“၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များ” [ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]


“၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များ” 	
အပိုင်း ( ၁ ) 

၁၃ ဂဏန်း - သူဟာ စွမ်းအားကြီးတယ်၊ နက်နဲတယ်၊ လျှို့ဝှက်တယ်၊ ဂမ္ဘီရဆန်တယ်၊ ခြောက်ခြားဖွယ်ကောင်းတယ်၊ တားရော့ရဲ့ ၁၃ ချပ်မြောက်က The Death ( မရဏကားချပ် ) ဖြစ်နေတာကြောင့် ၁၃ ဟာ နတ်ဆိုး၊ သေခြင်းတရားနဲ့ဆိုင်တယ်၊ အမှောင်လောကကို ကိုယ်စားပြုတယ် … စသည်စသည်ဖြင့် ကိန်းဂဏန်းနဲ့ ပတ်သက်ပြီး လေ့လာသူမဟုတ်တဲ့ သာမန်လူတောင် အဆိုပါ ( ၁၃ ) ကိန်းဂဏန်းနဲ့ ပတ်သက်ရင် အစွဲလေးတွေ ရှိတတ်ကြပါတယ်။ အများစုကတော့ ( ၁၃ ) ကို unlucky number အဖြစ် သတ်မှတ်ထားကြတဲ့ ကိစ္စပါပဲ။ 

အိမ်မှာ လှေကား ၁၃ ထစ်မထားဘူး။ ပြတင်းပေါက် ၁၃ ပေါက်မထားဘူး။ အိမ်နံပါတ် ၁၃ ဆိုရင် လက်ရှောင်တယ်၊ မဝယ်ကြဘူး။ နာမည်ကြီး ဟိုတယ်တချို့မှာတောင် အခန်းနံပါတ် ၁၃ ဆိုတာမရှိဘူး၊ ကျော်သွားတယ်၊ ရှိခဲ့ရင်လည်း အဲ့ဒီအခန်းကို လူမသုံးဘူး။ ၁၃ ဂဏန်းကျတဲ့ရက်တွေဆိုရင် ပိုဆိုးတယ်၊ အရေးကြီးတဲ့ကိစ္စ ဆောင်ရွက်ဖို့ရှိတယ်ဆိုရင် ရက်ရွှေ့လိုက်တယ်။ ၁၃ ရက်နေ့မှာ မင်္ဂလာမဆောင်ဘူး။ ၁၃ ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ကြတယ်ဆိုရင် သူတို့ချစ်သူသက်တမ်းတလျှောက်မှာ ဖြောင့်ဖြူးမှာမဟုတ်ဘူး … စတဲ့ ၁၃ ပေါင်း သောင်းခြောက်ထောင်သော အယူအဆ အစွဲအလမ်းတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စိမ့်ဝင်ပျံ့နှံ့နေတယ်။ 

စာချစ်သူတို့ကို အနီးဆုံး ဥပမာပြရရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ YBS ယာဉ်လိုင်းတွေမှာတောင် YBS No.13 ဆိုတာ မရှိဘူး၊ ယာဉ်လိုင်းသစ်တွေ စထွက်ကတည်းက ယာဉ်လိုင်းနံပါတ် ( ၁၃ ) ကို မထည့်ထားတာကို သတိထားမိကြမှာပါ။ ဒီတော့ ( ၁၃ ) ဟာ ဘာကြောင့်များ လူအများစု လက်ရှောင်တဲ့ကိန်းဂဏန်း၊ အာရုံစိုက်မိစရာ ကိန်းဂဏန်းတွဲတစ်ခု ဖြစ်နေရတာလဲ။ ကိန်းဂဏန်းပေါင်း မြောက်မြားစွာရှိတဲ့အထဲကမှ ( ၁၃ ) ဂဏန်းက ဘာကြောင့် နာမည်ကြီးနေရတာလဲ။

သင်္ချာသမားပဲဖြစ်ဖြစ်၊ ဂမ္ဘီရသမားပဲဖြစ်ဖြစ်၊ ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတဲ့သူပဲဖြစ်ဖြစ် … ၁၃ ဂဏန်းနဲ့ ပတ်သက်ပြီး လူတွေအာရုံစိုက်မိတဲ့အကြောင်းအရင်းက ဘာများလဲဆိုတာကို အပျင်းပြေပဲဖြစ်ဖြစ်၊ အတည်ပဲဖြစ်ဖြစ် စဉ်းစားတွေးတောကြည့်သင့်ပါတယ်။ 

၁။ ကောင်းကင်ဘုံကသိစိတ်နဲ့ ရေးဆွဲတယ်လို့ နာမည်ကြီးတဲ့ ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ဂန္ထဝင်လက်ရာ - “နောက်ဆုံးညစာစားပွဲ” ( The Last Supper ) လို့ အမည်ရတဲ့ ပန်းချီကားထဲမှာ ခရစ်ယာန်အယူအဆဖြစ်တဲ့ ဖန်ဆင်းရှင်၏သားတော် ဂျီးဆပ်စ် ဦးဆောင်တဲ့ လူပေါင်း ( ၁၃ ) ယောက်ပါဝင်တယ်။ [ ဒီအချက်ကနေ ဆင့်ပွားလာတာလားလို့ တွေးစရာအချက်ကတော့ ခုချိန်ထိ အနောက်တိုင်းမှာ ယုံကြည်နေဆဲ အယူအဆတစ်ခုဖြစ်တဲ့၊ ထမင်းဝိုင်းမှာ လူ ၁၃ ယောက် ထမင်းလက်ဆုံစားမိတယ်ဆိုရင် အဲ့ဒီထဲက တစ်ယောက်ကတော့ သေတဲ့အထိ၊ သို့မဟုတ် သေလောက်တဲ့ ဘေးဒုက္ခဆိုး အန္တရာယ်တစ်ခုခုကို ရင်ဆိုင်ရတော့မယ်ဆိုတာပါပဲ။ ) 

၂။ အနောက်တိုင်းဂမ္ဘီရပညာရှင်တွေကတော့ အဖွဲ့အစည်းဖွဲ့ရင် လူ ၁၃ ဦး အတိအကျနဲ့ ဖွဲ့စည်းတတ်ကြပြီး အစီအရင်ပြုလုပ်တိုင်းမှာ ၁၃ ဂဏန်းနဲ့ ပတ်သက်တာကို ထည့်သွင်းလေ့ရှိပါတယ်။ ဥပမာ - နာမည်ကြီးဖြစ်တဲ့ ၁၃ ရက်၊ သောကြာနေ့ ( 13th Friday ) မှာပြုလုပ်တာ၊ ဖယောင်းတိုင် ၁၃ တိုင်ထွန်းတာ စသဖြင့်ပေါ့။ 

၃။ ကိန်းဂဏန်းဗေဒင် ( Numerology ) မှာတော့ ၁၃ ဂဏန်းဟာ အဓိကအားဖြင့် ၁ နှင့် ၃ ပေါင်းခြင်းက ရလာတဲ့ ၄ ဂဏန်း၊ ၈ ဂဏန်းရဲ့မှာ ၄ ဂဏန်းနှစ်ခုပါဝင်ခြင်းအားဖြင့် ၄ နှင့် ၈ ဂဏန်းတို့ အဆက်အစပ် ရှိရာကစလို့ ၁၃၊ ၄၊ ၈ တို့ဟာ ထူးခြားတဲ့ ကိန်းဂဏန်းအုပ်စုအဖြစ် တည်ရှိနေတယ်။ ဒီဂဏန်းသုံးခုလုံးမှာ လျှို့ဝှက်နက်နဲတဲ့ စွမ်းအင်တွေရှိနေပြီး သူနဲ့ဆိုင်နဲ့ အရာတွေအပေါ် လွှမ်းမိုးမှုအားများတယ်၊ အနုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်သက်ရောက်လေ့ရှိတယ်လို့ ဆိုကြတယ်။ ဥပမာ - ( ၈ ) ဂဏန်းသမားတစ်ယောက်ရဲ့ ဘဝတလျှောက် အရေးကြီးတဲ့ဖြစ်ရပ်၊ အလှည့်အပြောင်းတိုင်းမှာ ( ၈ ) ဂဏန်းဟာ စိုးမိုးနေမှာဖြစ်သလို ပေါင်းခြင်း ( ၄ ) ရတဲ့ ( ၁၃ ) ဂဏန်းဟာလည်း ပါဝင်ပတ်သက်မှုနှုန်းများပြားတာကို တွေ့ရမှာဖြစ်တယ်။ 

၎။ ရှေးရိုးအယူအဆတစ်ခုမှာ ပြောပြထားတာကတော့ သင့်ဆီကို လိပ်မူပြီး ပို့လိုက်တဲ့ စာအရေအတွက်က ( ၁၃ ) စောင်ရှိနေပြီဆိုရင် သင့်ဆီမှာ ကျိန်စာတစ်ခုခု သက်ရောက်နေပါပြီတဲ့။ ခုခေတ်မှာ စာတိုက်မှတဆင့် စာပို့ခြင်းအလေ့အထက ခေတ်စားမှုမရှိတော့ဘူးဆိုတော့ ကိုယ့်ရဲ့ ဖုန်း sms box ကို ပြန်ကြည့်ရမှာပေါ့လေ၊ sms စောင်ရေ ၁၃ ခုက တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ရက်တည်းမှာ ရောက်ရှိနေပြီဆိုရင်တော့ ဟဲဟဲ .. အပျင်းပြေစဉ်းစားစရာလေးပါ။

၅။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကတော့ သမိုင်းမှာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ နာမည် စာလုံးအရေအတွက်က ( ၁၃ ) လုံးရှိနေတဲ့ ကိစ္စပါပဲ။ ကောင်းတဲ့ဘက်မှာဖြစ်စေ၊ ဆိုးတဲ့ဘက်မှာဖြစ်စေ နာမည်ကျော်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်စာလုံး အရေအတွက်က ( ၁၃ ) လုံး ဖြစ်နေတတ်ပါတယ်တဲ့။ ဖတ်ဖူးတဲ့ website မှာ ဖော်ပြထားတာတစ်ခုကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသတ်သမားတွေရဲ့ နာမည်တွေ … Charles Manson, Jack the Ripper, Jeffery Dahmer, Theodore Bundy, Albert De Salvo စသူတွေရဲ့ နာမည်စာလုံး အရေအတွက်တွေက ( ၁၃ ) လုံးဖြစ်နေတာပါ။ ( သူတို့အကြောင်းကို Google မှတဆင့် ဆက်လက်ရှာဖွေနိုင်ပါတယ်။ ) နောက်ထပ် လူသိနည်းတဲ့တစ်ချက်ကတော့ ဂျာမဏီမှာ နာဇီပါတီရဲ့ အာဏာရှင် ဟစ်တလာ - Adolf Hitler ရဲ့ နှစ်ခြင်းမင်္ဂလာမှာ ကင်ပွန်းတပ်ခဲ့တဲ့နာမည်က Adolfus Hitler ပါတဲ့၊ စာလုံးအရေအတွက်ကိုကြည့်လိုက်ပါ … ( ၁၃ ) ပါပဲ။ 

ထပ်မံပြီး အထင်ရှားဆုံး ဥပမာအဖြစ်ပြရမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် - Aung San Suu Kyi ဟာ စာလုံးအရေအတွက်အားဖြင့် ( ၁၃ ) လုံးရှိနေတဲ့၊ ထူးခြားထင်ရှားသူ ( ၁၃ ) ဂဏန်းသမားတစ်ယောက် ဖြစ်နေတာပါပဲ။

၆။ ၁၃ ဂဏန်းနဲ့ ပတ်သက်ပြီး ရယ်ဖို့လည်းကောင်း၊ သြချလောက်ရတဲ့ အယူသည်းဖြစ်ရပ်တစ်ခုကတော့ Friday the 13th ဖြစ်တဲ့ ၁၃ ရက်၊ သောကြာနေ့ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ဂယက်ရိုက်စရာ နေ့တစ်နေ့ပါတဲ့။ စစ်တမ်းတစ်ခုရဲ့ တင်ပြချက်ကတော့ ၁၃ ရက်၊ သောကြာနေ့တိုင်းမှာ ဘယ်သူမှ အရောင်းအဝယ် မပြုလုပ်ကြလို့ နှစ်စဉ်နှစ်တိုင်း ဘီလျံနဲ့ချီတဲ့ဝင်ငွေတွေ ဆုံးရှုံးရပါတယ်လို့ ဆိုပါတယ်။ 

၇။ ကမ္ဘာပေါ်မှာရှိတဲ့ ကားပြိုင်ပွဲတွေအနက် အကျော်ကြားဆုံးဖြစ်တဲ့ Formula 1 ကားပြိုင်ပွဲမှာရှိတဲ့ ကားနံပါတ်တွေမှာ ၁၃ နံပါတ်ပါတဲ့ ကားမရှိပါဘူးတဲ့။ ကံမကောင်းတဲ့နံပါတ်အဖြစ် ယူဆထားတဲ့အတွက် ဒီနံပါတ်ပါရင်တောင် ပြိုင်ခွင့်မပေးဘူး၊ အခြားနံပါတ်ပါတဲ့ကားနဲ့ ယှဉ်ပြိုင်စေတယ်လို့ သိရပါတယ်။ 

၈။ လူဦးရေ ၁၇ သန်းကနေ ၂၂ သန်းထိပမာဏရှိတဲ့ အမေရိကန်နိုင်ငံက ပြည်သူတွေဟာ ၁၃ ရက်၊ သောကြာနေ့ကို စိုးရိမ်ထိတ်လန့်တတ်ကြပြီး အဲ့ဒီနေ့မှာ ဘာကိုမှမလုပ်ဘဲ အိမ်တွင်းအောင်းနေတတ်တယ်လို့ ဆိုပါတယ်။ 

၉။ အမျိုးသမီးတွေရဲ့ ပုံမှန်ရာသီလာမှုဟာ ယေဘုယျအားဖြင့် တစ်နှစ်မှာ ( ၁၃ ) ကြိမ်ရှိပါတယ်။ ( ရာသီကာလ ၂၈ ရက်သတ်မှတ်မှုအပေါ် အခြေခံပါသည်။ ) ဒီအချက်ဟာ အမျိုးသမီးတွေအနေနဲ့ ( ၁၃ ) ဂဏန်းကို စိတ်ပျက် ကြောက်ရွံ့ကြတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ 

၁၀။ ၁၃ ဂဏန်းကို ကြောက်တဲ့ရောဂါကို Triskaidekaphobia လို့ခေါ်ပြီး ၁၃ရက်၊ သောကြာနေ့ကို အလွန်အမင်း ထိတ်လန့်တတ်သူတွေကိုတော့ Paraskevidekatriaphobia ရနေသူတွေလို့ ခေါ်ပါသတဲ့။

၁၁။ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဟာ ဧပြီလ ၁၃ ရက်နေ့ဖြစ်ပြီး အတိတ်နိမိတ်ဆိုးတွေကို ဆေးကြောတဲ့အနေနဲ့ အဲ့ဒီနေ့မှာ အချင်းချင်း ရေပက်ဖြန်းလေ့ရှိပါတယ်။ 

၁၂။ ၁၃ ဂဏန်းကို unlucky number အဖြစ် သတ်မှတ်တဲ့အထဲမှာ အထင်ရှားဆုံးအချက်တစ်ခုကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ( Microsoft ) ကုမ္ပဏီပါပဲ။ Version 12 ကနေ နောက်အသစ်ထွက်လာတော့ Version 14 ဖြစ်သွားပြီး Version 13 ကို ထုတ်လုပ်ခြင်း မရှိခဲ့ပါဘူး။

၁၃။ အများစုကြောက်ကြတဲ့ Friday 13th ဆိုတာကြီးက တစ်နှစ်မှာ သုံးကြိမ်ထိသာ အများဆုံးဖြစ်လေ့ရှိပြီး နှစ်အတော်များများမှာတော့ တစ်ကြိမ်၊ နှစ်ကြိမ် စသဖြင့်သာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အနီးဆုံးဖြစ်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်ပါပဲ၊ ၁၃ ရက် သောကြာနေ့ဟာ သုံးကြိမ်ထိ ရှိခဲ့ပါတယ်။ ( စကားစပ်လို့ဆိုရင်တော့ ၂၀၁၅ ဟာ ၈ ဂဏန်းကျတဲ့နှစ်ဖြစ်ပြီး ၁၃၊ ၄ နဲ့ ၈ ဂဏန်းတို့ဟာ ဆက်စပ်မှုရှိနေပါတယ် ) ၁၃ ရက်၊ သောကြာနေ့ အများဆုံးဖြစ်ပေါ်မယ့် နှစ်ကတော့ လာမယ့် ၂၀၂၆ ခုနှစ်ပါပဲ။

………….

ကဲ၊ ၁၃ ဂဏန်းကတော့ အကြောင်းအရာတော်တော်များများမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ အခုအချက်အလက်တွေအရ မြင်သာထင်သာရှိလောက်မယ်ထင်ပါတယ်။ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။ ဒီ့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေနဲ့ ၁၃ ဂဏန်းကို လူတွေကြောက်ရတဲ့အကြောင်းအရင်းကို မနက်ဖြန်မှာ ဆက်လက်ဖော်ပြသွားမှာမို့ စောင့်မျှော်ဖတ်ရှု အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

မနက်ဖြန်မှာ ဖော်ပြမယ့်အကြောင်းအရာတွေထဲက ၁၃ ဂဏန်းနဲ့ ပတ်သက်တဲ့ စာမြည်းတစ်ခုကို ခုလိုဖော်ပြလိုက်ပါတယ်။ ၁၃ ဂဏန်း ထပ်တလဲလဲကျရောက်ခြင်းနဲ့ ပတ်သက်ပြီးတော့ အသိပေးစာတစ်ခုကို ကြည့်လိုက်ရအောင်။ [ ဒီစာကို ‘လေ့လာသူတစ်ဦး’ အမည်နဲ့ ရေးသားပြုစုထားတဲ့ ‘ကိုရို၏ ကိန်းဂဏန်းများက ဖော်ပြသော အဓိပ္ပါယ်များ’ ဆိုတဲ့စာအုပ်မှာ စာချစ်သူများ လေ့လာဖတ်ရှုနိုင်ဖို့ ပြန်လည်ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ]

ဆရာခင်ဗျား …

ကျွန်တော်က ၁၃ ဂဏန်းသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မွေးနေ့က 13th, 1840 ဇန်နဝါရီလမှာပါ။ ကျွန်တော့်ရဲ့ မွေးနှစ်ကို ပေါင်းလိုက်တာ ၁၃ ဂဏန်းရနေပါတယ်။ ကျွန်တော့်ရဲ့ ဝင်ငွေစရတဲ့နေ့ဟာလည်း ၁၃ ရက်နေ့ပါ။ ကျွန်တော် အသက် ၂၆ နှစ် ( ၁၃ နှစ်၊ နှစ်ဆကာလ ) နဲ့ ဇန်နဝါရီ ၂၆ ရက် ( ၁၃ ရက်နှစ်ဆ ) မှာ နိုင်ငံရေးခရီးကို စတင်ခဲ့ပါတယ်။ 

ကျွန်တော်ဟာ မြို့ရဲ့ MP တစ်ယောက်အဖြစ် အရွေးမခံရခင်မှာ ဆန်းဒါးလင်းမြို့ကောင်စီမှာ ၁၃ နှစ်လောက် အမှုထမ်းခဲ့ပါတယ်။ ကျွန်တော်ဟာ ပထမအိမ်ထောင်နဲ့ ၁၃ နှစ်ကြာ ပေါင်းသင်းခဲ့တယ်။ အဲ့ဒီ ပထမအိမ်ထောင်ဘက်ဇနီးက ၂၆ ရက် ( ၁၃ နှစ်ဆ ) မှာ ကွယ်လွန်သွားခဲ့တယ်။ 

ကျွန်တော်ဟာ ဒါဟမ်းကောင်တီ ကောင်စီရဲ့ဥက္ကဋ္ဌ ၁၀ ဦးထဲမှာ ပါဝင်ပြီး ဆန်းဒါးလင်းရဲ့ မြို့တော်ဝန်အဖြစ် သုံးနှစ်ကြာ အမှုထမ်းခဲ့ပါတယ်။ ကျွန်တော် အသက် ၅၈ နှစ် ( ပေါင်းခြင်း ၁၃ ရတဲ့အသက် ) ၁၈၉၈ ( ၁၃ ဂဏန်းနှစ်ဆရတဲ့ ၂၆ ဂဏန်းဖြစ်တဲ့ ခုနှစ် ) မှာ ဒုတိယအိမ်ထောင် ထူခဲ့ပါတယ်။ ဒုတိယမြောက်အိမ်ထောင်ဘက် အမျိုးသမီးက ၁၃ ရက်နေ့မှာ မွေးပြီး ကာလအတော်ကြာနောက်ပိုင်း ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ကျွန်တော်ဟာ နောက်ပိုင်းမှာ လစ်ဘရယ်ပါတီအတွက် ၃၉ နှစ်ကြာ ( ၁၃ - ၃ ဆကြာနှစ် ) လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ် ( ၁၃ ဂဏန်းရတဲ့နှစ် ) မှာ Tariff Reform ရွေးကောက်ပွဲအတွက် ကျွန်တော်ဝင်ပြီး အရွေးခံခဲ့ပါတယ်။ ကျွန်တော် ထောက်ခံမဲအရေအတွက် ၁၂,၃၃၄ ( ၁၃ ဂဏန်းရသော မဲအရေအတွက် ) နဲ့ အနိုင်ရခဲ့ပါတယ်။ 
ကျွန်တော့်ဘဝတစ်သက်တာခရီးကို ပြန်လည်ဆန်းစစ်ရင် ၁၃ ဂဏန်းတွေ ထပ်တလဲလဲကျရောက်နေတာကို သိသိသာသာ တွေ့ရပါတယ်။ ထပ်တလဲလဲကျရောက်တဲ့ ၁၃ ဂဏန်းတွေမှာ အစပိုင်းက ၁၃၊ နောက်တော့ ၁၃ ဂဏန်းနှစ်ဆ၊ ၁၃ ဂဏန်းသုံးဆ ဖြစ်နေတာ၊ နှစ်တွေကိုပေါင်းလို့ ၁၃ ရတာတွေဟာ ခဏခဏဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ၁၃ ဂဏန်းဟာ အဆိုးတွေချည်းပဲသက်သက် မဟုတ်သလို အကောင်းတွေဖြစ်ခဲ့တာကလည်း အထင်အရှား အောင်မြင်မှုတွေပါပဲ။ ဒီတော့ ၁၃ ဂဏန်းရဲ့ ကောင်းကျိုးတွေကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် ၁၃ ဂဏန်းရဲ့ ဆိုးကျိုးတွေအပေါ်လည်း ခံနိုင်ရည်ရှိရှိ ရင်ဆိုင်သင့်တယ်လို့ ခံယူထားပါတယ်ဆရာ။ 

သင့်ရဲ့
ဆင်မြူရယ်စတိုရီ … ။
………….
“Wun Zinn Digest ရဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ဆိုတဲ့ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ ည ၉ နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်၊ ဝန်ဇင်းစာချစ်သူတို့လည်း ၁၃ ဂဏန်းအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Ref; http://mentalfloss.com / mysticalnumbers.com / mysticurious.com / http://entertainment.ie

[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များကဏ္ဍမှ တင်ဆက်ခဲ့သည့်အကြောင်းအရာများကို ဤပို့စ်၏ အောက်ဆုံးတွင် ဖော်ပြထားသော Related Posts များမှ လည်းကောင်း၊ အဝါရောင် စာညွှန်းများမှတဆင့်လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ]

Related Posts