတာမျိုးတွေလည်း ဖြစ်တာတွေ့ရတယ်။ ဥပမာ နောက်ဆုံးအခန်းဆို ဒီထက် နည်းနည်း emotion လေး ပိုထည့်ပေးနိုင်ရင်ကောင်းမယ်။ (spoiler alert: သားအဖ ၂ ယောက် ပြန်တွေ့တဲ့ အခန်း တော်တော်လေး မိုက်ပေမဲ့ သိပ်မကြာလိုက်ဘဲ မြို့ပြန်လမ်းခွဲသွားတာမျိုး) အဲလို ရိုးရာဓလေ့တွေကို အများစု အခြေခံထားတဲ့ ဇာတ်လမ်းကြောင့် ကျွန်တော်တို့လို ဒီ ဓလေ့ထုံးတမ်းတွေနဲ့ အရမ်းအသားကျပြီးသား၊ သိပြီးသားသူတွေအတွက်တော့ နည်းနည်းပျင်းသွားနိုင်တာတော့ရှိတယ်။ နိုင်ငံတကာက ပရိတ်သတ်တွေကတော့ တော်တော်သဘောကျမှာပါ။ ဒါကြောင့် ဆုတွေရတာလည်း မဆန်းပါဘူး။ 
ဒီကားမှာ သဘောအကျဆုံးတစ်ချက်က အသံပိုင်းပါ။ Sound mixing တော်တော်ကောင်းပါတယ်။ စကားပြောနေပေမဲ့ လမ်းထဲက ကားသံတွေ၊ ကြက်တွန်သံတွေ၊ တောက်တဲ့သံ မျိုးစုံ သူ့နေရာနဲ့သူ ကြားရတယ်။ (ဒါပေမဲ့ ရုံနဲ့ဆိုင်လားတော့မသိ။ အသံက volume နည်းနည်းကျယ်ပြီး ဆူတဲ့ဘက်တော့ တစ်ချက်တစ်ချက် ရောက်တယ်။) Music လည်း အူကြောင်ကြောင် တီးလုံးတွေ တစ်ခုမှမပါဘူး။
သရုပ်ဆောင်ပိုင်းမှာ Zenn Kyi က လုံးဝ လန်ထွက်ပါ။ Deception မှာလည်း မြင်ခဲ့ကြသလိုပဲ ပူဆွေး၊ စိတ်ရှုပ်ပြီး ဘူနေတဲ့ ဇာတ်ရုပ်နဲ့ လိုက်ပြီး အသားကျပြီးသားပါ။ အဲအပြင် တစ်ကားလုံးမှာ အင်္ဂလိပ်လိုပဲ ပြောတဲ့အခါ အင်္ဂလိပ်လို အမြဲပြောနေကျ Zenn Kyi က Deception မှာ မြန်မာစကားပြောပြီး သရုပ်ဆောင်တာထက် ပိုကောင်းတယ်လို့တောင်မြင်မိပါတယ်။ ဒါပေမဲ့ လှယဉ်ကျေးကတော့ အဲဒီ ဘိုလိုမှုတ်တာနဲ့ သိပ်အဆင်မပြေခဲ့ဘူး။ သရုပ်ဆောင် မကောင်းဘူးလို့မပြောပါဘူး။ သရုပ်ဆောင်ချက်က မပေါ်ခဲ့ဖူးလို့ ထင်တယ်။ ဒီ အမြဲ English လိုပဲပြောနေရတဲ့အတွက် သူ့အာရုံက ဒီ dialogue ပေါ်မှာပဲ အာရုံရောက်နေလို့နေလိမ့်မယ်။ ကျန်တဲ့ မျက်နှာအမူအရာပိုင်းမှာတော့ Sad and happy ၂ ခုလောက်ပဲ သေချာပေါ်ခဲ့တယ်။ ၂ ယောက်သားကြားမှာ ဒီထက် chemistry ပိုကောင်းရင် ပိုအဆင်ပြေလိမ့်မယ်။
ဇာတ်လမ်းကလည်း Deception ကလိုပဲ twist လေးတွေ နည်းနည်း ထည့်ပေးထားတယ်။ တော်တော်လေးလည်း မိုက်တယ်။ နောက်ဆုံး ရွာမှာဖြစ်တဲ့ ကိစ္စကို အဖြူအမဲနဲ့ ရိုက်ပြထားတာ တော်တော်သဘောကျမိတယ်။ (အဲအခန်း အကြိုက်ဆုံးပဲလို့ ပြောလည်းရတယ်)။ Deception မှာလည်း တွေ့ခဲ့ကြရမဲ့အတိုင်း ပြောချင်တာ ထောက်ပြချင်တာလေးတွေကို အတင်းကြီးလုပ်ပြမနေဘဲ မသိမသာလေးတွေ ထည့်ထည့်ပေးထားတာလည်း တော်တော်လေးကောင်းပါတယ်။ ရိုက်ချက်တွေကလည်း သဘာဝကျတယ်။
Mudra's Calling ဟာ လုံးဝ Best movie ကြီးတော့ မဟုတ်ပါဘူး။ ရိုက်ထားတာတွေကို တော်တော်ခက်ခဲ ပင်ပန်းမယ်ဆိုပေမဲ့ သူ့နောက်မှ ရိုက်တဲ့ Deception ကို ပိုသဘောကျပါတယ်။ ဒါဟာလည်း ရိုက်ထားတာ တော်တော်ကိုကြာနေပြီဖြစ်လို့လည်း ပါပါတယ်။ မင်းသားမင်းသမီးတွေဆို အထဲနဲ့ အပြင်နဲ့တောင် ရုပ်တွေမတူတော့ဘူးနေမှာ  :D ။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ထွက်ခဲ့သမျှကားတွေထဲမှာ အကောင်းဆုံးနဲ့ standard အရှိဆုံး ကားတွေထဲက တစ်ကားပါ။ တကယ်လို့ ပရိတ်သတ်ကြီးဟာ Deception ကိုသဘောကျခဲ့တယ်ဆိုရင် ဒီကားကိုလည်း ကျေနပ် အားရမှာ အသေအချာပါပဲ။

Wun Zinn App မရှိသေးတဲ့ စာဂျပိုးတို့ရေ… Wun Zinn နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ် အခမဲ့ Download ပြုလုပ်ပြီး ၊ နေ့စဉ် Wun Zinn Digest ရှိ စိတ်ဝင်စားဖွယ်အကြောင်းအရာများစွာကို "အခမဲ့" ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

Related Posts