“သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ” အပိုင်း (၁) [ လျှို့ဝှက်ဆန်းကြယ


“သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ”
[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
အပိုင်း ( ၁ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို ဖော်ပြတင်ဆက်ပေးနေတဲ့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍရဲ့ ဒီတစ်ပတ်အတွက် ကျရောက်လာတဲ့ အကြောင်းအရာကတော့ “သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ” ပဲ ဖြစ်ပါတယ်။ သမိုင်းထဲက လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်များစွာအနက် အချို့ကို ကောက်နုတ်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။

စာချစ်သူတို့အနေနဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ် အကြောင်းအရာတွေထဲက ပိရမစ်တွေအကြောင်း၊ ဘာမျူဒါတြိဂံဒေသအကြောင်းနဲ့ အတ္တလန်တစ်ရှေးဟောင်းမြို့ပျက်ကြီးအကြောင်းတွေကို စိတ်ဝင်တစား ဖတ်ရှု သိရှိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ အခုတင်ဆက်မှာတွေကတော့ အဲ့ဒီအရာတွေနဲ့ မတူတဲ့ ထူးခြားဆန်းကြယ် ဖြစ်ရပ်များပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … စပြီး လေ့လာလိုက်ရအောင်လားခင်ဗျာ။  

၁။ “ဒုတိယကမ္ဘာစစ်အတွင်းက ဂြိုဟ်သားများ” - ဒီကိစ္စကို “Foo Fighter” လို့ အမည်ပေးထားပြီး ဒုတိယကမ္ဘာစစ်သမိုင်းရဲ့ တစ်ထောင့်တစ်နေရာမှာ ယခုအချိန်ထိ လင်းလက်နေဆဲဖြစ်တဲ့ ထူးခြားဆန်းကြယ် မှတ်တမ်းဝင် အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ … ဒုတိယကမ္ဘာစစ်ကြီးအတွင်း တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာ တိုက်လေယာဉ်မှူး ပိုင်းလော့အချို့နဲ့ စစ်သင်္ဘောပေါ်က စစ်သားတွေဟာ ကောင်းကင်မှာပေါ်နေတဲ့ ထူးဆန်းတဲ့ အလင်းရောင်တွေကို သတိထားမိခဲ့ကြပါတယ်။ ဒီအလင်းရောင်ကွက်ကြီးတွေဟာ လည်နေတဲ့ စီဒီခွေချပ်တွေလိုပဲလို့ ဆိုပါတယ်။ 

၁၉၄၂ ခုနှစ် နောက်ပိုင်းမှာတော့ တော်ဝင်လေတပ်ရဲ့ လေယာဉ်မှူးတစ်ဦးဟာ တိုက်လေယာဉ်တစ်စီးနဲ့ ပြင်သစ်နိုင်ငံပေါ် ပျံသန်းနေစဉ်မှာပဲ သူ့ယာဉ်ဆီကို ပျံသန်းလာနေတဲ့ ဆန်းကြယ်တဲ့ အလင်းရောင်နှစ်ခုကို သတိပြုမိခဲ့တယ်။ အစမှာတော့ ဒါဟာ တာဝေးပစ်ဒုံးကျည်နောက်က မီးတောက်တွေပဲလို့ ထင်လိုက်မိပေမဲ့ တကယ်တော့ အဲ့ဒီအရာနှစ်ခုက သူ့ယာဉ်နောက်ကို လိုက်နေတယ်ဆိုတာ သိလိုက်ရတယ်။ သူကွေ့ရင်လိုက်ကွေ့ သူရွေ့ရင်လိုက်ရွေ့ပြီး ဘယ်လိုပဲ ကြိုးစားကြိုးစား ဒီအလင်းရောင်တွေကို သူ မျက်ခြေဖြတ်လို့မရခဲ့ဘူး၊ ဒါပေမဲ့ အဲ့ဒါတွေကဟာ သူ့ယာဉ်နဲ့ ခပ်ခွာခွာကနေပဲ လိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်များစွာ ပျံသန်းပြီးနောက်မှာတော့ သူတို့တွေဟာ မြင်ကွင်းကနေ ပျောက်သွားခဲ့ကြပါတယ်။ 

ဒီဖြစ်ရပ်ပြီးလို့ လေးလအကြာမှာပဲ ဆော်လမွန်ကျွန်းမှာရှိတဲ့ ရေတပ်သားတွေဆီက သတင်းပို့ချက် ရောက်လာပါတယ်။ ကောင်းကင်ပြင်မှာ ငွေရောင်ရှိတဲ့ အရာဝတ္ထုပေါင်း ၁၅၀ ကျော်က အပြိုင်ပျံသန်းသွားတယ်လို့ မြင်ခဲ့ကြတာပါတဲ့။ သူတို့အားလုံး သတိထားမိလိုက်တာကတော့ အဲ့ဒီအရာတွေဟာ ဆူဆူညံညံ အသံစုံထွက်နေပြီး လေယာဉ်တွေလို အတောင်အလက်တွေလည်း မပါဘူးလို့ဆိုပါတယ်။ 

မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ ပြောစကားတွေဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးအထိ အံ့သြကုန်နိုင်ဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလတိုင်အောင် ဒီသတင်းအချက်အလက်တွေဟာ သတင်းစာမျက်နှာတွေထက်မှာ မ ‘ပေါက်’ ခဲ့ပါဘူး။ 

၂။ “စပိန်နိုင်ငံရဲ့ ကျောက်တုံးကြီးများ” - Menorca လို့ခေါ်တဲ့ စပိန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ မက်ဒီတာရေးနီးယန်းကျွန်းစုတွေပေါ်မှာရှိတဲ့ ကျောက်တုံးကြီးတွေကလည်း ထူးခြားဆန်းကြယ်အရာတွေထဲက နာမည်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ထောင်လိုက် ထောင်မတ်ထားတဲ့  ဧရာမ ကျောက်တုံးကြီးတွေဟာ ရှေးရှေးက အခမ်းအနားတွေမှာ သုံးတဲ့ ကျောက်တိုင်ကြီးတွေလိုပုံစံရှိပြီး အင်္ဂလန်နိုင်ငံ၊ ဝှသ်ထ်ရှိုင်းယားပြည်နယ်မှာရှိတဲ့ Stonehenge လို့ခေါ်တဲ့ ကျောက်တုံးစုကြီးတွေထဲက ပုံစံတွေနဲ့ အတော်ဆင်တယ်လို့ ဆိုကြပါတယ်။ “ထော့လာ့စ်” လို့ခေါ်တဲ့ ဒီကျောက်တုံးကြီးတွေကို လွန်ခဲ့တဲ့ ဘီစီ ၂,၀၀၀ လောက်ကတည်းက ကျွန်းပေါ်နေထိုင်သွားခဲ့တဲ့ ရှေးဟောင်းလူမျိုးစုတွေက ထောင်မတ်သွားခဲ့တယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီကျောင်တုံးကျောက်တိုင်ကြီးတွေရဲ့ တည်ဆောက်မှုအပိုင်းကိုတော့ လေ့လာဖို့ ခက်ခဲနေသလို ဒါတွေကို Menorca ကျွန်းပေါ်မှာပဲ တွေ့ရပြီး နီးစပ်ရာ အိမ်နီးနားချင်းနိုင်ငံရဲ့ ကျွန်းတွေပေါ်မှာ မတွေ့ရမှုကလည်း အဖြေရှာမရတဲ့ ပဟေဠိတစ်ပုဒ် ဖြစ်နေပြန်ပါရော။ 

ဖြစ်နိုင်ချေသီအိုရီပေါင်းများစွာ တွက်ထုတ်ပြီးနောက်မှာတော့ အချို့က ဒီကျောက်တုံးကြီးတွေဟာ ရှေးဟောင်းဘုရားကျောင်းတွေရဲ့ ပုံစံဖြစ်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဂျာမန်လူမျိုး ကျောက်စာပညာရှင်ဖြစ်သူ ‘Waldemar Fenn’ ရဲ့ သီအိုရီအရကတော့ “ထော့လာစ်” တွေအားလုံးဟာ တောင်ဘက်ကိုပဲ မျက်နှာမူနေကြတယ်၊ အကြမ်းဖျင်းအားဖြင့် ဒီအချက်ဟာ ကျောက်တုံးကြီးတွေကို လရဲ့ရွေ့လျားမှုကို တိုင်းထားဖို့ တည်ဆောက်ခဲ့တဲ့ ဘာသာရေးအထိမ်းအမှတ် အဆောက်အဦးတွေ ဖြစ်တယ်လို့ မှန်းဆခဲ့ပါတယ်။ သူ့ရဲ့ သီအိုရီဟာ နောက်ပိုင်းမှာတော့ ‘Taula Moon Theory’ အဖြစ် လူသိများခဲ့ပါတယ်။  

ကံမကောင်းစွာဘဲ Fenn ရဲ့ သီအိုရီဟာ အကောင်းပကတိ ကျန်ရှိနေတဲ့ ကျောက်တုံးကြီးတွေအတွက်သာ ဖြစ်ခဲ့ပြီး ကျွန်းရဲ့ မြောက်ဘက်မှာ ထပ်မံတွေ့ရှိလိုက်ခဲ့ကြတဲ့ ဧရာမကျောက်တုံးကြီးတွေအတွက်တော့ မကိုက်ညီခဲ့ပါဘူး။ ဒါကြောင့် ဒီကျောက်တုံးကျောက်တိုင်ကြီးတွေရဲ့ အကြောင်းအရင်း အစစ်အမှန်ဟာ ယနေ့ထက်တိုင် ပဟေဠိတစ်ပုဒ်အဖြစ် ကျန်ရစ်နေဆဲပဲ ဖြစ်ပါတယ်။ 
Ref. listverse.com
………….
ဝန်ဇင်းသတင်းစကား ။       ။  စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖော်ပြပေးနေတဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ည ( ၉ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုတင်ဆက်လိုက်တဲ့ “သင့်ရဲ့ စူးစမ်းဆင်ခြင်ဉာဏ်ကို စိန်ခေါ်မယ့် အဖြေရှာမရသော ဖြစ်ရပ်များ” အပိုင်း ( ၂ ) ကိုတော့ မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် ဖော်ပြသွားမှာဖြစ်ပြီး အံ့သြစရာ အဖြစ်အပျက် အကြောင်းအရာ များစွာ ပါဝင်လာမှာမို့ ဝန်ဇင်းစာချစ်သူများအနေနဲ့ Wun Zinn Digest ထဲကို ဝင်ရောက် အားပေးဖတ်ရှုကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
.............

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။





Related Posts