The Post ( 2017 )[Movie Review]


“အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို အပြိုင်ဖော်ထုတ်ကြပုံအကြောင်း စိတ်လှုပ်ရှားဖွယ် ရုပ်ရှင်ဇာတ်ကား”

The Post ( 2017 )

ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကားကတော့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ‘The Post’ ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းပါပဲ။ 

ဒီကားမှာ အဓိက သရုပ်ဆောင်တဲ့သူတွေကတော့ မင်းသားကြီး Tom Hanks နဲ့ မင်းသမီးကြီး Meryl Steep နဲ့ Sarah Paulson တို့ပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ တကယ့်တကယ်ကို နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ အင်ဒီယာနာဂျုန်းဇာတ်လမ်းတွဲတွေ၊ Jurassic Park, Schindler’s List, Jaws နဲ့ ငယ်ငယ်ကတည်းက အသည်းစွဲ ဖြစ်ရတဲ့ အီးတီဇာတ်လမ်း E.T the Extra – Terrestrial၊ မိန်းကလေးတွေအသည်းစွဲ မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားတဲ့ Ready Player One စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူဖြစ်တဲ့ Steven Spielberg ပဲ ဖြစ်ပါတယ်။ 

သူကိုယ်တိုင် ဦးစီးဦးဆောင်ပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ဘယ်လိုတွေကောင်းမလဲဆိုတာတော့ သိပ်တောင်စဉ်းစားစရာ မလိုတော့ပါဘူး။ သူ့ရဲ့အရင့်အရင် ရိုက်ကူးကားတွေထက် ပိုပြီး ကောင်းမွန်တဲ့ ရိုက်ချက်တွေ၊ အသံစနစ်နဲ့ ဆက်တင်တွေ၊ ဇာတ်လမ်းတစ်ကွက်နဲ့ တစ်ကွက် အကူးအပြောင်းတွေ၊ နောက်ခံတီးလုံး တွေကအစ ပြောစရာမလိုအောင် ပြည့်စုံနေတယ်လို့ ဒီရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာ ဝန်ဇင်းရုပ်ရှင်ချစ်သူတွေ မှတ်ချက်ချမိပါလိမ့်မယ်။ 

ဇာတ်လမ်းကတော့ အစိုးရရဲ့ နှစ်ပေါင်းသုံးဆယ်တိုင် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးကို နာမည်ကြီး သတင်းစာတိုက်ကြီးနှစ်ခုက အပြိုင်ဖော်ထုတ်ပြီး ပြည်သူကို ပြန်ချပြတဲ့ အကြောင်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းသတင်းစာတိုက်ကြီးဖြစ်တဲ့ The Washington Post နဲ့ သူ့ရဲ့ပြိုင်ဘက် သတင်းစာတိုက်ကြီးဖြစ်တဲ့ The New York Times … ဒီသတင်းစာတိုက်တွေက အစိုးရက ပြည်သူအပေါ် လိမ်ညာခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြတဲ့ ဇာတ်လမ်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။ 

တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းဟာ အစိုးရနဲ့ ထိပ်တိုက်တွေ့ဆုံတွေတဲ့အခါမှာ ပေါ်ပေါက်လာတဲ့ အခက်အခဲတွေ၊ ရှေ့တိုးမလား နောက်ဆုတ်မလားဆိုတဲ့ သတင်းစာတိုက်ရဲ့ မူဝါဒ၊ ကိုယ့်ရဲ့ လျှို့ဝှက်ချက် အတွင်းရေးကို မပေါက်ကြားလိုတဲ့ အစိုးရက သူ့ရဲ့ ရန်သူအဖြစ်သတ်မှတ်လိုက်တဲ့ သတင်းစာတိုက်တွေကို ဖိအားပေးလာတဲ့အခါ … 

ဒီရုပ်ရှင်ဟာ ဇာတ်လမ်းတစ်ခုတည်းကိုပဲ အသားပေးထားတာမဟုတ်ပါဘူး။ 

The Washington Post ရဲ့ ပထမဆုံးအမျိုးသမီး ပုံနှိပ်ထုတ်ဝေသူ ကတ်သရင်းဂရေဟမ်နဲ့ အယ်ဒီတာဖြစ်သူ ဘန်းဘရတ်ဒ်လီ တို့အကြား သဘောထား၊ ခံယူချက် လွန်ဆွဲပွဲတွေ။ ပြည်သူဘက်လိုက်မလား၊ အစိုးရဘက်လိုက်မလားဆိုတဲ့အပေါ် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မယ့်အခါ ပေါ်ပေါက်လာတဲ့ အရှုပ်အထွေးတွေကို ကြည့်ရှုခံစားကြရမယ့် ဒီရုပ်ရှင်ဟာ 
ဖြစ်ရပ်မှန်နောက်ခံ အတ္ထုပ္ပတ္တိဇာတ်ကားလည်းဖြစ်သလို ဒရမ်မာအမျိုးအစားမှာလည်း ပါဝင်နေတဲ့ အတွက် ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေခင်ဗျ။ 

“ဒီပို့စ်လေးကို နှစ်သက်သဘာကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts