အလွန်ဆန်းကြယ်သော ဝိညာဉ်ရှာဖွေခြင်းအကြောင်း ... [ လျှို့ဝှက်ဆန်းကြယ် ]


- ဝိညာဉ်ရှာဖွေခြင်း -

“စိတ်ကိုကြည့်သော တယ်လီစကုပ် ယခု ရှာဖွေတွေ့ရှိခဲ့ပြီ။ ၄င်းသည် အတိတ်၏ နက်ရှိုင်းမှုများကို ထိုးဖောက်ပြသလိမ့်မည်” ( ပါမောက္ခ ဂျေရုဒ်စ် ဘူချာနန် )

‘Psychometry’ ( ဆိုက်ကိုမေတြီ ) ဆိုသည်မှာ ‘ဝိညာဉ်တိုင်းတာခြင်း’ ပင် ဖြစ်၏။ ရှေးခေတ်က မြေအိုးမှစ၍ အလုံပိတ်ထားသော စာအိတ်အထိ ဤပစ္စည်းတွေကို ဘယ်သူ ကိုင်တွယ်ခဲ့သည်ကို စိတ်နယ်လွန်ပညာဖြင့် စမ်းသပ်နိုင်သည်။ 

ဥပမာ တရုတ်ပြည်ရောက် ရိုက်တာ သတင်းထောက်တစ်ဦးက ပြောဖူးသည်။ ( ၁၉၄၀ ) ခုနှစ် စောစောပိုင်းလောက်က ဖြစ်မည်။ သူသည် လန်ဒန်မှ စိတ်သုတေသီတစ်ဦးနှင့် တွေ့ဆုံဖူးသည်။ သတင်းစာဆရာက စိတ်သုတေသီကို ချိတ်ပိတ်ထားသော ပါဆယ်ထုပ် ပေးလိုက်သည်။ ထိုအထုပ်ထဲတွင် မည်သည့်ပစ္စည်း ရှိသည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်။ မင် မင်းဆက်ခေတ်က ခွက်အပိုင်းအစ နှစ်ခုဖြစ်သည်။ ခေတ်ကာလအားဖြင့် ( ၁၈ ) ရာစု အလယ်ပိုင်းလောက်က ပစ္စည်းဖြစ်မည်။ စိတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်သည် ထိုအထုပ်ကို သူ့နဖူးနှင့် တစ်မိနစ်၊ နှစ်မိနစ်လောက် ကပ်ကာ အာရုံခံကြည့်၏။ ထို့နောက် ချက်ချင်း ဟောကိန်းထုတ်သည်။ 

“ခင်ဗျားက သိပ်နောက်တတ် ပြောင်တတ်တဲ့လူပဲ။ ဉာဏ်ပညာလည်း သိပ်ထက်မြက်တယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ တခြားလူတွေနဲ့ သိပ် ပေါင်းလို့တော့မရဘူး။ ခင်ဗျားက ဂမ္ဘီရပညာကို စိတ်ဝင်စားတဲ့ သူပဲ။ စမ်းစရာရှားလွန်းလို့ ခွက်နှစ်ခုကို အထုပ်ထဲထည့်ပြီး ကျုပ်ကို လာစမ်းတယ်ဗျာ”

သတင်းထောက်လည်း မှန်လွန်း၍ ကြက်သေပင် သေသွားသည်။ 

( ၁၉၁၇ ) ခုနှစ်တွင် အိုင်ယာလန်ကမ်းခြေတစ်ခုသို့ အဝတ်သေတ္တာတစ်ခု မျောပါလာကာ ကမ်းပေါ်တင်သွားသည်။ ၄င်းကို ဝိညာဉ်သုတေသီတစ်ဦးက တွေ့သွားသည်။ သူသည် ကမ္ဘာကျော် ကဗျာဆရာကြီး ဒဗလျူဘီယိစ်၏ မိတ်ဆွေ ဖြစ်၏။ သေတ္တာမှာ အလုံပိတ် သော့ခတ်ထားသည်။ ဤသေတ္တာထဲတွင် အဝတ်အထည်တွေ ရှိသည်။ ဆားရည်ထိ၍ ဆွေးမြည့်နေပြီ။ ဤသေတ္တာပိုင်ရှင်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က  ‘လူစီတားနီးယား’ သင်္ဘောနစ်ရာတွင် ကွယ်လွန်သွားသူ ဖြစ်သည် ဆိုသည်မှအစ ထိုသေတ္တာပိုင်ရှင်၏ အကြောင်းကို အသေးစိတ် ပြောပြနိုင်ခဲ့၏။ 

စောစောက တင်ပြခဲ့သော ခွက်အပိုင်းအစ နှစ်ခုအကြောင်း ပြန်ဆက်စရာ ရှိပါသေးသည်။ နာမ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်သည် အာရုံခံကြည့်ပြီး ‘ဒါ တရုတ်ပစ္စည်းပဲ’ ဟုလည်း ဟောသည်။ ဒါ မှန်၏။ ပစ္စည်းက နှစ်ခုလို့ ပြောတာလည်း မှန်၏။ သို့သော် ထိုခွက်နှစ်လုံးသည် ရေနံဆီထည့်ပြီး ထွန်းသော မီးအိမ်များ ဖြစ်သည် ဆိုသော အချက်ကိုမူ သတင်းထောက်ကြီးက မယုံတော့။ ရေနံဆီမီးခွက်သည် ( ၁၉ ) ရာစု အလယ်ပိုင်း ဒုတိယခေတ်လောက်မှ ပေါ်သည် မဟုတ်လား။ မင် မင်းဆက် လွန်မြောက်ပြီး အနှစ်နှစ်ရာကျော်မှသာ ပေါ်ထွန်းသည်ကို သူ ကောင်းကောင်းသိသည်။ နာမ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်သည် ဤအချက်တော့ ပါစင်အောင်လွဲပြီဟု သူ ထင်လိုက်သည်။ နှုတ်ကတော့ ဖွင့်မပြောပါ။ 

နောက် နှစ်နှစ်ခန့် ကြာသောအခါ ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူထံ ထို တရုတ်ခွက် နှစ်ခွက်ကို သွားပြသည်။ သေသေချာချာ လေ့လာကြည့်တော့မှ မင် မင်းဆက်ခေတ်က ခွက်တွေ မဟုတ်ဘဲ အတုတွေ ဖြစ်ကြောင်း သိရသည်။ ( ၁၉၀၀ ) နှင့် ( ၁၉၂၀ ) ကြားတွင် ရှန်ဟဲ ( သို့ ) ကန်တုံမှ လုပ်သော ပစ္စည်းတွေ ဖြစ်၏။ ခုမှပဲ နာမ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ဟောတာ သွေးထွက်အောင် မှန်ကြောင်း သူ သိလိုက်သည်။ 

ဝိညာဉ်သုတေသီထဲတွင် အီလင်းလားရက် ( ၁၈၉၃ - ၁၉၇၀ ) သည်လည်း ( ၂၀ ) ရာစုတွင် ထင်ရှားသူ ဖြစ်သည်။ သူ့ ဟောကိန်းတွေ အတော်မှန်၏။ ပျောက်ဆုံးနေသော သူတစ်ဦး ဘယ်မှာရှိသည် ဆိုသည်ကို သူ ဝတ်ခဲ့သော ရှပ်အင်္ကျီ ကိုင်ကြည့်ရုံဖြင့် ပြောနိုင်သည်။ 

နယူးယောက်မှ စိတ်ပညာရှင် လောရင့်လီရှန်းသည်လည်း ( ၁၉၅၀ ) ခုနှစ်များတွင် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။ 

ဥပမာ ဘေဘီလုံခေတ်က ရွှံ့ပြားတစ်ချပ်ကို စက္ကူနှင့် အထပ်ထပ် ပတ်ပြီး သေတ္တာထဲတွင် ထည့်ထားသည်။ ၄င်းသေတ္တာကို တစ်ဖန် စာအိတ်ကြီးတစ်အိတ်ထဲကို ထည့်ပြီး ချိတ်ပိတ်လိုက်၏။ ဤစာအိတ်ကို မစ္စစ်ဂါးရက် ဆိုသူက မိုင်ပေါင်း ( ၁၅၀၀ ) ဝေးသော နေရာမှ ပို့လိုက်ခြင်း ဖြစ်၏။ 

လီရှန်းက အထုပ်ကို အာရုံခံကြည့်ကာ “ဒါ ရွှံ့ပြားတွေပဲ” ဟု တပ်အပ်ပြောသည်။ ထို့ပြင် “အခု ပို့လိုက်တဲ့သူက အမျိုးသမီးဖြစ်မယ်၊ ဒီကနေ မိုင်ပေါင်း ထောင်နဲ့ချီ ဝေးတဲ့ နေရာက ဖြစ်မယ်” ဟု အတိအကျ ပြောနိုင်ခဲ့၏။ ထိုမျှသာမက ဤရွှံ့ပြားကို နောက်ဆုံးကိုင်ခဲ့သူ အမျိုးသမီးအကြောင်းကိုပါ အသေးစိတ် ပြောနိုင်၍ အားလုံး အံ့သြကုန်၏။ မစ္စစ်ဂါးရက်၏ အတွင်းရေးမှူးမလေးက ရွှံ့ပြားကို နောက်ဆုံးကိုင်ကာ စာအိတ်ထဲ ထည့်သူ ဖြစ်သည်။ 

သက်ရှိရော သက်မဲ့တွေပါ ရောင်ရှိန်ရောင်ဝါဆိုသည်မှာ ရှိ၏။ စိတ်ထားကြည်လင် သန့်စင်သူ၏ မျက်နှာမှာ ဝင်းလက်နေပြီး စိတ်ထား ပုပ်ယုတ်သူ၏ မျက်နှာမှာ မှေးမှိန်နေတာမျိုးကို အပေါ်ယံကြောတွင် မြင်နိုင်သည်။ မည်သည့် ဘာသာတရားတွင် မဆို သူတော်စင်တို့၏ ပုံတော်ကို ပန်းချီဆွဲလျှင် ဦးခေါင်းနောက်ဘက်တွင် အလင်းစက်ဝိုင်းလေး ထည့်ထည့်ဆွဲသည်ကို တွေ့ရသည်။ 
ဘာသာတရား စကားအရ သုံးနှုန်းလျှင် ‘ရောင်ခြည်တော်’ ဟု ခေါ်ရမည်။
ပစ္စည်းတစ်ခုကို ကိုင်ကြည့်ကာ အထဲမှာ ဘာပစ္စည်းရှိသည်။ ဘယ်သူ ပိုင်တယ်။ ဘယ်ခေတ်က ပစ္စည်းရယ်လို့ အမှန်အတပ် ဟောနိုင်ခြင်းသည် ထိုပစ္စည်း၏ ရောင်ရှိန်ကို မြင်တတ်သူတို့၏ စွမ်းရည်ပင် ဖြစ်သည်။ ဤသို့သော စွမ်းအင်ကို အတော်သမာဓိကောင်းပြီး အချိန်အတော်ကြာ ကျင့်ကြံအားထုတ်မှ ရနိုင်ပါမည်။ 

။     ။ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာကို စာရေးဆရာဟိန်းလတ် ပြုစုရေးသားတဲ့ ‘စိတ်နှင့်ဂမ္ဘီရ’ ( အသိရခက်သော ဖြစ်ရပ်ဆန်းများကို လေ့လာခြင်း ) စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

စာဖတ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ပြီးလို့ စိတ်ဝင်စားတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်။ 

Related Posts