“၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များ” အပိုင်း (၂ ) [လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ]


“၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များ” 	
အပိုင်း ( ၂ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အပတ်စဉ် တင်ဆက်ပေးလျက်ရှိပါတယ်။ မနေ့ကတော့ “၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များ” အပိုင်း ( ၁ ) ကို ဖော်ပြခဲ့ပြီးဖြစ်လို့ ယနေ့မှာတော့ ၁၃ဂဏန်းနောက်ကွယ်က လျှို့ဝှက်ချက်များနဲ့ ပတ်သက်ပြီး အပိုင်း ( ၂ ) အဖြစ် ဆက်လက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

ကဲ …  စလိုက်ရအောင်လားခင်ဗျ။ 

( ၁၃ ) ဂဏန်းဟာ လျှို့ဝှက်တယ်၊ နက်နဲတယ်၊ အနုတ်သဘောဆောင်တဲ့ လက္ခဏာ မကောင်းတဲ့ကိန်းဂဏန်းအဖြစ် လူတွေ သတ်မှတ်ပြီး စိုးရွံ့ထိတ်လန့်ကြတယ်ဆိုတာကို မနေ့က ဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ စာချစ်သူတို့လည်း သိပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ( ၁၃ ) ဂဏန်းဟာ စွမ်းအားကြီးတယ်၊ ကြီးကျယ်ခမ်းနားတယ်၊ ဆန်းကြယ်ပြီး အသိရခက်သလို နားလည်သဘောပေါက်ရင်လည်း သိပ်ကို အသုံးချလို့ကောင်းတဲ့ ကိန်းဂဏန်းအဖြစ် ရှိနေပြန်ပါရော။ မြန်မာလူမျိုးတွေမှာလည်း အများစုဟာ ဒီ ကိန်းဂဏန်းကို ကြောက်ရွံတတ်ကြ စိုးရိမ်တတ်ကြရှိတာကို တွေ့ဖူးကြမှာပါ။ ( ၁၃ ) ဂဏန်းကို မကောင်းဘူးလို့ ပြောတဲ့သူတွေလည်းရှိသလို ကြိုက်နှစ်သက်စွာ သုံးစွဲနေတဲ့သူတွေလည်း ရှိကြပါတယ်။ 

၁။ Wilt Chamberlain, Alex Rodriguez, Pavel Datsyuk … စတဲ့ နာမည်ကြီး အားကစားသမားတွေကတော့ နံပါတ် ( ၁၃ ) ဝတ်စုံကို ဝတ်ဆင်ထားခြင်းအားဖြင့် ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ 
၂။ အီတလီနိုင်ငံမှာတော့ ( ၁၃ ) ကိန်းဂဏန်းဟာ သိပ်ကိုကံကောင်းစေတဲ့ ဂဏန်းအဖြစ် ယုံကြည်သုံးစွဲကြပါတယ်။ 
၃။ ( ၁၃ ) ဂဏန်းဟာ သင်္ချာမှာ အရေးပါတဲ့ သုဒ္ဓကိန်းလည်းဖြစ်ပြန်တယ်။ 
၎။ ၅၂ - ချပ် ဖဲထုပ်တစ်ထုပ်မှာ ( ၁၃ ) ကတ်စီပါတဲ့ တူညီတဲ့အုပ်စုလေးခုရှိပါတယ်။ 
၅။ Friday 13th ဖြစ်ဖို့ဆိုရင် အဲ့ဒီလဟာ လူတိုင်းလိုလိုနှစ်သက်ကြတဲ့ တနင်္ဂနွေရက်နဲ့စတဲ့လ ဖြစ်ရပါတယ်။ 
၆။ ရှေးဟောင်းဂန္ဓာရီအဖွဲ့အစည်းတွေမှာ အဖွဲ့ခွဲငယ်တွေကို လူ ၁၃ ဦးဖြင့်သာ ဖွဲ့စည်းလေ့ရှိပြီး အဲ့ဒီဖွဲ့စည်းတာဟာ ပြန်ပရန်သူ အလွယ်တကူ မထိုးဖောက်နိုင်ဘဲ အဖွဲ့ဟာ စည်းစည်းလုံးလုံး ကျစ်ကျစ်လစ်လစ်ရှိစေတယ်လို့ ဆိုပါတယ်။
၇။ နာမည်ကြီးအချက်တစ်ခုကတော့ ၁၃ ရက်နေ့မှာမွေးတဲ့ နာမည်ကြီးအဆိုတော်တစ်ဦး၊ Friday 13th ကျတဲ့ရက်မှာ အသက် ၁၃ နှစ်ပြည့်တယ်၊ သူမရဲ့ ပထမဆုံး album ၁၃ ပတ်ကြာအောင် စာရင်း ထိပ်ဆုံးမှာရှိနေခဲ့တယ်၊ သူမရဲ့ ပထမဆုံးသီချင်းရဲ့ into က ၁၃ စက္ကန့်ပဲကြာတယ်၊ သူမကတော့ နာမည်ကြီးအဆိုတော် Talyor Swift ပါပဲ။ သူမ ဆုယူတဲ့အခါ သူမထိုင်တဲ့ထိုင်ခုံက 13th row, 13th seat, 13th section မှာရှိနေတယ်။ သူမကတော့ ( ၁၃ ) ဂဏန်းဟာ သူမအတွက် LUCKY နံပါတ်ပါပဲတဲ့။ 

ဒီတော့ ကျွန်တော်တို့အများစုဟာ ( ၁၃ ) ဂဏန်းကို စိုးရွံ့ကြတယ်။ ခုလိုမျိုး အချက်အလက်တွေကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားသိရပြီး ထိတ်လန့်ကြတယ်။ ဒီဂဏန်းကို သတိပြုမိတဲ့အချက်တွေကတော့ ဂဏန်းဗေဒင်ပညာရပ်ဆိုင်ရာ စာအုပ်တွေနဲ့ နိုင်ငံခြားရုပ်ရှင်တွေပဲလို့ မြင်မိပါတယ်။ ဂဏန်းဗေဒင်စာအုပ်ဆိုတာ ပညာရပ်ကို တကယ်လေ့လာသူကလွဲလို့ ကျန်သူတွေက အပျင်းပြေ ဟိုတွက်ဒီတွက်လုပ်ရင်း ကိုယ်အကြောင်း ဟောပြောချက်လေးတွေကို အပျော်ဖတ်ဖို့ သက်သက်ပဲဖြစ်ပါတယ်။  ကိန်းဂဏန်းတွေအကြောင်း ကောင်းကျိုးဆိုးကျိုးတွေကို ဖတ်ရှုရတဲ့အခါမှာ ( ၁၃ ) ဂဏန်းကို အာရုံစိုက်မိပြန်ပါရော … ပြီးတော့ နိုင်ငံခြားသရဲကားတွေမှာ ( ၁၃ ) ဂဏန်းက ဇာတ်လိုက်ဖြစ်နေပြန်သေးတယ်၊ ဒီ့အပြင် လူတွေကြားထဲမှာလည်း ( ၁၃ ) ကို လူဆိုးကြီးတစ်ယောက်အဖြစ် ပုံဖော်ပြောဆိုနေတာတွေ အများအပြားရှိနေတော့ “၁၃ ဂဏန်းမကောင်းဘူး” ဆိုတဲ့ အတွေးအမြင်က ကျွန်တော်တို့ ဦးနှောက်ထဲမှာရော ကိုယ်ပိုင်အသိထဲမှာပါ အလိုလိုစွဲနေတော့တာပါပဲ။ ဦးနှောက်ထဲမှာစွဲသွားတယ်ဆိုတာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်လို့ ခုခံပြောဆိုလို့ရပေမဲ့ ပင်ကိုအသိမှာပါ စွဲနေတယ်ဆိုရင်တော့ ဒါကို သေချာဆန်းစစ်သင့်ပါတယ်။ ဆင်ခြင်တုံတရားရှိတဲ့ လူသားတွေဖြစ်တာမို့ အကြောင်းဖြစ်ရပ်တစ်ခုကို စဉ်းစားဆင်ခြင်ခြင်း၊ လေ့လာသုံးသပ်ခြင်းမရှိဘဲ မျက်စိစုံမှိတ် ခေါင်းညိတ်လုပ်လိုက်မယ်ဆိုရင် ကိုယ်ညံ့ရာကျသွားတော့မှာပါ။ 

ဒါကြောင့် ( ၁၃ ) ဂဏန်းနဲ့ ပတ်သက်ပြီး အစွဲရှိနေတယ်ဆိုရင် ဒီအစွဲကို အခြေအမြစ်ကစလို့ ပြန်လည်ဆန်းစစ်ပြီး ကိုယ့်ရဲ့ သတ်မှတ်ယူဆချက်က အကျိုးအကြောင်း ခိုင်လုံခြင်းရှိမရှိကို သေချာလေ့လာဖို့ လိုပါလိမ့်မယ်။ တကယ်ပဲ ကိုယ်ဟာ ( ၁၃ ) ဂဏန်းနဲ့ တစ်စုံတရာ ကျိုးကြောင်းဆက်နွယ်မှုရှိနေတယ်ဆိုရင်တော့ ကိန်းဂဏန်းတွေအကြောင်း သေချာလေ့လာသင့်ပြီး ကိုယ့်ရဲ့ ဘဝလမ်းကြောင်းမှာ ထိခိုက်ခြင်းမရှိအောင် ဆောင်ရွက်သင့်တာတော့ အမှန်ပါပဲ။ 
( ၁၃ ) ရက်နေ့မှာမွေးသူ celebrities တွေဖြစ်တဲ့ Mary-Kate, Ashley Olsen, Julia Louis Dreyfus, Steve Buscemi, Max Weinberg နဲ့ Peter Tork , Tupac Shakur … စသူတို့ကတော့ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ သေဆုံးကြတယ်လို့ CNN သတင်းတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ 

ကမ္ဘာကျော်အမေရိကန်စာရေးဆရာကြီး မာ့ခ်တွိန်းတောင် ၁၃ ဂဏန်းနဲ့ပတ်သက်ပြီး ရယ်ရမလို ငိုရမလိုဖြစ်ရပ်တစ်ခုနဲ့ ကြုံဖူးတယ်။ တစ်ရက်မှာတော့ သူဟာ ညစာစားပွဲကိုလာရောက်ဖို့ ၁၃ ယောက်မြောက်ဧည့်သည်အဖြစ် ဖိတ်ကြားခြင်းခံရတယ်။ ရှေးရိုးစွဲသူငယ်ချင်းတစ်ယောက်က မသွားဖို့ တားခဲ့ဖူးပေမယ့် မာ့ခ်တွိုင်းကတော့ သွားခဲ့တာပေါ့။ ဒါပေမဲ့ သူပြန်လာတော့ ခုလိုရင်ဖွင့်တယ်။ ကျွန်တော် ကံမကောင်းဘူးဗျာ တဲ့။ ဘာလို့လဲဆိုတော့ ညာစာစားပွဲကို သူရောက်သွားပေမဲ့ ဟိုက အစားအသောက်ကို ၁၂ ယောက်စာပဲရှိတာ စီစဉ်ထားလို့တဲ့လေ။ 
.............
Ref; http://mentalfloss.com / mysticalnumbers.com / mysticurious.com / http://entertainment.ie
.............

ကဲ … ဝန်ဇင်းပရိသတ်ကြီးလည်း ( ၁၃ ) ဂဏန်းအကြောင်း အတော်အသင့် ဖတ်ရှုခဲ့ကြပြီးပြီဆိုတော့ ( ၁၃ ) ဂဏန်းကို ဘယ်လိုမြင်မိသလဲဆိုတာ ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေသွားခဲ့ပါဦးဗျ။ “Wun Zinn Digest ရဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ဆိုတဲ့ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ ည ၉ နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်၊ ဝန်ဇင်းစာချစ်သူတို့လည်း ၁၃ ဂဏန်းအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များကဏ္ဍမှ တင်ဆက်ခဲ့သည့်အကြောင်းအရာများကို ဤပို့စ်၏ အောက်ဆုံးတွင် ဖော်ပြထားသော Related Posts များမှ လည်းကောင်း၊ အဝါရောင် စာညွှန်းများမှတဆင့်လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ]

Related Posts