“သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” ( ၂ ) [ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်မျ


“သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” 
[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
အပိုင်း ( ၂ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျား … 

ဝန်ဇင်းစာချစ်သူများအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို ဖော်ပြတင်ဆက်ပေးနေတဲ့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍရဲ့ ဒီတစ်ပတ်အတွက် ကျရောက်လာတဲ့ အကြောင်းအရာကတော့ “ကိုယ်ရောင်ကိုယ်ဝါ” နဲ့ပတ်သက်လို့ပဲ ဖြစ်ပါတယ်။ “သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” အဖြစ် ဖော်ပြပေးနေတာဖြစ်ပြီး မနေ့ည ( ၉ ) နာရီမှာ အပိုင်း ( ၁ ) အဖြစ် မိတ်ဆက် တင်ပြခဲ့ပြီးဖြစ်လို့ ယနေ့ညမှာတော့ အပိုင်း ( ၂ ) ကို ဆက်လက်ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
 
သိပ္ပံကပြောတဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ?

ဒီနေ့ဒီအချိန်မှာ ရှိနေကြတဲ့ ခေတ်သစ်သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်များကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အစိုင်အခဲအဖြစ် တည်နေသော ရုပ်ဝတ္ထုပစ္စည်းများဟာ တကယ့်လက်တွေ့မှာတော့ အစစ်အမှန်တရားတွေ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ရုပ်ဝတ္ထုပုံဆောင်ခဲတွေဟာ သန့်စင်တဲ့စွမ်းအင်တစ်မျိုးနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပြီး အဲ့ဒီစွမ်းအင်က တုံ့ပြန်လိုက်တဲ့ တိကျသေချာတဲ့ သီးခြားဖြစ်တည်မှုလှိုင်းတွေက အရွယ်အစား၊ ပုံသဏ္ဌာန် မတူကွဲပြားတဲ့ အရာဝတ္ထုအမျိုးမျိုးကို ဖြစ်ပေါ်စေလာတာပဲ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်းအပြင် ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်၊ အက်တမ်နဲ့ မော်လီကျူးတွေဟာ အမှန်တကယ်တော့ တုန်ခါမှုစွမ်းအင် ကိုယ်စီရှိတဲ့ အမှုန်တွေဖြစ်တဲ့ နျူထရွန်၊ ပရိုတွန်နဲ့ အီလက်ထရွှန်အပြင် အခြား သူတို့ထက် ပိုမိုသေးငယ်တဲ့ အမှုန်တွေဖြင့် တည်ဆောက်ထားတာပဲ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလို အမှုန်လေးတွေဟာ သူတို့ရဲ့ နျူကလိယစ် ( nucleus ) အတွင်း တုန်ခါသွားတဲ့အခါမှာတော့ ကျွန်ုတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ သေးငယ်တဲ့ လျှပ်စစ်တွန်အားစုလေးတွေ များစွာဖြစ်ပေါ်လာပါတယ်။ ဒါဟာ ရူပဗေဒရဲ့ နာမည်ကြီးနိယာမတစ်ခုဖြစ်တဲ့ “ခန္ဓာကိုယ်တစ်ဝိုက်မှာ လျှပ်စစ်စက်ကွင်း ရှိနေပါက ၄င်းလျှပ်စစ်စက်ကွင်းဟာ သူ့အလိုအလျောက် ( မည်သည့်အခြား အထောက်အပံ့မှမလိုဘဲ ) ဆက်လက် တိုးတက်ဖြစ်ပေါ်လာသည်” ဆိုတာကိုလည်း လိုက်နာလျက်ရှိနေပါတယ်။ ဒီတော့ ခန္ဓာကိုယ်တွင်းမှာရှိပြီး အဆမတန်သေးငယ်လှတဲ့ လျှပ်စစ်တွန်းအားစုလေးတွေဟာ ကျွနု်တို့ခန္ဓာကိုယ်တစ်ဝိုက်မှာ ယခု ခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘ကိုယ်ရောင်ကိုယ်ဝါ’ ဆိုတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ်လာစေပါတယ်။ စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ အရာရာတိုင်းဟာ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန် … စတဲ့စတဲ့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းပြုလုပ်ထားတာမို့ “အရာရာတိုင်းမှာ ရောင်ရှိန်ရောင်ဝါဆိုတာရှိတယ်” လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အရာအရာတိုင်းကို ရေဆုံးရေဖျားလိုက်ပြီး ချဲ့ထွင်စူးစမ်းလေ့လာလိုက်တဲ့အချိန်၊ ခုလို အမှုန်အဆင့်ရောက်သွားပြီးနောက်မှာတော့ အရာဝတ္ထုတိုင်းမှာရှိတဲ့ သန့်စင်တဲ့စွမ်းအင်တုန်ခါမှုတွေကလွဲလို့ အခြားဘာမှ ဖြစ်တည်မှုမရှိတာကို တွေ့ရှိသွားပါတယ်။ ရူပဗေဒဆိုင်ရာ စကြာဝဠာအတွင်းမှာတော့ အရာရာတိုင်းဟာ စွမ်းအင်သဘောတရားတွေနဲ့ ဆက်နွယ်နေတာကလွဲလို့ အခြားဘာမှ ထွေထွေထူးထူး မဟုတ်ခဲ့ပါဘူး။ 

အိန္ဒိယရဲ့ ယောဂကျင့်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်ဗဟိုဌာနကြီးခုနှစ်ခုအဖြစ် “ချက္ကရစွမ်းအင်” ကိန်းဝပ်ရာ တည်နေရာများကို ထောက်ကူ အားပေးတဲ့ ကျင့်စဉ်များကို တွေ့ရမှာဖြစ်ပြီး အဆိုပါ ချက္ကရတွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ တိုက်ရိုက် ဆက်နွယ်နေတာကို သိရှိရမှာပါ။ နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ရှုထောင့်မှ ပြောရမယ်ဆိုရင် ‘ကိုယ်ရောင်ကိုယ်ဝါဆိုတာ ကျွန်ုပ်တို့ ဝိညာဉ်ရဲ့ မူလပကတိ သဘာဝတရားတစ်ခု” ပဲ ဖြစ်ပါတယ်၊ သူဟာ ကျွန်ုပ်တို့ရဲ့ အတွင်းအကျဆုံးဖြစ်တဲ့ နှလုံးသားခံစားချက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ကိုယ်ကျင့်တရားနဲ့ စိတ်ခံစားချက်တွေကို ရောင်ပြန်ဟပ်နိုင်တဲ့ စွမ်းအင်ကြေးမုံပြင်တစ်ချပ်ပါပဲ။ 

ကိုယ်ရောင်ကိုယ်ဝါဆိုတာ အခြားအရာများစွာနဲ့ ချိတ်ဆက်မှုရှိတဲ့ စွမ်းအင်အလွှာတွေပဲဖြစ်ပြီး ခန္ဓာကိုယ်ပတ်လည်မှာ ဒိုင်းကြီးတစ်ခုသဖွယ် အကာအရံအဖြစ် ရှိနေတာပါ။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ရုပ်ကြမ်းခန္ဓာ၊ စိတ်နုခန္ဓာနဲ့ ဝိညာဉ်ခန္ဓာ စတဲ့ အလွန်တရာသိမ်မွေ့နူးညံ့တဲ့ ခန္ဓာအလွှာတွေနဲ့ ချိတ်ဆက်နေတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်သိပ္ပံနည်းပညာက တီထွင်ဖန်တီးလိုက်တဲ့ ကိရိယာတွေနဲ့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတဲ့ နူးညံ့သိမ်မွေ့တဲ့ လှိုင်းတွေကို ဖမ်းယူပုံဖော်လာနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါကို အနီအောင်ရောင်ခြည်သုံး ကိရိယာများ၊ အနီးစပ်ဆုံးဆိုရင် Ultra Sound ရိုက်ခြင်းပါပဲ၊ ကိရိယာက လှိုင်းတစ်မျိုးကို ထုတ်လွှင့်လိုက်ပြီး တစ်ဖက်က သားအိမ်ကို ရိုက်ခတ်တဲ့အခါ ပြန်လည်ကန်ထွက်လာတဲ့ လှိုင်းကို ဖမ်းယူပြီး မိခင်ရဲ့ သန္ဓေသားကို ပုံဖော်ရိုက်ယူနိုင်တာပါပဲ၊ ဒါဟာ မမြင်ရတဲ့ လှိုင်းတွေကို အဆင့်မြင့်ကိရိယာနဲ့ ဖမ်းယူအသုံးချလိုက်တဲ့ နေ့စဉ် လူသားတွေနဲ့ ထိတွေ့နေတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မမြင်ရတဲ့ လှိုင်းတွေကို ဖမ်းယူပုံဖော်တဲ့နည်းဟာ လူသားရဲ့ ကိုယ်ရောင်ကိုယ်ဝါကို စူးစမ်းထောက်လှမ်းနိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ အခွင့်အရေးတစ်ရပ် ပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ ကီအားလီးယန်းကင်မရာပါပဲ၊ Semyon Kirlian ဆိုသူတီထွင်ထားတဲ့ လျှပ်စစ်ကိရိယာတစ်ချို့နဲ့ သက်ရှိအရာတွေမှာ ထွက်ပေါ်နေတဲ့ ကိုယ်ရောင်ကိုယ်ဝါ၊ ရောင်ရှိန်ရောင်ဝါကို အမှတ်မထင် တွေ့ရှိသွားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လေ့လာစမ်းသပ်ချက်တွေနဲ့ သရုပ်ဖော်ပြချက်တွေကို You Tube မှာ Kirlian Camera and Aura Experiment ဆိုပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။ 

ဒီလိုနဲ့ တစ်ချိန်က ဘာသာရေးသမိုင်းနဲ့ ပုံပြင်တွေမှာသာ နေထိုင်ခဲ့ရတဲ့ ရောင်ခြည်စက်ဝန်း၊ ကိုယ်ရောင်ကိုယ်ဝါ ဆိုတာ လူကြားသူကြားထဲ ရောက်ရှိပျံ့နှံ့လာပြီး ကျန်းမာရေး စောင့်ရှောက်ကုသမှုအတွက်ကတစ်မျိုး၊ ရောဂါအမျိုးအမည် ဆန်းစစ်ထုတ်ဖော်ခြင်းကတစ်ဖုံ၊ စိတ်စွမ်းအင်တိုးတက်မြင့်မားအောင် ကြံဆောင်ခြင်းကတစ်နည်းနဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ ၂၁ ရာစုမှာတော့ မင်းသားတစ်လက်အဖြစ် ပြဇာတ်အမျိုးမျိုးမှာ ကပြအသုံးတော်ခံနေပါတော့တယ်။ သိပ္ပံကပြောတဲ့ ကိုယ်ရောင်ကိုယ်ဝါကတော့ အဓိကအားဖြင့် လူတစ်ဦးရဲ့ ကျန်းမာရေးဘက်ကို စောင်းပေးပြောဆိုထားပြီး လောကီနှင့် ဘာသာရေးအသိုင်းအဝိုင်းကတော့ ကိုယ်ရောင်ကိုယ်ဝါကို ကံအနိမ့်အမြင့်အပေါ် မူတည်သတ်မှတ်လိုက်ပြီး ဂန္ဓာရီပညာရှင် အဖွဲ့အစည်းများကတော့ ကိုယ်ရောင်ကိုယ်ဝါကို ဘဝအဆက်ဆက်က ပါရမီဖြည့်ကျင့်လာသော ဝိညာဉ်ရဲ့အဆင့်အဖြစ် ယူထားပြီး အာရှလူ့အဖွဲ့အစည်းမှာ အများစုလက်ခံကြတဲ့ အနေအထားမှာတော့ ကိုယ်ရောင်ကိုယ်ဝါဟာ လူတစ်ဦးရဲ့ စိတ်ကောင်းမြတ်မှု၊ စိတ်ယုတ်ညံ့မှု၊ မေတ္တာရှိမှု၊ ဒေါသကြီးမှုနှင့် ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုတို့အပေါ်အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုကြပါတယ်။

ဘယ်လိုပဲဆိုဆို ကိုယ်ရောင်ကိုယ်ဝါဆိုတာ မိမိကိုယ်မိမိ နှိုင်းယှဉ်ချိန်ထိုးနိုင်တဲ့ ပြဒါးတိုင်တစ်ခုပဲဖြစ်ပြီး ကိုယ်ကာယ ကျန်းမာရေးကြောင့်ဖြစ်စေ၊ စိတ်ပိုင်းပြဿနာများကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်ကြောင့်ဖြစ်စေ … အမျိုးမျိုးကို မှတ်ကျောက်တင်နေတဲ့ လောကီနယ်လွန် စွမ်းအင်တစ်ရပ်ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ 
Ref. www.biofieldglobal.org 
………….
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts