လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ”အပိုင်း ( ၂ )


“Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ”
အပိုင်း ( ၂ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့ညမှာတော့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍအနေဖြင့် “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ” အပိုင်း ( ၂ ) ကို ဆက်လက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မနေ့ညမှာတော့ Harry Potter ထဲမှာ အသုံးပြုတဲ့ မန္တန် ( Magic Spell ) တွေအကြောင်း မိတ်ဆက်အဖြစ် ဖော်ပြခဲ့ပါတယ်။ ယနေ့ညမှာတော့ မန္တန်တွေ တကယ်အစွမ်းရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ဆက်လက် လေ့လာသွားကြမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

“Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ” မေးခွန်းရဲ့ အဖြေဖြစ်တဲ့ “သင့်အပေါ်မှာပဲမူတည်ပါတယ်” ဆိုတာအတွက် ဒီအချက်အလက်တွေက အဖြေပေးသွားပါလိမ့်မယ်။ ဒီအဖြေအတွက် အချက်အလက်တွေကတော့ - - -

၁။ မန္တန်တွေ တကယ်အစွမ်းရှိသလား ?
၂။ အသံစွမ်းအင်နဲ့ မန္တန်တွေအကြောင်း ?
၃။ စိတ်စွမ်းအင်နဲ့ အသံစွမ်းအင် ? 
၎။ မြန်မာ့လောကီပညာရပ်တွင် ရှိနေပြီးဖြစ်သော ဂါထာ၊ မန္တန်များ ?
၅။ အနောက်နိုင်ငံများတွင် အသုံးချလေ့ရှိသော ဂါထာ၊ မန္တန်များ ? … စတာတွေပါပဲ။ တစ်ခုချင်းစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဝန်ဇင်းစာချစ်သူများ အတွက် ပြန်လည်မျှဝေရရင်တော့ --- 

( ၁ ) မန္တန်တွေ တကယ်အစွမ်းရှိသလား - ဟုတ်ပါတယ်။ မန္တန်တွေ တကယ်အစွမ်းရှိမရှိ ဆိုတာက တကယ့်ပြဿနာ တစ်ခုပါပဲ။ ကျွန်တော်တို့ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ သူ့နည်းသူ့ဟန်နဲ့ လောကီပညာရပ်အမျိုးမျိုးက တည်ရှိနေကြပါတယ်။ ဒီ လောကီပညာရပ်တွေမှာလဲ မန္တန်ဆိုတာ မပါမဖြစ် အသက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ … မန္တန်တွေ တကယ် အစွမ်းရှိရဲ့လား၊ ဒါရွတ်လို့ ဒါဖြစ်မယ်ဆိုရင် ဒါချည်းရွတ်နေမှာပေါ့လို့ ဆိုစရာပါပဲ။ 

ဒါကြောင့် ဖြေပြီးသား မေးခွန်းကိုပဲ ထပ်မံဖြေဆိုရရင် မန္တန်တွေ အစွမ်းရှိမရှိက ကာယကံရှင် ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးတမ်းမှာတင် ဂါထာမန္တန် အတိုလေးတွေ ရှိကြပါတယ်။ ခွေးမဟောင်ဂါထာတို့၊ အရိုးကျမန္တန်တို့၊ ပီယမန္တန်တို့၊ ဒီ့အပြင် ငွေဝင်လာဘ်ရွှင်ဂါထာတွေရော၊ သွေးတိတ်မန်းဂါထာတွေရော ဂါထာမန္တန်ပေါင်း သောင်းခြောက်ထောင် စုံလို့ပါပဲ။ ( လေ့လာမယ်ဆိုရင်တော့ ဖတ်ရှုစရာ စာအုပ်တွေကလည်း များပြားတဲ့အပြင်၊ နာမည်အကြီးဆုံးတွေထဲက တစ်ခုအဖြစ် တောင်တွင်းဆရာတော် ခင်ကြီးပျော်ရဲ့ “ကဝေသာရကျမ်း ၉ - တွဲ” ကိုသာ လေ့လာကြည့်ကြပါလို့ ညွှန်းချင်ပါတယ် ) 

ဒီတော့ စာအုပ်ထဲက ပါတဲ့အတိုင်း ရွတ်ရုံနဲ့ သူပြောတဲ့အတိုင်း အကျိုးသက်ရောက်မှု ရှိမရှိ၊ ငွေဝင်ဂါထာဆိုပြီး အလုပ်မလုပ်တော့ဘဲ ဒီဂါထာချည်း ထိုင်ရွတ်နေမယ်၊ ငွေဝင်လာမလားဆိုပြီး အကန်မေးခွန်းတွေကလည်း အများအပြားပါ။ 

( ၂ ) အသံစွမ်းအင်နဲ့ မန္တန်တွေ - တကယ်တော့ ဂါထာမန္တန်ဆိုတာ “အသံတွေကိုစနစ်ကျစီစဉ်ထားတဲ့ ပညာရပ်တစ်ခု” ပဲ ဖြစ်ပါတယ်။ အသံတွေကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားပြီး အသံက ထုတ်လွှင့်လိုက်တဲ့ လှိုင်း ( wave ) တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မကာင်းတဲ့ လှိုင်းတွေကို ဖယ်ထုတ်၊ ကောင်းတဲ့ လှိုင်းတွေကို ဆွဲဆောင်ရယူခြင်း၊ သဘာဝကို တန်ပြန်အသုံးချခြင်းပဲ ဖြစ်ပါတယ်။ အသံရဲ့ စွမ်းအင်ဟာ သိပ်ကို ကြီးမားတယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ ဥပမာ - သီချင်းသံကိုပဲကြည့်ပါ၊ သာယာငြိမ့်ညောင်းတဲ့ တီးလုံး၊ တေးသံတွေကို ကြားရတဲ့အခါ သင့်ရဲ့စိတ်ဟာလည်း နူးညံ့ပျော့ပြောင်းလာမှာ ဖြစ်သလို၊ ဝုန်းဒိုင်းကြဲပြီး ကလပ်ထဲမှာလို မြူးကြွကြွ သံစဉ်တွေကြားရတဲ့အခါမှာတော့ သင့်ရဲ့ စိတ်က မြောက်ကြွမြောက်ကြွနဲ့ ချက်ချင်း တက်ကြွလာမှာဖြစ်ပါတယ်။ စစ်ချီတေးသံတွေကြားရတဲ့အခါမှာ သင့်ရဲ့စိတ်ကလည်း တိုက်ပွဲဝင်လိုတဲ့ စိတ်တွေ တဖွားဖွား ပေါ်လာမှာဖြစ်သလို တောထဲတောင်ထဲက ကျေးငှက်ကလေးတွေ၊ ကမ်းခြေက ရေလှိုင်းသံတွေကြားရတဲ့အခါမှာတော့ သင့်ရဲ့ စိတ်က ငြိမ်းချမ်းသွားမှာ အမှန်ပါပဲ။ ဒါဟာ အသံစွမ်းအင်အနေနဲ့ သက်ရှိလူသားတွေရဲ့ အာရုံကို ရိုက်ခတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကျွန်ုပ်တို့ရဲ့ တုံ့ပြန်မှုပါပဲ။ 

ဒီလို တုံ့ပြန်မှုဟာ လူသားတွေမှာတင်မဟုတ်ပါဘူး၊ တိရစ္ဆာန်နဲ့ အပင်တွေမှာတောင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ပန်းပွင့်ပွင့်ခါစ အပင်လေးနားမှာ စည်းချက်မညီတဲ့ ဆူဆူညံညံ ဂဂျိုးဂဂျောင်အသံနဲ့ တယောတီးပြနေမယ်၊ သံစဉ်မမှန်တဲ့ ဂီတနုတ်နဲ့ ဂီတာတစ်လက် တီးခတ်လိုက်မယ်ဆိုရင် ဒီအပင်လေးက ပန်းပွင့်နေတယ်ဆိုရင် မကြာခင်ညှိုးသွားမှာဖြစ်သလို၊ အဖူးအငုံအဖြစ်ဆိုရင်လည်း ပန်းပွင့်လာခြင်းရှိတော့မှာ မဟုတ်ပါဘူး၊ အပင်ကို အသံနဲ့ သေအောင်သတ်လို့ရတဲ့အထိ အကျိုးသက်ရောက်မှုရှိပါတယ်။ အပင်လိုမျိုး ရှင်သန်နေတဲ့အရာမဟုတ်ဘဲ၊ သက်မဲ့ဖြစ်တဲ့ ဖန်ခွက်တို့တောင်မှ သူ့ရဲ့ ခံနိုင်တဲ့ အသံလှိုင်းကိုကျော်လွန်တဲ့ အသံတစ်ခုနဲ့ ထိခိုက်လိုက်မယ်ဆိုရင် ဖန်ခွက်ကွဲသွားတာ၊ မှန်တွေကွဲကြေသွားတာ စတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ 

ဒါကြောင့် မမြင်ရတဲ့ လှိုင်းတွေ ထုတ်လွှတ်တဲ့ အသံဟာ လောကမှာရှိတဲ့ သက်ရှိသက်မဲ့အရာတွေပေါ် သက်ရောက်မှုရှိတယ်ဆိုရင်၊ တကယ်လို့များ မိမိကိုယ်တိုင်ကသာ ဒီလို အကျိုးသက်ရောက်မှုရှိတဲ့ အသံတွေကို ဖန်တီးနိုင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ … ဒီလိုနဲ့ အသံကို စွမ်းအင်အဖြစ် အသုံးချဖို့ ရည်ရွယ်ရင်း မန္တန်တွေဖြစ်ပေါ်လာတယ်လို့ မန္တန်ပညာရပ်တွေက ဆိုကြပါတယ်။ 

၃။ စိတ်စွမ်းအင်နဲ့ အသံစွမ်းအင် - မန္တန်ပညာရပ်အတွက် အဓိက အရေးပါတဲ့ အရာတစ်ခုကတော့ စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ အလွယ်ဆုံးသိရှိနိုင်မယ့် နိယာမတစ်ခုကတော့ မန္တန်တစ်ခုအတွက် အသံအစီအစဉ်တစ်ခုကို ဖန်တီးလိုက်တယ်၊ ထို့အတူ မန္တန်ကို ရွတ်ဆိုတဲ့လူရဲ့ စိတ်ဟာ တည်ငြိမ်ပြီး အစွမ်းထက်နေမယ်ဆိုရင် စိတ်စွမ်းအင်က ထွက်ပေါ်လာတဲ့ လှိုင်းနဲ့ မန္တန်က ထုတ်လွှတ်လိုက်တဲ့ အသံလှိုင်းတို့ဟာ ပေါင်းစည်းပြီး အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ စိတ်စွမ်းအင်နဲ့ အသံစွမ်းအင်တို့ ဆက်စပ်ပုံကို အရှင်းဆုံးပြောရရင် -- ကျွန်တော်တို့ဟာ နေ့စဉ်လူတွေနဲ့ စကားပြောဆို ဆက်ဆံနေရပါတယ်။ တကယ်တမ်းသတိထားကြည့်မယ်ဆိုရင် စိတ်ထဲမှာ ပြောနေတဲ့ စကားတွေက လက်တွေ့မှာ နှုတ်ကထုတ်ပြောလိုက်တဲ့ စကားထက် ပိုပြီး များပြားနေတာကို တွေ့ရမှာပါ။ 

စိတ်ရဲ့အလျင်ဟာ သိပ်ကို မြန်လွန်းတဲ့အခါကျတော့ နှုတ်ကထွက်မယ့် စကားဟာ စိတ်ထဲမှာ ပြောနှင့်ပြီးပြီ၊ စိတ်ရဲ့ စွမ်းအင်တွေက ဒီစကားလုံးတွေထဲမှာ ပါသွားပြီ။ ဒါကြောင့် သင့်ရဲ့ စိတ်ဟာ တည်ကြည်ငြိမ်သက်နေမယ်၊ သမာဓိရှိပြီး စွမ်းအင်ပြည့်ဝနေမယ်ဆိုရင် သင့်ရဲ့ စကားတွေ၊ သင့်စကားပြောလိုက်တဲ့အခါ ထွက်လာတဲ့ အသံစွမ်းအင်ကလည်း နူးညံ့ တည်ကြည်နေမှာပါ။ သင့်ရဲ့ စိတ်က ဒေါသထွက် မငြိမ်မသက်ဖြစ်နေရင်တော့ သင့်ရဲ့ အသံစွမ်းအင်က နှုတ်ကထွက်လာတဲ့အခါမှာ တစ်ဖက်လူ နားမခံသာတဲ့ ကြမ်းကြမ်းတမ်းတမ်း အသံတွေအဖြစ် ထွက်လာမှာပါ။ စိတ်ပျံ့လွင့်လွယ်တဲ့သူ၊ စိတ်စွမ်းအင်နည်းတဲ့သူက စကားကို ခပ်ပေါ့ပေါ့နဲ့ ပြောတတ်သလို သူ့ရဲ့ စကားသံဟာလည်း ပေါ့ပေါ့ရွှတ်ရွှတ်နဲ့ လေးစားချင်စရာမကောင်းတာကို တွေ့ရမှာပါ။ စိတ်စွမ်းအင်ရှိတဲ့သူ၊ စိတ်တည်ငြိမ်တဲ့သူရဲ့ စကားပြောသံကတော့ လေးနက်တည်ကြည်ပြီး နက်နက်နဲနဲရှိတဲ့ အသံစွမ်းအင်ကို ခံစားမိမှာပါ။ ဒါတွေဟာ ကျွန်တော်တို့ လက်တွေ့ဘဝမှာ နေ့စဉ်ကြုံတွေနေကြတဲ့ အသံစွမ်းအင်တွေပါပဲ။ 

ဒါကြောင့် ထွက်လာတဲ့အသံတွေအပေါ် စိတ်ရဲ့စွမ်းအင် လွှမ်းမိုးမှုက ကြီးမားတယ်ဆိုတာကို မျက်မြင်လက်တွေ့ သိရှိနိုင်ပါတယ်။ ဒီလိုပါပဲ --- မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ ရွတ်ဆိုပူဇော်စရာ မန္တန်တွေ၊ ဂါထာတွေ၊ ပရိတ်တော်တွေ အများအပြား ရှိနေပါတယ်။ အချို့က ရွတ်ဆိုပူဇော်တယ်၊ မထူးခြားဘူး။ အချို့က ထူးခြားတယ်၊ တစ်ခုခုဖြစ်တော့မယ်ဆိုရင် ကြိုသိရတတ်တယ်၊ ပြဿနာတွေ ပြေလည်သွားတယ်၊ အလုပ်အကိုင်အဆင်ပြေသွားတတ်တယ်။ ဒါဟာ ဘာကွာခြားမှုကြောင့်လဲ --- တကယ်တော့ မိမိရွတ်ဆိုတဲ့ မန္တန်ရဲ့ စည်းမျဉ်းတွေကို မလိုက်နာလို့ပါပဲ။ 

ဝတ္တရားအရ ရွတ်တယ်၊ စိတ်တည်ငြိမ်မှုမရှိ သမာဓိမရှိဘဲရွတ်တယ်၊ ဒီအခါ ပထမအချက်အနေနဲ့ မန္တန်အတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ စိတ်စွမ်းအင်က လျော့နည်းသွားပြီပဲ ဖြစ်ပါတယ်။ 

အလျင်စလိုရွတ်တယ်၊ ပြီးပြီးရောရွတ်တယ်၊ ဒီအခါ ဒုတိယအချက်အနေနဲ့ စနစ်တကျ စီစဉ်ထားတဲ့ အသံတွေနဲ့ တည်ဆောက်ထားတဲ့ မန္တန်တွေမှာ လိုက်နာရမယ့် ဋ္ဌာန်နဲ့ ကရိုဏ်းနဲ့ လေသံအတက်အကျ မှန်ကန်စွာရွတ်ဖို့ကို လိုက်နာနိုင်စွမ်း မရှိတော့ပါဘူး။ 

ဒီနှစ်ချက်နဲ့တင် သင်ဟာ ဘယ်လောက်ပဲ စွမ်းပါတယ်ဆိုတဲ့ မန္တန်ကိုပဲရွတ်ရွတ် ထူးခြားပြောင်းလဲလာမှုရှိမှာ မဟုတ်ပါဘူး။ မန္တန်ပညာရပ်အတွက် အခြေခံ စည်းမျဉ်းသုံးခုရှိရာမှာ ခုနကပြောခဲ့တဲ့ အသံစွမ်းအင်နဲ့ စိတ်စွမ်းအင်က အဓိက ကျသလို နောက်ဆုံးတစ်ချက်ဖြစ်တဲ့ “ထုံ”နေဖို့ ဆိုတာကလည်း သိပ်ကို အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

၎။ မြန်မာ့လောကီပညာရပ်တွင် ရှိနေပြီးဖြစ်သော ဂါထာ၊ မန္တန်များ - နောက်ဆုံးအချက်ဖြစ်တဲ့ “ထုံ” နေဖို့ ဆိုတာက တကယ်ပဲ အရေးကြီးပါတယ်။ ဘုရားစောင်းတန်းတွေမှာ ရောင်းနေတဲ့ ပရိတ်ပဋ္ဌာန်း နဲ့ ဂါထာမန္တန်စာအုပ်တွေကစလို့၊ မိမိအိမ်မှာ လူကြီးတွေက နှုတ်တိုက်ချပေးတဲ့ ဂါထာမန္တန်တွေထိ ရွတ်ဆိုရာမှာ “ထုံ” နေဖို့ လိုပါတယ်။ “ထုံ” တယ်ဆိုတာ တစ်ခုခုကို စွဲစွဲမြဲမြဲ လေ့ကျက်အားထုတ်လို့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဒီမန္တန်လေးရွတ်လိုက်တယ်၊ တစ်ရက်နှစ်ရက်ကြာ၊ တစ်လလောက်ကြာတော့ နောက်တစ်ခုပြောင်းရွတ်တယ်။ အများကြီးရွတ်ရင် အများကြီးထူးမယ်ထင်ပြီး မန္တန်ပေါင်းသောင်းရှစ်ထောင် လျှောက်ရွတ်တယ်။ ဘာမှမထူးတော့ မန္တန်စာအုပ်၊ ပရိတ်တော်ပူဇော်ဖို့ စာအုပ်တွေက ချောင်ထဲရောက်သွားတယ်။ ( ပဋ္ဌာန်း ပရိတ်နဲ့ ဓမ္မစကြာ … စတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်တွေ၊ သစ္စာတရားတွေကို အလေးအနက်ဖော်ထုတ်ထားတဲ့ ဂါထာ လင်္ကာတွေက တစ်ပိုင်းသက်သက် ပြောရမှာဖြစ်လို့ ဒီစာစုမှာတော့ ချန်ထားခဲ့ပါစေ ) 

ဒီတော့ ဆိုလိုချင်တာက မန္တန်ရွတ်တဲ့အခါ တစ်ခုတည်းကို စွဲစွဲမြဲမြဲမရှိဘဲ “ထုံ” နေအောင်မရွတ်ဘဲ သင့်ရာသင့်ရာ မန္တန်နောက်လိုက်နေတဲ့ ကိစ္စပါ။ တကယ်တော့ မန္တန်နောက်ကို ကိုယ်ကလိုက်ရမှာ မဟုတ်ဘဲ မန္တန်က ထွက်ပေါ်လာတဲ့ အသံစွမ်းအင်က ကိုယ့်နောက်ကို အစဉ်လိုက်နေမှသာ အကျိုးအကြောင်းတိုက်ဆိုင်တဲ့အခါမှာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အသံစွမ်းအင်ထွက်ပေါ်လာတဲ့အခါ ( လှိုင်း ) က မိမိပတ်ဝန်းကျင်၊ မိမိရဲ့ ကိုယ်ရောင်ကိုယ်ဝါ ( ကိုယ်ရောင်ကိုယ်ဝါအကြောင်းကို နောက်အလျဉ်းသင့်ရင် တင်ပြပေးသွားပါမယ်။ ) အနီးအနားမှ အမြဲရှိမနေပါဘူး။ ပျံ့လွင့်သွားပါတယ်။ ဒါပေမယ့် ဒီအသံလှိုင်းကိုချည်း ပုံမှန် ထုတ်လွှင့်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ မန္တန်က ထွက်ပေါ်လာတဲ့ အသံစွမ်းအင်၊ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမယ့် စွမ်းအင်တွေက ကိုယ့်အနားမှာ ခိုင်မြဲနေမှာပါ။ ဒါဟာ “ထုံ” သွားတာပါပဲ။ ( ဒီအကြောင်းအရာအတွက် ကိုယ်ရောင်ကိုယ်ဝါနှင့် လျှပ်စစ်သံလိုက်စက်ကွင်းအကြောင်း အကျယ်ချဲ့ ရှင်းလင်းရမှာမို့ နောက်တစ်ပတ်မှာ အကျယ်အဖြစ် ဆက်လက်ဖော်ပြပါရစေ ) 

( ၅ ) အနောက်နိုင်ငံများတွင် အသုံးချလေ့ရှိသော ဂါထာ၊ မန္တန်များ - မန္တန်ပညာနဲ့ ပတ်သက်ပြီးတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်း အဓိက ကွာခြားချက်တစ်ခုကတော့ အနောက်တိုင်းလောကီပညာရပ်တွေမှာ အသုံးချတဲ့ မန္တန်တွေက အစီအရင်တွေနဲ့ အများဆုံး တွဲစပ်အသုံးပြုမှုပါပဲ။ ဖယောင်းတိုင်၊ ကြေးဖလား၊ အရပ်လေးမျက်နှာ ဓာတ်ကြီးလေးပါးကိုယ်စားပြု နတ်ဘုရားတွေ၊ သစ်နွယ် သစ်ရွက် သစ်ခက်နဲ့ ရေခွက်၊ ဓား၊ သစ်ကိုင်းချောင်း၊ အမွှေးဆီ … စတဲ့စတဲ့ မန္တန်အစွမ်းထက်ဖို့ ဘေးကနေ ထောက်ပံ့ကူညီရတဲ့ ပစ္စည်းပစ္စယာ များပြားသလို အဆင့်လည်း များပြားလေ့ရှိပါတယ်။ အရှေ့တိုင်းမှာတော့ အစီအရင်ကို အဓိကထားပြီး မန္တန်နဲ့ တွဲစပ်အသုံးပြုမှသာ ဒီလို အလုပ်ရှုပ်တတ်ပေမယ့် အများအားဖြင့် ရိုးရှင်းပြီး အနောက်တိုင်းမှာတော့ မန္တန်ကို အသုံးချဖို့အတွက် အစီအရင်ပြုလုပ်ရတဲ့ အဆင့်တွေက များပြားပါတယ်။ အရိုးရှင်းဆုံး ဥပမာအဖြစ် Harry Potter ရုပ်ရှင်ကိုပဲ ညွှန်ပြပါရစေ။ မန္တန်ရွတ်ဆိုရာမှာ ဒီတိုင်းရွတ်လို့မရပါဘူး၊ မှော်တုတ်တံ ( Wand ) မှ Spell Casting ကို ပြုလုပ်လို့ရတာပဲ ဖြစ်ပါတယ်။ အရှေ့တိုင်းမှာတော့ လက်ညှိုးနဲ့ဖြစ်စေ၊ လက်ဝါးသပ်ချပြီးဖြစ်စေ ဂါထာမန္တန်တွေ ရွတ်ဆို မန်းမှုတ်လေ့ရှိကြပါတယ်။ 

မနေ့ကဖော်ပြခဲ့သလိုပဲ အနောက်တိုင်းလောကီပညာမှာ အထင်ရှားဆုံးကတော့ Wicca ဆိုတဲ့ မှော်ပညာကို အသုံးချလို့ရတဲ့ ဘာသာရေးပါပဲ။ သဘာဝလောကကြီးထဲက လျှို့ဝှက်နက်နဲတဲ့ စွမ်းအင်တွေကို ရယူအသုံးချဖို့၊ သဘာဝတရားကိုပဲ နတ်ဘုရားအရာထားပြီး၊ ဥပမာ - God နဲ့ Goddess ၊ နတ်ဘုရားနဲ့ နတ်ဘုရားမ ၊ သဘာဝလောကကြီးကို ပြုပြင်စီရင်နေတဲ့ အဓိကကျသော အဖိုဓာတ်နဲ့ အမဓာတ်၊ ကျန်တဲ့ သဘာဝနိယာမတရားတွေကိုလည်း ဒီလိုလက်ခံထားလေ့ရှိပြီး အခြားအဖွဲ့အစည်းတွေလို နတ်ဘုရား ကိုးကွယ်ခြင်းမဟုတ်ဘဲ နတ်ဘုရားတွေကို ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်းတွေသာ ပြုလုပ်ကြတဲ့ Wicca အဖွဲ့အစည်း၊ Wiccan တွေမှာ မန္တန်ရွတ်ဆိုခြင်းတွေကို အများအပြား တွေ့နိုင်ပါတယ်။ အနောက်တိုင်း လောကီပညာအကြောင်းပြောရရင်တော့ ပြင်ပမှာရှိတဲ့ မှော်ပညာကျမ်းတွေကိုပါ ကိုးကားပြောဆိုရမယ့်အပြင် သိပ်ကို ရှည်လျားထွေပြားလို့ မန္တန်အကြောင်းနဲ့ ပတ်သက်လို့ ဒီမှာတင် ရပ်နားပါတော့မယ်။ 

အချစ်၊ လူမှုရေး၊ ငွေကြေး၊ မျက်နှာမြင်ချစ်ခင်ပါစေလို ပီယမန္တန်မျိုးတွေ၊ ဝိညာဉ် ဘေးအန္တရာယ် မကျရောက်ရေးအတွက် အကာအကွယ် မန္တန်တွေ … စတဲ့ မန္တန်တွေကို ယုံယုံကြည်ကြည်နဲ့ အသုံးချနေတဲ့ အနောက်နိုင်ငံက နည်းပညာခေတ် လူမှုအဖွဲ့အစည်းထဲမှာ ယနေ့တိုင် တွေ့နိုင်ပါသေးတယ်။ ဝန်ဇင်းစာချစ်သူတို့အတွက်လည်း အနောက်တိုင်းလောကီပညာထဲက အချစ်ရေးနဲ့ ပတ်သက်ပြီး မျက်နှာပွင့်စေမယ့် ရိုးရိုးရှင်းရှင်း ရွတ်ဆိုလို့ရတဲ့ မန္တန်တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။   

ပီယမန္တန် - AMANPREE MILE VO ABHI

-	ဒီမန္တန်ကို ရွတ်ဆိုမယ်ဆိုရင်တော့ သင်ချစ်နေတဲ့သူနေထိုင်တဲ့ အိမ်ရှိရာအရပ်ကို မျက်နှာမူပြီး အကြိမ်ရေ ( ၄၀ ) ရွတ်ဆိုရမှာ ဖြစ်ပါတယ်။ မရွတ်ဆိုစဉ်ကတည်းက စိတ်ကို စုစည်းကာ တည်ငြိမ်အောင် ထားရမှာ ဖြစ်ပြီး မန္တန်ရွတ်ဆိုနေစဉ်မှာလဲ စိတ်ပျံ့လွင့်သွားလို့ မရပါဘူး။ ရွတ်ဆိုပြီးသွားတဲ့အခါမှာ ငါးမိနစ်ခန့် ငြိမ်သက်ပြီး စိတ်အာရုံထဲမှာ သင့်ချစ်သူဆီက မေတ္တာဓာတ်တွေ၊ အချစ်တွေ သင့်ဆီကို ရောက်ရှိလာပြီ၊ တစ်ဖက်လူဆီက အချစ်မေတ္တာတွေကို ရရှိလိုက်ပြီလို့ အာရုံပြုပေးရမှာဖြစ်ပါတယ်။

ကဲ … ဝန်ဇင်းပရိသတ်ကြီးထဲက FA တွေ၊ စစ်ဂနယ်တွေလည်း ထူးမထူးသိချင်ရင်တော့ ဒီမန္တန်လေးကို အသုံးချကြည့်ပါဦးလို့ တိုက်တွန်းရင်း ကောင်းသောညပါလို့ နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။ 

"နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ည ( ၉ ) နာရီမှာလည်း သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ဖော်ပြပေးသွားဦးမှာမို့ စောင့်မျှော် ဖတ်ရှု အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ" "ဝန်ဇင်းစာချစ်သူတို့အနေနဲ့ အခုဖတ်ရှုခဲ့ရတဲ့ ပို့စ်လေးကို နှစ်သက်သဘောကျပါတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်" 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts