စိတ်ဝင်စားဖို့ကောင်းသော လိပ်ပြာလွှင့်ခြင်း ဖြစ်စဉ်များ ... [ လျှို့ဝှက်ဆန်းကြယ် ]


လိပ်ပြာလွှင့်ကျင့်စဉ်

သေခြင်း၏ အဓိပ္ပာယ်ကို အရှင်းလင်းဆုံး ဖွင့်ဆိုရလျှင် ရုပ်နှင့်နာမ်ခွာခြင်းဟုပင် ဆိုရမည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားခြင်းပင် ဖြစ်၏။ လူတစ်ယောက်အနေနနှင့် ခန္ဓာကိုယ်မှ ဝိညာဉ်ခွာသော အတွေ့အကြုံကို အသက်ရှင်စဉ် ကာလအတွင်း ကျင့်ကြံရန်မှာ မလွယ်ကူပါ။ ဂမ္ဘီရပညာရှင်တို့က ထိုသို့ ကျင့်ကြံသူများကို အူးဘီ ဟုခေါ်သည်။ အူးဘီ ဆိုသည်မှာ တကယ်မသေဘဲ ရုပ်ခန္ဓာမှ နာမ်ကို ခေတ္တ ခွာပြခြင်းကို ခေါ်သည်။ ထိုသို့ နာမ်ကို ခေတ္တခွာပြီးချိန်တွင် ထိုအဖြစ်အပျက်များကိုလည်း သိစိတ်က မှတ်မိနေပြီး အတွေ့အကြုံတွေကို ပြန်ပြော၍ ရမည်ဆို၏။ 

သာမန်အားဖြင့်ဆိုလျှင် အူးဘီများသည် သေလုမြောပါးအချိန်မျိုး ( သို့ ) ဒဏ်ရာအနာတရ အကြီးအကျယ် ရနေချိန်မျိုးတွင် ဖြစ်တတ်သည်။ လိပ်ပြာလွင့်မျောနေချိန်ဟု ဆိုနိုင်သည်။ ကမ္ဘာကျော် အမေရိကန် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးနှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ယုတ္တဗေဒပါမောက္ခ အေဂျေအေယာတို့သည် ထိုသို့ အဖြစ်အပျက်မျိုးတွေကို သေလုမြောပါး အခြေအနေမျိုးတွင် ခံစားရဖူးသည်။

ဟဲမင်းဝေးသည် အီတလီနှင့် သြစတြီးယား ရှေ့တန်းစစ်မျက်နှာတွင် ပထမကမ္ဘာစစ်ကာလတုန်းက ဗုံးဆန်ထိမှန်ကာ အကြီးအကျယ် ဒဏ်ရာ ရဖူးသည်။ ထိုအချိန်တွင် သူသည် ‘ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ’ တို့၊ ‘ပင်လယ်ပြာနှင့် အဘိုးအို’ လို ဝတ္ထုမျိုးကြီးတွေကို မရေးမီကာလ ဖြစ်၏။ သူ၏ လိပ်ပြာ လွင့်မြောသွားပုံကို သူက ဤသို့ မှတ်တမ်းတင်ပြဖူးသည်။ 

“ကျွန်တော့်ရဲ့ ဝိညာဉ်က ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်သွားတာ ကျွန်တော် မြင်ရတယ်။ အိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကို ဆွဲထုတ်လိုက်သလိုပဲ အသာလေးကို ထွက်သွားတယ်။ အဲဒီ ဝိညာဉ်လေးက လှည့်ပတ်ဝေ့ဝဲနေပြီး နောက်ဆုံးကျမှ ကျွန်တော့်ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာတာ ကျွန်တော်ကိုယ်တိုင် မြင်နေရတယ်။ အဲဒီနောက်တော့ ကျွန်တော် သတိရလာတယ်။ ကျွန်တော်လည်း မသေတော့ဘူးလေ” 

ပါမောက္ခအေယာ၏ အတွေ့အကြုံကျတော့ တစ်မျိုး၊ သူက နှလုံးရောဂါ ပြင်းထန်စွာ ခံစားရသည်။ နှလုံးခုန်မှု ရပ်တန့်လောက်သည်အထိ ရောဂါက သည်းလာ၏။ သူ့မျက်စိထဲတွင် အနီရောင်အလင်းတန်းကြီးကို မြင်ရ၏။ ထိုအလင်းတန်းသည် သူ့ခန္ဓာကိုယ်မှ အဝေးကို ထွက်ခွာသွားနေသည်။ ထို့နောက်တော့မှ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည်။ သူလည်း သတိ ပြန်လည်လာတော့၏။ 

ကျော်ကြားထင်ရှားသော ခွဲစိတ်ပါရဂူကြီးလည်းဖြစ်၊ သံတမန်ကြီးတစ်ဦးလည်း ဖြစ်သူ လော့ဒ်ဂက်ဒီးစ်သည် အူးဘီ အတွေ့အကြုံ ခံစားရဖူးသည်။ သူသည် မတော်တဆ အဆိပ်သင့်မိသည်။ သူ့ဝိညာဉ်မှာ သူ့ဆီမှ လွတ်ထွက်သွား၏။ သူ့ကို ကုသနေသော ဆရာဝန်၏ စိတ်ကူးကို သူ သွားမြင်၏။ “သြော် … ဒီလူ သနားစရာ၊ မကြာခင်သေတော့မယ်” ဟု ဆရာဝန်၏ စိတ်ထဲမှ စကားကို သူက မြင်နေရ၏။ ဆရာဝန်က သူ့ကို မေးခွန်းတွေ မေး၏။ သူ့နားက ကြားနေရသော်လည်း သူ့နှုတ်က ဘာမှ ပြန်မဖြေနိုင်။ “အဲဒီအချိန်မှာ ကျွန်တော့်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားနေပြီလေ” ဟု သူက ပြန်ပြော၏။ လိပ်ပြာက သွားချင်ရာသွား လွင့်မြောနေပြီးမှ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည်။ သို့ဖြင့် သူ သတိပြန်လည်လာ၏။

လော့ဒ်ဂက်ဒီးစ်သည် ဗြိတိသျှကတ်ဘိနက် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်သာမက ဝါရှင်တန်သို့ စေလွှတ်ခြင်းခံရသော ဗြိတိသျှအမတ်ကြီးလည်း ဖြစ်လာသူ ဖြစ်၏။ ထို့ကြောင့် သူ၏ ဝိညာဉ်နှင့် ပတ်သက်သော ပြောစကားကို လူ အတော်များများက ယုံကြည် လက်ခံကြ၏။ 

၁၉၅၀ ခုနှစ်များက တက္ကဆက်ပြည်နယ်မှ အမေရိကန် သူနာပြုဆရာမ မစ္စဂူဆီဒိုဝယ်လ်က အင်္ဂလိပ်ရူပသိပ္ပံပညာရှင် ဒေါက်တာရောဘတ်စရွတ်ဘော်လ်ထံ လိပ်ပြာခွာသောဖြစ်စဉ် ( အူးဘီ ) အတွေ့အကြုံကို စာရေး အကြောင်းကြားခဲ့သည်။ ထိုဖြစ်စဉ်မှာ သူမ ( ၁၁ ) နှစ် သမီးအရွယ်က အတွေ့အကြုံ ဖြစ်၏။ သူ့ကို အဆိပ်ပြင်းထန်သော ပိုးတစ်ခု ကိုက်၍ ပထမ သတိလစ်သွား၏။ သတိလစ်ရာမှ ကြာလာတော့ မြောသွားကာ “ကိုမာ” ဝင်တော့၏။ 

“ကျွန်မမှာ ဘာခံစားမှုမှ မရှိတော့ဘူး။ ဝေဒနာခံရတာတော့ အဆုံးစွန်အထိပဲ၊ နောက်တော့ လိပ်ပြာထွက်သွားပြီး ကျွန်မ ခန္ဓာကိုယ်ကြီးကို ကျွန်မ ပြန်ကြည့်လို့ မြင်နေရတယ်။ ကျွန်မလည်း ခန္ဓာကိုယ်ကြီးကို ထားရစ်ခဲ့ပြီး တစ်နေရာကို လွင့်မြောထွက်ခဲ့တယ်။ မြင်ကွင်းကတော့ မကြည်လင်ဘူး။ မြူတွေဆိုင်း ဝေသီမှုန်မှိုင်းနေတယ်။ မြေပြင်ကတော့ ကျွန်မအောက်မှာ အဝေးကြီး ကျန်ခဲ့တယ်။ ကျွန်မ ရောက်သွားတဲ့ နေရာမှာ လူတွေက ဝင်ပေါက်တစ်ခုထဲကို ဝင်ဖို့ တန်းစီနေကြတာ တွေ့ရတယ်။ ကျွန်မလည်း ဝင်ပြီး တန်းစီလိုက်တယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်မကို ပြောသံကြားလိုက်တယ်။ မင်း ဒီကိုလာဖို့ အချိန်မတန်သေးဘူးတဲ့၊ မင်းနေရာကို မင်းပြန်ပြီး အသက်ရှင်ဦးတဲ့၊ ဒါနဲ့ ကျွန်မလည်း ကိုယ့်ရုပ်ခန္ဓာထဲ ကိုယ်ပြန်ဝင်ခဲ့တယ်။ အဲဒီမှာတင် သတိပြန်လည်လာပြီး ကျွန်မ ပြန်ရှင်လာတာပါ” 

ပင်လယ်ပြင်သို့ လွတ်မြောက်ခြင်းစာအုပ်ကို ရေးခဲ့သူ၊ ရွက်လှေသမား ဖရက်ရီဘယ်လ်ကလည်း သူ၏ လိပ်ပြာလွှင့်ခရီးနှစ်ခုကို ပြောပြဖူးသည်။ 

“ကျွန်တော် အိပ်မက်တစ်ခုမက်တယ်။ မည်းနက်နေတဲ့ သမုဒ္ဒရာကြီးပေါ်မှာပေါ့။ ကျွန်တော့်ရွက်လှေက နဂို အနေအထားကနေ သွေဖည်ပြီး မိုင်တစ်ရာကျော် လမ်းလွဲနေတာ တွေ့ရတယ်။ အဲဒီလို လွင့်မြောနေတုန်း ရွက်တိုင်အကြီးကြီးတစ်ခုကို လှမ်းမြင်လိုက်တယ်။ ကျွန်တော် ထင်တာက ရွက်သင်္ဘောကြီးကြီး တစ်ခုလို့၊ အဲဒီ သင်္ဘောပေါ်က ကပ္ပတိန်ကိုတောင် လှမ်းမြင်လိုက်တယ်။ မျက်နှာကို သေသေချာချာ မှတ်မိတယ်။ နောက်တစ်နေ့မနက်ကျတော့ ကျွန်တော် ရွက်တင်သင်္ဘောကြီးတစ်စင်းကို တကယ်မြင်ရတယ်။ အိပ်မက်ထဲကနဲ့ တစ်ထေရာတည်း၊ သင်္ဘောကပ္ပတိန်ကိုပါ မြင်လိုက်ရတော့ အံ့သြသွားတယ်။ အိပ်မက်ထဲက လူပဲ၊ သူမှ သူ” 

ဖရက်ရီဘယ်လ်၏ ဒုတိယအတွေ့အကြုံမှာမူ လိပ်ပြာသည် သူ့ခန္ဓာကိုယ်မှ ခွာထွက်သွားချိန်တွင် ခံစားနေရသော အရသာမှာ မည်သို့မျှ ဖော်ပြခြင်းငှာ မစွမ်းသာဘဲ တိမ်တိုက်ထဲတွင် ငြိမ့်ငြိမ့်ညောင်းညောင်း စီးမျောနေသလို ရှိလှသည်ဟု ဆို၏။ ထိုချမ်းသာသုခမျိုးကို သူ တစ်သက်လုံး ခံစားနေသည်ဟုပင် ပြောသည်။ သူက ထိုအချိန်တွင် သူ့ကို နှစ်လိုဖွယ်ကောင်းသော ဘီလူးကြီးတစ်ကောင်က ပွေ့ချီသွားသလို မြောက်ခနဲဖြစ်ပြီး ဝိညာဉ်က လွင့်သွားသည် ဆို၏။ 

ဖရက်ရီဘယ်လ်က သူ၏ လိပ်ပြာလွှင့် အတွေ့အကြုံများကို စာဖြင့် ရေးပြခြင်းငှာ မစွမ်းသာဟု ဆိုသည်။ တကယ်တော့ ဒါမျိုးတွေကို ကိုယ်တိုင်ခံစားရသူ အချင်းချင်းသာ နားလည်မည့် ဘာသာစကားဖြင့် ပြောလို့ရမည်ဟုလည်း သူက ပြောသည်။ 

၁၈၈၀ ခုနှစ်တွင် ‘အိပ်ခ်ျ၊ ပီ၊ ဗလာဗက်စကီး’ ဆိုသူ တည်ထောင်ခဲ့သော သီယိုဆိဖီအသင်းကြီးက ဘင်္ဂါလီပညာရှင် ရာမပရာဆတ်၏ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်၏ အမည်မှာ ‘သဘာဝ၏ ပိုမိုကောင်းမွန်သော ခွန်အားများ’ ဟု ခေါ်သည်။ ထိုစာအုပ်တွင် လိပ်ပြာဝိညာဉ်ပိုင်းဆိုင်ရာ ခွန်အား ( ၅ ) ခုကို အဝါရောင်စတုရန်းကွက်၊ မဲနယ်ရောင်ဘဲဥပုံ၊ အနီရောင်တြိဂံ၊ ငွေရောင်လခြမ်းပုံ၊ အပြာရောင်စက်ဝိုင်း စသည့် သင်္ကေတများဖြင့် ထုတ်ဖော် ပြသခဲ့၏။ ၄င်းတို့သည် မြေကြီး၊ အီသာဓာတ်ငွေ့၊ မီး၊ ရေ၊ လေ တို့ကို ကိုယ်စားပြုကြသည်။ 

ထိုစာအုပ်ကို ဖတ်သူနှစ်ဦးဖြစ်သော ဂျေ၊ ဒဗလျူဘရက်ဒီအင်နက်စ် နှင့် အက်စ်အယ်လ်မက်ဂရီဂါမက်သားစ်တို့က အာရုံ အထူးစိုက်ပြီး လေ့လာကြ၏။ သူတို့သည် ရွှေရောင်အာရုဏ်ဦးဂိုဏ်းမှ ဂိုဏ်းဆရာတွေ ဖြစ်၏။ သူတို့က သဘာဝ၏ ပိုမိုကောင်းမွန်သော ခွန်အားများ စာအုပ်ထဲမှ သင်္ကေတ ( ၅ ) ခုနှင့် တွဲဖက် ( ၂၀ ) တို့ကို အသုံးပြုကာ လိပ်ပြာဝိညာဉ်ဆိုင်ရာ သုတေသနများ ဆက်လုပ်ကြ၏။ ၄င်းတို့၏ နည်းအရ လိပ်ပြာလွှင့်စခန်းသို့ တက်လှမ်းမည့်သူသည် သင်္ကေတ တစ်ခုခုကို ကြိုက်ရာရွေးချယ်ပြီး စိတ်ထဲမှာ စွဲသွားသည်အထိ ထုံထားရမည်။ သူ့စိတ်ထဲမှာ ထာဝရစွဲထင်၊ စွန်းထင်းသွားအောင် မှတ်နိုင်သည်အထိ အဖန်ဖန် အာရုံစိုက် လေ့ကျင့်ထားရမည်။ ထိုသင်္ကေတကို ပိတ်ထားသော တံခါးအနေနှင့် မှတ်ယူရမည်။ ထို့နောက် သမာဓိကောင်းအောင် ပိုမို ကျင့်ကြံအားထုတ်ပြီး ပိတ်ထားသော တံခါးချပ် ပွင့်လာစေရန် စိတ်ထဲမှာ မြင်ယောင်ပြီး လိပ်ပြာကို လွှင့်ထုတ်နိုင်သည်အထိ လေ့ကျင့်ရမည် ဆိုသည်။ 

။	။ အခု ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဆရာဟိန်းလတ်ရေးသော ‘စိတ်နှင့်ဂမ္ဘီရ’ စာအုပ်မှ ဆရာ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ 

စာချစ်သူတို့လည်း လိပ်ပြာလွှင့်ခြင်းအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ဖို့ မမေ့နဲ့နော် ... 

Related Posts