“အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” အပိုင်း ( ၁ ) [ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]


[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
“အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” 
အပိုင်း ( ၁ )
 
မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျား … 

ဝန်ဇင်းစာချစ်သူများအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို ဖော်ပြတင်ဆက်ပေးနေတဲ့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍရဲ့ ဒီတစ်ပတ်အတွက် ကျရောက်လာတဲ့ အကြောင်းအရာကတော့ “အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အပိုင်း ( ၁ ) ကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … အရာဝတ္ထုတွေကို စိတ်စွမ်းအင်သုံးပြီး မ,မယ်၊ ရွှေ့မယ်၊ တွန်းမယ်၊ ဘယ်လိုလုပ်မလဲ၊ ဆက်ပြီး လေ့လာလိုက်ရအောင်လားခင်ဗျာ။ 

Telekinesis - အရာဝတ္ထုတွေများကို စိတ်ဖြင့်ရွေ့လျားစေနိုင်တဲ့ စွမ်းအင်ကို အင်္ဂလိပ် အခေါ်အဝေါ်အားဖြင့်တော့ Psychokinesis ( သို့မဟုတ် ) Telekinesis လို့ သတ်မှတ်ကြပါတယ်။ နှစ်ခုစလုံးကတော့ အတူတူပါပဲ။ ဒါပေမဲ့ Psychokinesis ဆိုတဲ့အသုံးကို နှစ်ပေါင်းတစ်ရာကျော် ၁၉၁၄ ခုနှစ်မှာ အမေရိကန်စာရေးဆရာ ဟင်နရီဟော့လ်ထ် ( Heney Holt ) က သူ့ရဲ့ “On the Cosmic Relations” ဆိုတဲ့ စာအုပ်ထဲမှာ စတင် သုံးနှုန်းဖော်ပြခဲ့တာဖြစ်ပြီး Telekinesis အသုံးကိုတော့ သူ့ထက် ၁၄ နှစ်စောပြီး ၁၈၉၀ ခုနှစ်ကတည်းက ရုရှားလူမျိုး စိတ်သုတေသနပညာရှင်ဖြစ်တဲ့ ခါးစ်ခေါ့ဖ် ( Alexander N. Aksakof ) က အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ 

ဂရိဘာသာစကားဖြစ်တဲ့ ‘psychic’ ( စိတ်၊ ဝိညာဉ်၊ နမ် ) နှင့် ‘kinesis’ ( ရွေ့လျားမှု ) နှစ်ခုကိုပေါင်းစပ်ပြီး Psychokinesis အသုံး ဖြစ်ပေါ်လာသလို ‘tele’ ( အကွာအဝေး ) နှင့် ‘kinesis’ ( ရွေ့လျားမှု ) တို့ ရောယှက်ပြီး Telekinesis အဖြစ် သတ်မှတ်သုံးနှုန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ စာရှည်နေမှာစိုးလို့ ဝေါဟာရခြေရာကောက်မှုကို ဒီမှာရပ်ပြီး ရှေ့ဆက်ပါရစေ။

လက်တွေ့ကမ္ဘာထဲက စိတ်စွမ်းအင်ပိုင်ရှင်ဖြစ်သူ ‘နီနာ’ - ရုရှားအမျိုးသမီးတစ်ဦးဖြစ်တဲ့ နီနာ ( Nina Kulagina ) ဟာ ၁၉၂၆ ခုနှစ်၊ ဇူလိုင် ( ၃၀ ) ရက်နေ့မှာမွေးတယ်။ သူမဟာ အသက် ( ၁၄ ) နှစ်အရွယ်ကတည်းက အလုပ်သမားလူတန်းစားနဲ့ လယ်သမားလူတန်းစား များစွာပါဝင်တဲ့ “တပ်နီတော်” ( Red Army ) ရဲ့ တင့်ကားတပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ တစ်ယောက်ပေါ့။ [ ‘တပ်နီတော်’ နှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက စာရေးဆရာ ဗိုလ်အောင်စိန် ရေးသားပြုစုတဲ့ “တပ်နီတော်ဘာလင်သိမ်းစဉ်က” စာအုပ်တွင် အကျယ်လေ့လာနိုင်ပါတယ်။ ]

နီနာဟာ သူမကိုယ်သူမ စိတ်တန်ခိုးစွမ်းအင် ရရှိထားသူတစ်ဦးအဖြစ် ကြေညာခဲ့တဲ့ မှတ်တမ်းဝင် ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုရမှာပါ။ သူမဟာ ငယ်ငယ်လေးကတည်းက သူမရဲ့ စိတ်စွမ်းအင်နဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်တာကို အလိုလို ခံစားမိနေတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ပညာရှင်တွေက လာရောက် စစ်ဆေးလေ့လာတဲ့အခါမှာတော့ သူမဟာ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပါပြီ။ ၁၉၆၄ ခုနှစ်မှာ စိတ်ပိုင်းဆိုင်ရာနှင့် ဦးဏှောက်ကျန်းမာရေးအားနည်း ထိခိုက်ခဲ့ပြီးနောက်ပိုင်း နီနာဟာ စက်ချုပ်ခြင်းအလုပ်နဲ့ပဲ အချိန်များစွာ ကုန်ဆုံးစေခဲ့တယ်။ သူမရဲ့ လက်ကျန်သက်တမ်း နှစ်ပေါင်း ( ၂၀ ) လောက်ကိုတော့ စိတ်စွမ်းအင်နဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးခံခဲ့တာပဲ ဖြစ်ပါတယ်။ သူမမှာ နောက်ထပ် နာမည်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ နီလျာမစ်ခေးလိုဗာ ( Nelya Mikhailove ) တဲ့၊ ဒီနာမည်ကတော့ သူမရဲ့ စိတ်စွမ်းအင်ကို လေ့လာတဲ့ ရုရှားသိပ္ပံပညာရှင်တွေက ပေးခဲ့တာဖြစ်ပြီး ကမ္ဘာက မသိရှိအောင် အမည်ရင်းဖျောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဆို သိပ္ပံပညာရှင်တွေရဲ့ စကားဝိုင်းထဲမှာ ဆွေးနွေးစရာဖြစ်နေတဲ့ ‘နီလျာမစ်လေးလိုဗာ’ ဆိုတာ ဘယ်သူလဲ … ။

ဘဝလမ်းခရီးဟာ နီနာ့အတွက် အလွယ်ကလေးမဟုတ်ခဲ့ပါဘူး။ လက်တွေ့စမ်းသပ်စစ်ဆေးမှုတွေက ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ လူအများအပြားရဲ့ မယုံကြည်ခြင်း လှောင်ပြောင်ခြင်းတွေကို ခံခဲ့ရပါတယ်။ 

သိပ္ပံစမ်းသပ်ခန်းထဲက စိတ်စွမ်းအင် - Telekinesis - သူမရဲ့ အထင်ရှားဆုံး စိတ်စွမ်းအင်ကတော့ အရာဝတ္ထုတွေကို လက်နဲ့မထိမိကိုင်၊ မည်သည့် အကူကိရိယာမှမပါဘဲ စိတ်စွမ်းအင်သက်သက်အသုံးချပြီး ရွေ့လျားစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး … အခြားစွမ်းအင်တွေကတော့

-	ဖျားနာပြီး နေမကောင်းဖြစ်နေသူများကို စိတ်စွမ်းအင်ဖြင့် ကုသပေးနိုင်ခြင်း
-	အိပ်ကပ်ထဲက ဓာတ်ပုံတွေကို ထွင်းဖောက်မြင်နိုင်ခြင်း
-	လက်ထိပ်ဖျားလေးတွေနဲ့ထိရုံဖြင့် အရောင်များကို ပြောပြနိုင်ခြင်း စတာတွေပါပဲ။ 

စိတ်စွမ်းအင်တစ်ခုခုပြသပြီးတိုင်းမှာ သူမဟာ မောပန်းနွမ်းလျစွာ ကျန်ခဲ့လေ့ရှိတယ်။ ၁၉၉၀ ခုနှစ်မှာတော့ နီနာ ကွယ်လွန်ခဲ့ပါပြီ။ နီနာဟာ စိတ်တန်ခိုးစွမ်းအင်ကို မယုံကြည်သူတွေနဲ့ လောကီနယ်လွန်ကိစ္စတွေကို မေးခွန်းထုတ်တတ်သူ သိပ္ပံပညာရှင်တွေကို စိတ်တန်ခိုးစွမ်းအင်ဟာ လက်တွေ့ရှိကြောင်း၊ အရာဝတ္ထုတွေကို စိတ်ဖြင့် ရွေ့လျားစေနိုင်ကြောင်း သက်သေပြနိုင်သူများထဲက တစ်ဦးပါပဲ။ တကယ့်ပြဿနာကတော့ အဆိုပါစွမ်းအင်မျိုး ကျင့်ကြံပြီး ဒီလိုဒီပုံ ဖြစ်ရပ်မျိုးကို ကိုယ်ကိုယ်တိုင် စမ်းသပ်ပြီး သက်သေပြလို့ ရမရ ဆိုတဲ့ကိစ္စပါ။ မျက်လှည့်ပွဲနဲ့ ဖျော်ဖြေရေးပွဲတွေမှာ ပြသလေ့ရှိတဲ့ စိတ်စွမ်းအင်ဖြစ်ရပ်တွေကတော့ ယေဘုယျအားဖြင့် ( အများအားဖြင့် ) အတုအယောင်တွေ များပါတယ်။ 

ဆင့်ကဲပြောင်းလဲခြင်း - အစောပိုင်းမှာကတည်းက နီနာဟာ သူမရဲ့ စိတ်စွမ်းအင် ထူးခြားမှုရှိနေတာကို အလိုလို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မေးခွန်းထုတ်စရာရှိလာတာကတော့ ဒီဖြစ်စဉ်ဟာ လူသားတစ်ဦးရဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းထဲက အဆင့်တစ်ဆင့်အဖြစ် သတ်မှတ်ရတော့မလို ဖြစ်နေပါတယ်။ စာဖတ်သူရော ဘယ်လိုထင်ပါသလဲ ? ( ပို့စ်ရဲ့ Comment Box ထဲမှာ အမြင်တွေကို မျှဝေခဲ့နိုင်ပါတယ် )
………….
အရာဝတ္ထုတွေကို စိတ်စွမ်းအင်ဖြင့် တကယ်ပဲ ရွှေ့လို့ရနိုင်သလား ? - ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရုပ်ရှင်တွေကြည့်ဖူးပါတယ်၊ Super Hero Movie တွေပေါ့၊ ဒီရုပ်ရှင်ကားတွေထဲမှာ စိတ်နဲ့ ပစ္စည်းတွေကို ရွှေ့တာ၊ မ,တာ၊ လေပေါ်ပျံဝဲစေတာတွေကို ကြည့်ပြီး စိတ်ကူးယဉ်တတ်ကြတယ်။ တကယ်တော့ သိပ္ပံရုပ်ရှင်တွေနဲ့ လောကီနယ်လွန် ဖြစ်ရပ်ဝတ္ထုတွေမှာ ပါဝင်တဲ့ စိတ်တန်ခိုးစွမ်းအင်တွေဟာ စိတ်ကူးယဉ်ရုံနဲ့တင်မကဘဲ လက်တွေ့မှာပါ လေ့လာကျင့်ကြံနိုင်တဲ့ စိတ်စွမ်းအင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာဆိုရင်  ‘စိတ်’ ဟာ ကုသိုလ်၊ အကုသိုလ်အပြင် သံသရာအတွက်ပါ အဓိကကျ အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် တစ်စက္ကန့်မှာ ကုဋေတစ်သိန်းဖြစ်ပျက်နေတဲ့ စိတ်ကို ထိန်းသိမ်းပြီး စိတ်အာရုံပျံ့လွင့်ခြင်းမရှိအောင် သမာဓိထူထောင်ခြင်း၊ ဝင်လေထွက်လေရှုမှတ်ခြင်း၊ ထိုမှတစ်ဆင့် ရုပ်နာမ်ဖြစ်ပျက်မှုကို ရှုတဲ့ ဝိပဿနာအကျင့်စခန်းအထိ အဆိုပါ ‘စိတ်’ ဟာ အခရာကျလှပါတယ်။ ဒါ့အပြင် စိတ်တန်ခိုးစွမ်းအင်အတွက် သမထထိုင်ခြင်း အပါအဝင် ကသိုဏ်းဆယ်ပါးအနက် မိမိနဲ့သင့်တော်ရာ ကသိုဏ်းတစ်ပါးပါးကို ရြှု့ပီး ပထမဈာန်မှ စတုတ္ထဈာန်အထိ ဈာန်စိတ်အဆင့်ဆင့် ဖြစ်ပေါ်ကာ အဘိညာဉ်တစ်မျိုးမျိုး ရရှိရေးအတွက် ကျင့်ကြံအားထုတ်စရာ ကျင့်စဉ်တွေကလည်း ကျမ်းနဲ့စာနဲ့ အခိုင်အမာ ရှိနေပါတယ်။ ဒါပေမဲ့ တကယ့်တကယ် သီလ သမာဓိမြဲပြီး ‘ပေါက်’ အောင် ကျင့်ကြံအားထုတ်နိုင်သူကတော့ လူတစ်သန်းမှာ တစ်ယောက်ရှိခဲတယ်။

လျှပ်စစ်ဆောင်သောအမှုန်များ - ယခုပို့စ်နဲ့ သက်ဆိုင်တဲ့ Telekinesis စွမ်းအင်နဲ့ ပတ်သက်လို့ ကြိုတင်သိထားရမှာက ‘အက်တမ်’ တွေပါပဲ။ အကြမ်းဖျင်းပြောရမယ်ဆိုရင် အက်တမ်တွေဟာ အလွန့်အလွန်ကို သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်းကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ အမှုန်တွေလို့ ဆိုရမှာပါ။ ဒီကိစ္စအတွက်ကတော့ ‘အီလက်ထရွန်’ ( Electron ) ကို အာရုံစိုက်လေ့လာရမှာပဲ ဖြစ်ပါတယ်။ ကျောင်းတုန်းက သင်ကြားခဲ့ရတဲ့ အက်တမ်ထဲမှာ နျူကလိယစ်ရှိပြီး ၄င်းကို ဝန်းရံနေတာကတော့ အီလက်ထရွန်ပဲ ဖြစ်ပါတယ်။ အီလက်ထရွန်ဆိုတာ လျှပ်စစ်ဓာတ်သဘောဆောင်နေတဲ့ အမှုန်လေးတွေပေါ့။ ဒီလို လျှပ်စစ်ဓာတ်ပါတဲ့ အမှုန်တွေဟာ စာဖတ်သူထိုင်နေတဲ့ နေရာပတ်ဝန်းကျင်မှာရော၊ ကြည့်နေတဲ့ ဖုန်းထဲမှာရော၊ အလိုလို အလုပ်လုပ်နေတဲ့ ဦးဏှောက်ထဲမှာရောပါ နေရာမလပ် ရှိနေတာ ဖြစ်ပါတယ်။ 

ဦးဏှောက်က တွေးတောစဉ်းစားလိုက်တဲ့အခါ ဘာဖြစ်လာသလဲ ? - ကျွန်တော်တို့ရဲ့ ဦးဏှောက်ကနေ တစ်ခုခုကို စဉ်းစားတွေးတောနေတဲ့အခါ၊ ဒါမှမဟုတ် တစ်ခုခုကို ဖျတ်ခနဲ သိသွားလိုက်တဲ့အခါမျိုးမှာဆိုရင် ဦးဏှောက်ထဲက အီလက်ထရွန်တွေက ပုံမှန်ထက် လှုပ်ရှားသွားပြီး လျှပ်စီးကြောင်းလေးတစ်ခု လက်ခနဲ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးတောမှုတွေဟာ ဦးဏှောက်ထဲမှာ လျှပ်စစ်စီးကြောင်း / လျှပ်စစ်စက်ကွင်းတွေကို ဖြစ်ပေါ်စေတာပါ။ နေရာအနှံ့မှာ ရှိနေတဲ့ အီလက်ထရွန်အမှုန်တွေ စုစည်းမိပြီး ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းရဲ့ တုန်ခါမှုလှိုင်းတွေက သူ့ရဲ့ ပတ်ဝန်းကျင်က အရာတွေကို ရိုက်ခတ်သွားတယ်။ အကယ်၍များ ကျွန်တော်တို့ ဦးဏှောက်ရဲ့ အတွေးလုပ်ဆောင်ချက်ကို စနစ်တကျ ထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ လျှပ်စစ်သံလိုက်လှိုင်း ( electromagnetic waves ) ကို လှလှပပကြီး ဖန်တီးနိုင်တော့မယ်လို့ ဆိုရမှာပေါ့။ 

ဦးဏှောက်က တွေးမှ လျှပ်စီးကြောင်း ဖြစ်ပေါ်တာလား ? - ပုံမှန်အားဖြင့်တော့ ဦးဏှောက်ဟာ လှိုင်း ( ၅ ) မျိုးကို ထုတ်လွှတ်ပေးနိုင်တဲ့ Generator ကြီးတစ်ခုလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ဒယ်လ်တာ ( Delta waves ) ၊ သီတာ ( Theta waves ) ၊ အယ်လ်ဖာ ( Alpha waves ) နဲ့ ဘီတာ ( Beta waves ) တွေအပြင် ဂမ်မာ ( Gamma waves ) တွေကို ထုတ်လွှတ်ပေးနိုင်တဲ့ ဦးဏှောက်ဟာ တရားထိုင်နေချိန် စိတ်တည်ငြိမ်အေးချမ်းမှုရရှိပြီး သမာဓိရနေတဲ့အခါမျိုးမှာတော့ သီတာလှိုင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်တော့ ဦးဏှောက်လှိုင်းတွေအားလုံးဟာ လျှပ်စစ်သံလိုက်လှိုင်းတွေပဲ ဖြစ်ပါတယ်။ ဦးဏှောက်က စဉ်းစားတွေးတောမှု ပြုတဲ့အခါမှာ ထွက်ပေါ်လာတဲ့ ဦးဏှောက်လှိုင်းကတော့ လှိုင်းကြိမ်နှုန်း ဒုတိအဆင့်ရှိတဲ့ ဘီတာလှိုင်းတွေပါပဲ ထုတ်လွှတ်ပါတယ်။ ဘီတာလှိုင်းတွေဟာ လှိုင်းကြိမ်နှုန်း ၁၃ ကနေ ၃၀ ကြား ( 13 – 30 Hz ) ရှိပြီး အခြားလှိုင်းတွေထက် ပြင်းတဲ့ လျှပ်စစ်သံလိုက်လှိုင်းကို ဖြစ်ပေါ်လာစေတာပါ။ ဒါကို ခဏထားပြီး အရာဝတ္ထုတွေဘက် ခုန်ကူးလိုက်ရအောင်ခင်ဗျ။

အရာဝတ္ထုတွေကို ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ ?  - စာဖတ်သူတို့ မျက်စိရှေ့မှာ မြင်နေရတဲ့ အရာဝတ္ထုတွေဟာ အဓိက အမှုန်ငါးမျိုးနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ စိတ်အာရုံထဲ မြင်အောင်ပြောရရင် ကျွန်တော်တို့ နားယဉ်နေတဲ့ ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး အပါအဝင် အာသဓာတ်ပေါင်းပြီး စုစုပေါင်း ဓာတ်ကြီးငါးပါးနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီတော့ အမှုန်ကိစ္စကို ပြောရမယ်ဆိုရင် အရာဝတ္ထုတွေဟာ ( ဥပမာ - စတီးဇွန်း ) … သူ့ကို အက်တမ် ( Atoms ) တွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ အက်တမ်ထဲမှာ အဓိက ပါဝင်တဲ့ အမှုန်တွေက Gluons, Photons, Neutrons, Protons နဲ့ Electrons တို့ပါပဲ။

ဒီလိုဆိုရင် စတီးဇွန်းကို ရွေ့လျားစေနိုင်ဖို့ ဘာတွေလိုမလဲ ? - အရာဝတ္ထုဆိုတာ သူ့အပေါ်ကို တစ်စုံတရာ အားသက်ရောက်မှု ဖြစ်ပေါ်မှ တုံ့ပြန်မှုဖြစ်ပေါ်တာပါ။ ( ဒီကိစ္စမှာတော့ အခြားအရာဝတ္ထုတစ်ခုဖြင့် အားသက်ရောက်မှုဖြစ်စေတာကို ချန်လှပ်လိုက်ပါမယ်။ ) ဇွန်းကို ရွေ့လျားဖို့ လိုအပ်တဲ့ အားသက်ရောက်မှုကတော့ ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့ မလိုပါဘူး။ ကမ္ဘာ့ဆွဲအား ( Gravity ) နဲ့ လျှပ်စစ်သံလိုက်ပညာ ( Electromagnetism ) တို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဆွဲအားကတော့ အလိုအလျောက် ရှိနေပြီးသားအရာဖြစ်တဲ့အပြင် အရာဝတ္ထုတွေအားလုံးအပေါ် တပြေးညီ အားသက်ရောက်တာပဲဖြစ်လို့ သီးခြားအားသက်ရောက်မှုမျိုး မရှိတဲ့ သံလိုက်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒါဆို တစ်ခုပဲကျန်ပါမယ်၊ လျှပ်စစ်သံလိုက်ပညာပါ။ 

လျှပ်စစ်သံလိုက်ပညာ - ရိုးရှင်းပါတယ်၊ ကြေးနီကြိုးနဲ့ သံချောင်းကို ရစ်ပတ်ပြီး လျှပ်စစ်ကျွေးလိုက်တဲ့အခါမှာ လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုပညာရပ်ကို မည်သည့်အကူကိရိယာမှ မပါဘဲ အလိုအလျောက် ဖန်တီးနိုင်တာကတော့ ဦးဏှောက်လှိုင်းတွေပါပဲ။ မတူညီတဲ့လှိုင်း ( ၅ ) မျိုးကို ထုတ်လွှတ်ပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ ဦးဏှောက်လှိုင်းတွေဟာ ကိုယ်ရောင်ကိုယ်ဝါတွေလိုပဲ၊ ဘေးပတ်ဝန်းကျင်ကို အားပျော့တဲ့ လှိုင်းတွေနဲ့ ရိုက်ခတ် သက်ရောက်လေ့ရှိပါတယ်။ အထက်မှာဆိုခဲ့တုန်းက ဒုတိယအဆင့် ကြိမ်နှုန်းမြင့်တဲ့ ဘီတာလှိုင်းဟာ မြင့်မားတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။ ဒီတော့ … အကယ်၍များ ကျွန်တော်တို့ရဲ့ ဦးဏှောက်လှိုင်းတွေကို ထိန်းချုပ် / ဖန်တီးနိုင်မယ်ဆိုရင်၊ လိုအပ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းကို ဖန်တီးထုတ်လုပ်ပြီး အရာဝတ္ထုတွေအပေါ် အားသက်ရောက်စေမယ်ဆိုရင်၊ Telekinesis ဟာ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်လာနိုင်မှာပေါ့။

နီနာ့ရဲ့ စိတ်လှိုင်းရိုက်ခတ်မှု - နီနာ့ဟာ သူ့ရဲ့ စိတ်စွမ်းအင်ကို ပြသပြီးတိုင်းမှာ မောပန်းနွမ်းလျသွားလေ့ရှိတယ်လို့ဆိုပါတယ်။ သာမန်အားဖြင့် တွေးလိုက်ရအောင်ပါ။ ပုစ္တာတစ်ပုဒ်ကို အစွမ်းကုန်ကြိုးစား၊ ဦးဏှောက်ကို ဖျစ်ညှစ်ပြီး တွက်ထုတ်ပြီးတဲ့အခါ၊ ပဟေဠိတစ်ခုကို အပြင်းအထန် စဉ်းစားတွေးတောပြီးတဲ့အခါမျိုးမှာ ကျွန်တော်တို့ဟာ စိတ်ရော ကိုယ်ပါ နွမ်းလျသွားလေ့ရှိတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ဒါဟာ ဦးဏှောက်လှိုင်းတွေကို အပြင်းအထန် သုံးစွဲလိုက်ရပြီးတဲ့နောက် ကျန်ခဲ့တဲ့ Side Effect တစ်ခုပါ။ ပြန်လည် ကုစားနိုင်စွမ်းမရှိဘူးဆိုရင် ဦးဏှောက်ကို ထိခိုက်သွားနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ နီနာဟာ ဦးဏှောက်ကျန်းမာရေး၊ စိတ်အားနည်းမှုဝေဒနာ ဖြစ်ခဲ့ပါသေးတယ်။ ဒါဟာ အများအပြား သုံးစွဲလိုက်တဲ့ ဦးဏှောက်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းမှု မရှိခဲ့တာကြောင့်လို့ ဆိုရမယ်ထင်ပါတယ်။ 

တရားထိုင်ခြင်းဖြင့် ကုစားခြင်း - စွမ်းအား အလွန်အကျွံ သုံးစွဲလိုက်ရတဲ့အခါ ဦးဏှောက်ကြွက်သားတွေ တင်းမာပြီး လိုအပ်တဲ့ စွမ်းအင်တွေ လျော့နည်းမှုကို ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ တရားထိုင်ခြင်းကတော့ အကောင်းဆုံးဆေးပါပဲ။ တရားထိုင်တဲ့အခါမှာ ဦးဏှောက်ကနေ နူးညံ့သိမ်မွေ့သလို စွမ်းအားကြီးမားတဲ့ Delta Waves တွေ ထွက်ရှိပါတယ်။ ဒီ လှိုင်းတွေက ( 0.5 – 3 Hz ) အထိသာရှိတဲ့ လှိုင်းတွေကို ညင်သာစွာ ထုတ်လွှတ်ပေးတတ်ပါတယ်။ 

လှိုင်းနှစ်ခုကြားမှာ ဘာလုပ်ကြမလဲ ? - ဦးဏှောက်လှိုင်းတွေကို ထိန်းချုပ်ဖို့ အလွန်ခက်ပါတယ်၊ ဒါပေမဲ့ ဖန်တီးဖို့ကတော့ လွယ်ကူပါတယ်၊ လှိုင်းအနုစားတွေကို ထုတ်လွှတ်ပြီး ဦးဏှောက်တည်ငြိမ်မှုကို ရလိုတယ်ဆိုရင် တရားထိုင်ဖို့ လိုအပ်သလို အပြင်းစား လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ လှိုင်းတွေကို ထုတ်လွှတ်မယ်ဆိုရင်တော့ တစ်စုံတစ်ခုပေါ်မှာ ပြင်းထန်တဲ့ စိတ်အာရုံစူးစိုက်မှုရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Telekinesis နဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်း အတော်များများမှာ မိမိ အားသက်ရောက်လိုတဲ့ အရာဝတ္ထုကို အာရုံစူးစိုက်ပြီး ကသိုဏ်းရှုခိုင်းလေ့ရှိတာပါပဲ။

ဒုတိယပိုင်းဆက်ရန် - - - 
…………
ဝန်ဇင်းသတင်းစကား ။       ။  စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖော်ပြပေးနေတဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ည ( ၉ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုတင်ဆက်လိုက်တဲ့ “အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” အပိုင်း ( ၂ ) ကိုတော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ည ( ၉ ) နာရီအချိန်မှာ ဆက်လက် ဖော်ပြသွားမှာဖြစ်ပြီး အံ့သြစရာ အဖြစ်အပျက် အကြောင်းအရာ များစွာ ပါဝင်လာမှာမို့ ဝန်ဇင်းစာချစ်သူများအနေနဲ့ Wun Zinn Digest ထဲကို ဝင်ရောက် အားပေးဖတ်ရှုကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts