“သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ” အပိုင်း ( ၂ ) [ လျှို့ဝှက်ဆန်ြး


“သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ”
[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
အပိုင်း ( ၂ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျား … 

ဝန်ဇင်းစာချစ်သူများအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို ဖော်ပြတင်ဆက်ပေးနေတဲ့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍရဲ့ ဒီတစ်ပတ်အတွက် ကျရောက်လာတဲ့ အကြောင်းအရာကတော့ “သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ” ပဲ ဖြစ်ပါတယ်။ သမိုင်းထဲက လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်များစွာအနက် အချို့ကို ကောက်နုတ်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ မနေ့ည ( ၉ ) နာရီမှာတော့ အပိုင်း ( ၁ ) ကို တင်ဆက်ခဲ့ပြီးဖြစ်လို့ ဒီနေ့ညမှာတော့ အပိုင်း ( ၂ ) ကို ဆက်လက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

၁။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၆၀၀ ကျော်က နည်းပညာမြင့်ပစ္စည်းတစ်ခု - ဒီအရာကို ‘Antikythera mechanism’ လို့ ခေါ်ဝေါ်ကြပြီး ၁၉၀၁ - ခုနှစ်၊ ဇူလိုင်လမှာ ဂရိဒေသမှာရှိတဲ့ အန်တီကိုင်သရာ ( Antikythera ) ကျွန်းအနား၊ သင်္ဘောပျက်ကြီးတစ်ခုအတွင်းက တွေ့ရှိခဲ့တာပါ။ သိပ်ကို အံ့သြဖို့ကောင်းလောက်အောင်ပဲ ခက်ခဲရှုပ်ထွေးတဲ့ ဖန်တီးထားတဲ့ ကွန်ပျူတာတစ်လုံးနဲ့ အတော်ဆင်တူပါတယ်။ 
နှစ်ပေါင်းများစွာကြာလို့ ဆွေးမြေ့ပျက်စီးနေပြီဖြစ်ပေမဲ့ စူးစမ်းလေ့လာချက်တွေအရတော့ ဒီစက်ပစ္စည်းဟာ ကောင်းကင်နက္ခတ်ပညာ၊ အာကာသဗေဒတို့အတွက် အသုံးပြုခဲ့တယ်ဆိုတာကို ထည့်သွင်းဖွဲ့စည်းထားတဲ့ အလွန်အဆင့်မြင့်သော ဂီယာစနစ်တွေက သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဒါဟာ နည်းပညာမြင့် စက်ပစ္စည်းအဖြစ်နဲ့တင် အလွန်ပဲ အံ့အားသင့်စရာဖြစ်နေပေမဲ့၊ ဒီ့ထက်ပိုပြီး ပါးစပ်အဟောင်းသား ဖြစ်စေတာကတော့ ဒီပစ္စည်းကို တီထွင်ဖန်တီးခဲ့တဲ့ ခေတ်ကာလ အခြေအနေပါပဲ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း တစ်ရာကျော်လောက်ကတည်းက တီထွင်ဖန်တီးခဲ့တယ်လို့ တွက်ချက်မှုတွေက ဖော်ပြနေပါတယ်။ 

ဒီကိရိယာဟာ ယနေ့မျက်မှောက်ခေတ်ရဲ့ ခေတ်သစ်နက္ခတ္တဗေဒနဲ့ ရူပဗေဒပညာရပ်တွေထက် ရှေ့ရောက်နေတာပါ။ ဂယ်လီလီယို ( သိပ္ပံပညာရပ်ကို တစ်ခေတ်ဆန်းစေခဲ့သူ၊ စကြာဝဠာဆိုင်ရာ တွေ့ရှိချက်အသစ်တွေကို ဖော်ထုတ်ခဲ့သူ ) မပေါ်မီ နှစ်ပေါင်း ၁,၆၀၀ အကျော်မှာ ဒီပစ္စည်းကို တီထွင်ခဲ့ကြတာဖြစ်ပြီး ဒါဟာ သိပ္ပံဂုရုကြီး အိုက်ဇက်နယူတန် မမွေးဖွားမီ နှစ်ပေါင်း ၁,၇၀၀ ရှေ့မှာ ရှိနေပါတယ်။ 
	
အခုဆိုရင်တော့ အကျိုးအကြောင်းခိုင်လုံတဲ့ ဖွင့်ဆိုရှင်းလင်းချက်တွေအရ ဒီစက်ပစ္စည်း ကိရိယာဟာ အာကာသဗေဒဆိုင်ရာ ကြယ်၊ ဂြိုဟ်၊ နက္ခတ်၊ တာရာများရဲ့ သွားလာမှုကို တွက်ချက်ကာ ‘အချိန်’ ကို အဖြေထုတ်တဲ့အရာပဲဖြစ်ပြီး သိပ်ကို ထက်မြက်တဲ့ လက်မှုပညာရှင်တွေရဲ့ အဆင့်မြင့် လက်ရာတစ်ရပ်လို့ ဆိုရပါတော့တယ်။ အထူးသဖြင့် နက္ခတ္တဗေဒဆိုင်ရာ အဖွဲ့အစည်းများကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး နက္ခတ်ပညာရပ်ကို လေ့လာရာမှာ ပိုပြီးအာရုံစိုက်မိစေခဲ့ပါတယ်။ 

Antikythera mechanism နဲ့ ပတ်သက်ပြီး နောက်ထပ် မှန်းဆဖော်ပြချက်တစ်ခုကတော့ “အချိန်ခရီးသွားခြင်း” ( Time Travel ) ပဲ ဖြစ်ပါတယ်တဲ့ခင်ဗျ။ စာချစ်သူအနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်း Video များကို You Tube မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 

၂။ ငါဘယ်သူလဲလို့ ပြန်မေးနေရတဲ့ ဘင်ဂျမင်ကိုင်းလ် - ၂၀၀၄ ခုနှစ်ရဲ့ နံနက်တစ်ခုမှာပေါ့ … ဘင်ဂျမင်ကိုင်းလ် ( Benjaman Kyle ) လို့ သူ့ကိုယ်သူပြောနေတဲ့ လူတစ်ယောက်ဟာ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ဟမ်ဘာဂါဆိုင်ရှေ့မှာ အဝတ်အစားမပါ၊ မှတ်ပုံတင်မပါဘဲ အတိတ်ကို မမှတ်မိသူအဖြစ် နိုးထလာတယ်။ 

သူဟာ အတိတ်မေ့ရောဂါတစ်မျိုးကို ခံစားနေရတာပဲဖြစ်ပြီး သူ ဘယ်ကလာတယ်၊ ဘယ်သူဖြစ်တယ်ဆိုတဲ့ အခြေခံအကြောင်းအရာတွေကိုတောင် မမှတ်မိတော့တာပဲ ဖြစ်ပါတယ်။ ရုတ်တရက်အားဖြင့်တော့ ဒါဟာ နောက်ပိုင်းမှာ အဖြေရသွားတတ်တဲ့ အခြားအခြားသော အတိတ်မေ့ဇာတ်လမ်းတွေလိုပဲပေါ့။ ဒါပေမဲ့ … အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတာက သူဘယ်သူဘယ်ဝါဆိုတာကို အစိုးရကိုယ်တိုင်က တစ်နိုင်ငံလုံးမှာ မြေလှန်ရှာတောင် မတွေ့တဲ့ကိစ္စပါပဲ။ ဒေသခံရဲတွေနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တွေဟာ သူ့အကြောင်း သိရဖို့ အပူတပြင်း လိုက်လံစုံစမ်းခဲ့ပေမဲ့ နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရတယ်။ ဒီကိစ္စဟာ ဒီလောက်နဲ့ ရပ်မသွားပါဘူး၊၂၀၀၇ ခုနှစ်မှာတော့ FBI က ပါဝင်ပတ်သက်လာတဲ့ထိ ကြီးကျယ်ခဲ့ပေမဲ့ သူဘယ်သူလဲဆိုတဲ့မေးခွန်းက ကျန်ရှိနေဆဲပါပဲ။ 

နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံရဲ့  တစ်ဦးတည်းသော “ဘာဘာဘာမှမသိသူ” အဖြစ်နဲ့ နိုင်ငံသားစာရင်းသွင်းလိုက်ပေမဲ့ ပြဿနာဟာ နိုင်ငံသားဖြစ်မှု မဖြစ်မှုကိစ္စ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အလုပ်အကိုင်ရရှိဖို့ သိပ်ခက်ခဲနေလို့ပါပဲ။ သူက စည်းမျဉ်းစည်းကမ်းတွေ၊ အရည်အချင်းတွေ … ဘာဆိုဘာမှ မသိတော့တဲ့ ဗလာလူသားတစ်ယောက် ဖြစ်နေတာပါ။ နောက်ဆုံးမှာတော့ သူ့ကို ဆိုင်ရှင်တစ်ဦးက အလုပ်ပေးလိုက်တယ်၊ အဲ့ဒါက ပန်းကန်ဆေးတဲ့အလုပ်၊ သူအခုထိ လုပ်ကိုင်နေဆဲပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် ဘဝဇာတ်ကြောင်းနဲ့ အတိတ်ကတော့ ခုချိန်ထိ ပဟေဠိဖြစ်နေဆဲပါပဲ။ 

Ref. listverse.com
………….

ဝန်ဇင်းသတင်းစကား ။       ။  စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖော်ပြပေးနေတဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ည ( ၉ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဒီအစီအစဉ်လေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ Topic များစွာနဲ့ ပြန်လာဦးမှာမို့ဝန်ဇင်းစာချစ်သူများအနေနဲ့ Wun Zinn Digest ထဲကို ဝင်ရောက် အားပေးဖတ်ရှုကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။





Related Posts