ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား အပိုင်း ( ၁ ) [လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ]


ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား 
အပိုင်း ( ၁ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့ညမှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ တင်ဆက်ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ ‘ထူးဆန်းစွာပျောက်ဆုံးနေသောကမ္ဘာ့ဆွဲအား’ ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာတော့ ပရလောကနှင့် ဆက်စပ်နေတယ်လို့ နာမည်ကြီးပြီး ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝင်ချက်စတာစံအိမ်ကြီးအကြောင်းကို တင်ပြခဲ့ပြီးပါပြီ။ ဒီနေ့ညမှာတော့ ကမ္ဘာပေါ်မှာရှိပြီး ကမ္ဘာမြေဆွဲအား အလုပ်မလုပ်၊ ပျောက်ဆုံးနေတယ် ( zero gravity ) လို့ဆိုကြတဲ့ နေရာ ( ၅ ) ခုအကြောင်းကို ဖော်ပြပေးသွားမှာပါ။ ကဲ … စ,လေ့လာလိုက်ရအောင်လားခင်ဗျ။ 

“ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား”

ကမ္ဘာ့ဆွဲအား ( Gravity ) ကို ရှာတွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်ကပေါ့ဗျာ။ လူ့သမိုင်းဒဏ္ဍာရီမှာပါတဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပန်းသီးရဲ့ ဇာတ်လမ်းက မပြီးခဲ့ဘူးဗျ။ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးပါဝင်တဲ့ နေအဖွဲ့အစည်းအပြင် အခြားဂြိုလ်တွေကို လေ့လာရာမှာ အဓိကဖြစ်တဲ့ gravity ကို ရှာတွေ့ခဲ့တဲ့အခါမှာလည်း သူပါလာပြန်တယ်လေ။ ဒါပေမဲ့ ပန်းသီးကတော့ အာဒံတို့ရဲ့ ပန်းသီးမဟုတ်တော့ဘူး၊ နယူတန်ရဲ့ ပန်းသီးဖြစ်သွားပြီ။ ဆာ အိုက်ဇက် နယူတန်က ပန်းသီးကြွေကျတာကနေ ကမ္ဘာမြေဆွဲအားနိယာမ ( The Law of Gravity or Law of Universal Gravitation ) ကို ရှာဖွေတွေ့ရှိခဲ့သူပေါ့။ သူ့ရဲ့ တွေ့ရှိချက်ကို ကမ္ဘာကျော် နှိုင်းရသီအိုရီ ( Theory of Relativity ) မှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့သူကတော့ အိုင်းစတိုင်း။ ဒါတွေကိုကျော်ပြီး … လက်ရှိအနေအထားကို ပြောရရင်တော့ ကမ္ဘာ့ဆွဲအားဆိုတာ ကမ္ဘာ့အလယ်ဗဟိုမှာ ရှိနေတဲ့အရာ၊ Gravitonium လို့ နာမည်ပေးထားတဲ့ အဲ့ဒီအရာကြီးက Materials ( ဒြပ်ပေါင်း / ဒြင်စင် ) အစုအဝေးကြီးဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ 

ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ရှိတဲ့အရာအားလုံးကို အဲ့ဒီကောင်ကြီးက ဆွဲယူထားတာပေါ့ဗျာ။ ရိုးရိုးရှင်းရှင်းပြောရရင် စာဖတ်သူအနေနဲ့ မတ်တပ်ကနေ ဘေးကို ဖြည်းဖြည်းချင်း စောင်းချကြည့်လိုက်ပါ၊ မကြာချက်ချင်းပဲ လဲကျသွားမယ်၊ ဒါဟာ ကမ္ဘာမြေဆွဲအား အလုပ်လုပ်နေတာပါပဲ။ တကယ်လို့များ ကျွန်ုပ်တို့ ကိုယ်ကို ကိုင်းမယ်၊ စောင်းမယ်၊ ယိုင်လိုက်မယ် … ဒါပေမဲ့ လဲကျမသွားဘူးဆိုရင်၊ ဒါဟာ ကမ္ဘာ့ဆွဲအား အလုပ်မလုပ်ဘူး၊ အိပ်ပျော်နေတယ်လို့ ဆိုရမပေါ့။ အဲ့ဒီလို ကမ္ဘာ့ဆွဲအားအလုပ်မလုပ်တဲ့နေရာတွေက ကမ္ဘာပေါ်မှာတင်ရှိနေတယ်ဗျ။ Gravity က Zero အခြေအနေကို ရောက်နေပြီး ဆွဲအားအလုပ်မလုပ်ဘူးလို့ ဆိုကြတယ်။ အဲ့ဒီနေရာတွေကတော့ … 

၁။ Mystery Spot, Santa Cruz California - ၁၉၃၉ ခုနှစ်မှာ မြေတိုင်းသမားအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပြီး ပြည်သူတွေကို ဒီလိုနေရာရှိကြောင်း ချပြခဲ့တာကတော့ ၁၉၄၀ ခုနှစ်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာတစ်ဝိုက်မှာ မတူညီတဲ့နေရာတိုင်းက မတူညီတဲ့ ကမ္ဘာ့ဆွဲအားတွေ ဖြစ်ပေါ်နေပြီး အားလုံးကတော့ ပုံမှန်အခြေအနေမှာ မရှိတာပါပဲ။ ဒီလိုဖြစ်ပေါ်နေတဲ့ နေရာတော့ စတုန်ရန်းပေ ၁၅၀ ပတ်လည်ရှိတဲ့ မြေနေရာလေးတစ်ခုဖြစ်ပြီး အဲ့ဒီနေရာတစ်ဝိုက်မှာ ဖြစ်ပေါ်နေတဲ့ သံလိုက်စက်ကွင်းက ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာပါပဲ။ ကမ္ဘာ့ဆွဲအားရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေပေါ့ဗျာ။ ရေက အောက်ကိုစီးရမယ့်အစား အပေါ်ကို ပြန်စီးဆင်းသွားတာတို့၊ သံလိုက်အိမ်မြှောင်ထုတ်ကြည့်လိုက်တဲ့အခါ ညွှန်တံက အမျိုးမျိုးပြောင်းလဲနေတာ၊ အရာဝတ္ထုတွေရဲ့ အလေးချိန်က ပေါ့တာတွေ လေးပြီး လေးတာတွေ ပေါ့နေတတ်တဲ့ ဖြစ်စဉ်တွေ၊ ကိုယ်တိုင် စမ်းသပ်လို့ရတာကတော့ လဲမကျသွားဘဲ ခပ်စောင်းစောင်းရပ်လို့ရတာ၊ ခုံပေါ်ကနေ ရှေ့ကို ယိုင်လိုက်ပေမယ့် လဲကျမသွားတာမျိုးတွေပေါ့ဗျာ။ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့၊ ဒီလို ကမ္ဘာ့ဆွဲအား ပုံမှန်မဟုတ်တဲ့နေရာလေးကို ‘Mystery Spot’ လို့ အမည်ပေးထားပြီး သွားရောက်လေ့လာသူတွေ အများအပြားရှိနေပါတယ်။ အဲ့ဒီနေရာမှာ ကြုံတွေ့ရတဲ့ ဖြစ်စဉ်တွေကို Utube မှာ Mystery Spot လို့ ရိုက်ပြီး ကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျ။
……….
ဒီ့ထက်ပိုပြီး ထူးဆန်းတဲ့ ကမ္ဘာ့ဆွဲအားအိပ်ပျော်နေတဲ့ နေရာ ( ၄ ) ကို မနက်ဖြန်ညမှာ တင်ဆက်မယ့်  “ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား” အပိုင်း ( ၂ ) မှာ ဆက်လက် ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ 
……….
“လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျ။ 

“ဝန်ဇင်းစာချစ်သူတို့လည်း ကမ္ဘာ့ဆွဲအားနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ရင်း ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts