လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ "ဝင်ချက်စတာစံအိမ်" အပိုင်း ( ၂ )


ပရလောကနှင့် ဆက်စပ်နေသည့် ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်ကြီး 
အပိုင်း ( ၂ ) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာညချမ်းပါခင်ဗျာ … 

ဒီနေ့ညမှာတော့ ကျွန်တော်တို့ Wun Zinn Digest မှ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍသစ်မှ ဆက်လက် တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ “ပရလောကနှင့် ဆက်စပ်နေသည့် ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်ကြီး” အပိုင်း ( ၂ ) ပဲ ဖြစ်ပါတယ်ခင်ဗျ။ မနေ့ညမှာတော့ အပိုင်း ( ၁ ) ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဝင်ချက်စတာစံအိမ်ကြီး စတင်တည်ဆောက်ဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေနဲ့ မုဆိုးမ ဆာရာဝင်ချက်စတာရဲ့ အဖြစ်သနစ်တွေကို ဝန်ဇင်းစာချစ်သူများအတွက် တင်ဆက်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျ။ 

ကဲ … ဒီနေ့မှာတော့ ဝင်ချက်စတာ၊ ဝင်္ကဘာစံအိမ်ကြီးအကြောင်း ဆက်လက်ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

၎။ လျှို့ဝှက်မှုများရဲ့ ကနဦးစ

နတ်ဝင်သည်ကြီးရဲ့ ညွှန်ကြားချက်တွေနဲ့ ကျိန်စာမသင့်လိုတဲ့ ဆာရာရဲ့ ယုံကြည်ချက်ဟာ ဝင်ချက်စတာစံအိမ်ကြီးကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ၁၈၈၆ ခုနှစ်မှာ ဆန်ဟိုဆေးမြို့ကလေးမှာရှိတဲ့ အခန်း ၈ ခန်းပါ ယာတောအိမ်တစ်လုံးကို ဝယ်ယူလိုက်တယ်။ ပြီးတော့ လက်သမားတွေငှားပြီး ဆောက်လုပ်ခဲ့တာ နေ့ရောညမှာ နားချိန်မရှိ ဆက်တိုက်ပဲ။ တစ်ပတ်မှာ ခုနစ်ရက်၊ တစ်နှစ်မှာ ၅၂ ပတ် နဲ့ ၃၈ နှစ်ကြာအောင် နေ့ညမနား ဆောက်လုပ်ခဲ့တာနော်။ သူတို့ ဆောက်လုပ်ပြီးစီးချိန်က ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့။ ဘာလို့အဲ့ဒီအချိန်မှာ အိမ်ဆောက်လုပ်မှု ရပ်တန့်သွားလဲဆိုတော့ ဒီစံအိမ်ကြီးကို ရုပ်လုံးဖော်ခဲ့သူ၊ အိုမင်းမစွမ်းရှိပြီဖြစ်တဲ့ စံအိမ်သခင်မကြီးက အိပ်ပျော်နေရင်းကနေ နှလုံးရပ်ပြီး ကွယ်လွန်သွားလို့ပါပဲ။ ဆာရာအဘွားကြီး သေဆုံးပြီဆိုတဲ့သတင်း ကြားကြားချင်းမှာပဲ အိမ်က လက်သမားတွေက တူကိုချ၊ နံရံပေါ် ရိုက်နေတဲ့သံ တန်းလန်းကိုတောင် ပစ်ထားပြီး စံအိမ်ကြီးကနေ ချက်ချင်းထွက်လာတော့တာပဲတဲ့။ 

၅။ ခြောက်ခြားဖွယ်ရာ စံအိမ်ကြီး

အိမ်ဆောက်တာကို မရပ်လိုက်နဲ့၊ ရပ်လိုက်တာနဲ့ သေရလိမ့်မယ်လို့ နတ်ဝင်သည်ကြီးပြောဆိုချက်အတိုင်း ၃၈ နှစ်ကြာ ဆောက်လုပ်ခဲ့တဲ့ ဒီအိမ်ကြီးဟာ လျှို့ဝှက်နက်နဲမှုတွေ အပြည့်ပါပဲ။ အိမ်ကြီးရဲ့ တံခါးပေါက်တွေဟာ ဖွင့်လိုက်တာနဲ့ ရှေ့မှာ နံရံကြီးပိတ်နေပြီး ဘာမှရှိမနေတာ၊ ဖွင့်လိုက်တာနဲ့ အိမ်အောက်ကို ပြုတ်ကျသွားလောက်တဲ့ တံခါးပေါက်တွေ။ ပြီးတော့ ထူးဆန်းလွန်းမက ထူးဆန်းလှတဲ့ လှေကားထစ်တွေ။ အပေါ်ကို လှေကားထစ်အတိုင်း တက်သွားပေမဲ့ လှေကားထိပ်ရောက်တဲ့အခါ အပိတ်ကြီးဖြစ်နေပြီး ရှေ့ဆက်မရတာ၊ အောက်ဆင်းသွားတဲ့ လှေကားထစ်တွေက အပေါ်ကို ပြန်တက်လာပြီး ဆက်သွားလို့ မရတော့တာနဲ့ အချို့လှေကားထစ်တွေဆို တစ်ထစ်နဲ့တစ်ထစ်ကြား နှစ်လက်မသာသာပဲ အမြင့်ရှိတာတွေ၊ ဘယ်ကိုမှ မရောက်တဲ့ လှေကားထစ်တွေ၊ အခန်းတိုင်းက ပုံစံဆင်တူတွေနဲ့ လျှောက်လမ်းကျဉ်းကျဉ်းတွေဟာ အသက်ရှူမဝတဝဖြစ်စေတာ စတဲ့စတဲ့ ကြီးကျယ်ခမ်းနားသလောက် ရှုပ်ထွေးပွေလီ ခြောက်ခြားဖို့ကောင်းတဲ့ ဒီအိမ်ကြီးကို လာရောက်လေ့လာတဲ့ ခရီးသွားတိုင်းကို “လူစုမကွဲကြဖို့” “ကန့်သတ်နေရာတွေမသွားဖို့” အထူးသတိပေး ပြောထားရပါတယ်။ 

၆။ အိမ်ကြီးထဲရောက်သွားတဲ့အခါ

ဒါတောင် တစ်ယောက်တည်း အဖွဲ့ကွဲသွားလို့ ဝိညာဉ်တွေရဲ့ အရိပ်ပြ အသံပြု ခြောက်လှန့်မှုတွေကို ခံရတဲ့ သာဓကတွေက တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အိမ်ကြီးကို ရောက်ခဲ့ပြီး၊ စိတ်လန့်ဖွယ်ရာတွေကြုံခဲ့တဲ့ ကမ္ဘာ့လှည့်ခရီးသည်တိုင်း ပြောမဆုံးပေါင် တောသုံးတောင်ကို ဖြစ်လို့ပေါ့။ လူပြောသူပြောအများဆုံးကတော့ သူတို့သွားတဲ့နေရာတိုင်းမှာ တစ်စုံတစ်ယောက်ရှိနေသလို ခံစားရတာမျိုး၊ အချို့ဆို ဂျက်ကတ်အနက်ရောင်ကြီးဝတ်ထားတဲ့ လူကြီးတစ်ယောက်မတ်တပ်ရပ်နေတာကို မြင်လိုက်တာ။ ပြီးတော့ ရုတ်တရက်အနောက်ကနေ တွန်းလိုက်တဲ့ အဖြစ်အပျက်နဲ့ ကျောချမ်းဖို့ကောင်းတဲ့ သက်ပြင်းချသံကြီးတွေ ကြားရတာတွေ။ ဒါတွေက ဒီစံအိမ်ကြီးနဲ့ ပတ်သက်လို့ လူပြောအများဆုံး အဖြစ်အပျက်တွေပါပဲ။ ဒါ့အပြင် အများဆုံးဖြစ်ကြတာကျတော့ အိမ်ကြီးထဲကို ရောက်သွားလို့ ငါးမိနစ်လောက် လမ်းလျှောက်လည်းပြီးရော တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာတာမျိုးလည်း ဖြစ်ကြတယ်လို့ ဆိုတယ်။ ကျန်သေးတယ်ဗျ၊ ပြတင်းပေါက်တွေ သူ့အလိုလိုပွင့်လာတာမျိုးလည်း ကြုံကြတယ်တဲ့။ 

ဒီတော့ .. ခုလို အတန်တန်သတိပေးရအောင် ဒီအိမ်ကြီးက ဘယ်လာက်များ ရှုပ်ထွေးလို့လဲပေါ့လေ။ ဟုတ်ကဲ့ .. အင်မတန်ကို များပြားတဲ့ အခန်းတွေနဲ့ ဖွဲ့စည်းထားတာဗျ။ 

တံခါးမပေါင်း - ၉၅၀ ( တစ်ထောင်ခန့် ) 
ပြတင်းပေါက်ပေါင်း - ၁၀,၀၀၀ ( တစ်သောင်းကျော် )
လူသွားစင်္ကြန် - လမ်းပေါင်း ၄၀
လသာဆောင် - ၅၂ ခု
မီးသတ်အရေးပေါ်ထွက်ပေါက် - ၄၇ ခု
မီးဖိုချောင်ကြီး - ၆ ခု 
မြေအောက်ထပ် - ၂ ခု 
မီးခိုးခေါင်းတိုင် - ၁၇ ခု
အခန်းပေါင်း - ၁၆၀ 
ဓာတ်လှေကား - ၃ ခု 

စတာတွေကို ဆာရာအဘွားကြီးတစ်ယောက် ၃၈ တောအတွင်း ဘယ်ပိသုကာ ပညာရှင်ကိုမှ ခေါ်ယူခြင်းမရှိဘဲ ကိုယ်တိုင် ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့တယ်။ ဒီမှာတင် ပဟေဠိဖြစ်လာတာက ဆာရာဟာ ဘယ်လိုနည်းနဲ့မှ ဒီလောက် ရှုပ်ထွေးပွေလီလှတဲ့ အခန်းတွေ၊ တံခါးတွေ၊ လှေကားနဲ့ အဆောင်တွေကို စနစ်တကျ ဆောက်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ တကယ်တော့သူမဟာ ပရလောကရဲ့ အကူအညီကိုယူပြီး တည်ဆောက်ခဲ့တာလို့ ကောက်ချက်ချကြပါတယ်။ အပိတ်အပိတ်တွေဖြစ်နေတဲ့ တံခါးပေါက်နဲ့ ဘယ်ကိုမှမရောက်တဲ့ လှေကားတွေဟာ သူမကို ခြောက်လှန့်မယ့် ဝိညာဉ်တွေကို မျက်စိလည်ပြီး ပိတ်မိနေအောင် ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီလို ကောက်ချက်ချရလောက်အောင်လည်း ဆာရာရဲ့ လုပ်ပုံကိုလည်း ကြည့်ဦးလေ။ နာမ်လောကကို ယုံကြည်သူပီပီ သူမဟာ လျှို့ဝှက်နက်နဲပြီး ဂမ္ဘီရဆန်တဲ့၊ အများအားဖြင့် အဆိုးရွားဆုံး မကောင်းတဲ့သဘောကိုဆောင်တဲ့ ၁၃ ဂဏန်း၊ ဒီဂဏန်းနဲ့ စံအိမ်ကြီးရဲ့ နေရာအတော်များများကို ဖွဲ့စည်းထားပြန်တယ်လေ။ 

ပြတင်းပေါက် ၁၃ ခုစီပါတဲ့ ရေချိုးခန်း - ၁၃ ခန်း၊ မီးထွန်းတိုင် ၁၃ ခု၊ ကားလမ်းမတလျှောက်စိုက်ထားတဲ့ သစ်ပင်က ၁၃ ပင်၊ ဘောင်ကွက် ၁၃ ခုစီနဲ့ မျက်နှာကျက်တွေ၊ ၁၃ ထစ်ပါတဲ့ လှေကားတွေ။ ဒါတင်မကသေးဘူး သေတမ်းစာကိုတောင် ၁၃ ပိုင်းခွဲပြီး လက်မှတ် ၁၃ ချက်ထိုးထားသေးတယ်။ 

ဒီလို စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဝင်ချက်စတာစံအိမ်ကြီးဟာ နောက်ဆုံးမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ သမိုင်းဝင်အဆောက်အဦတစ်ခုအဖြစ် ကြေညာလိုက်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို လေ့လာကြည့်ရှုနိုင်ဖို့ ယနေ့ထက်ထိ ဖွင့်လှစ်ထားပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ခရစ်စမတ်ရက်ကလွဲပြီး ကျန်တဲ့ ရက်တွေ လာရောက်ကြည့်ရှုနိုင်သလို၊ 13 Friday တို့ ဟောလိုဝင်းညတွေလိုမျိုးမှာ လာရောက်သူများပြားလေ့ရှိပြီး အဲ့နေ့တွေမှာ တစ်ခုမဟုတ်တစ်ခု ဖြစ်ရပ်ဆန်းနဲ့ ကြုံတွေ့ကြတာပါပဲ။ 

Ref; mentalfloss.com
….
“ဝန်ဇင်းစာချစ်သူတို့က ခုလို လျှို့ဝှက်ဆန်းကြယ် အကြောင်းအရာတွေကို ဖတ်ရှုရတာ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝင်ချက်စတာစံအိမ်ကြီးနဲ့ ပတ်သက်ပြီး စာချစ်သူတို့ သိလိုသည်များကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသား မေးမြန်းခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းစာချစ်သူများကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်


Related Posts