လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ”အပိုင်း ( ၁ )


“Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ”

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ဒီနေ့ညမှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ တင်ဆက်ဖော်ပြပေးသွားမယ့် အကြောင်းအရာသစ်တစ်ခုကတော့ “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ” ဆိုတာပါပဲ။ ဟုတ်ပါတယ်ခင်ဗျာ … ကျွန်တော်တို့ ဒီတစ်ပတ်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များကဏ္ဍအနေနဲ့ ဟယ်ရီပေါ်တာမှော်ကျောင်းတော်ကြီးနဲ့ ပြင်ပကမ္ဘာကိုချိန်ဆ လေ့လာကြည့်ကြမှာပဲ ဖြစ်ပါတယ်။

ဟယ်ရီပေါ်တာဆိုတာနဲ့ ကလေးလူကြီးမရွေး ရင်းနှီးနေကြပါတယ်။ စာရေးဆရာမ J.K. Rowling ရဲ့ ဟယ်ရီပေါ်တာစာအုပ်စီးရီးတွေထဲက အချို့ကို ကျွန်တော်တို့ဆီမှာ မြန်မာပြန်ဆိုပြီး ရေးသားထုတ်ဝေကြတယ်။ ဘာသာပြန်စာအုပ်တွေထက် ကျွန်တော်တို့ဆီမှာ အပေါက်ဆုံးကတော့ ရုပ်ရှင်တွေပါပဲ။ ပြည်ပနိုင်ငံတွေမှာ J.K. Rowling ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးပြီး ရုံတင်ပြသလိုက်တဲ့အခါမှာတော့ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ဝင်ငွေရခဲ့သလို ဒီရုပ်ရှင်ဇာတ်ကားတွေကလည်း အရှေ့တောင်အာရှအပါအဝင် ကမ္ဘာအနှံ့ပျံ့နှံ့ပြီး ဟယ်ရီပေါ်တာဆိုရင် ရုပ်ရှင်မကြည့်ဖူးတောင်မှ နာမည်ကြားဖူးနေတဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ 

၂၀၀၁ ခုနှစ်ကစလို့ Harry Potter and the Philosopher’s Stone ကို စတင်ဖြန့်ချိခဲ့ပြီး ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၀ မှာတော့ Harry Potter and the Deathly Hallows Part 1 နဲ့ Part 2 တို့အထိ ဟယ်ရီပေါ်တာရုပ်ရှင်ပေါင်း ( ၇ ) ကားထွက်ရှိခဲ့တယ်။ ၂၀၁၆ မှာ ထွက်ရှိခဲ့တဲ့ Fantastic Beats and Where to Find Them အပါဆိုရင်တော့ ဟယ်ရီပေါ်တာရုပ်ရှင်ပေါင်း ( ၈ ) ကားရှိပြီလို့ ဆိုရမှာပါ။ ဒါတောင် ဒီနှစ်၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Fantastic Beats: The Crimes of Grindelwald ဆက်လက်ထွက်ရှိသွားမယ်လို့ သတင်းတွေထွက်ရှိထားပါတယ်။ ဒီတော့ အဓိက ဆိုချင်တဲ့အချက်ကတော့ ဟယ်ရီပေါ်တာရုပ်ရှင်တွေအားလုံးမှာ ဇာတ်လမ်း၊ ဇာတ်ကောင်စရိုက်ကတော့ ရုပ်ရှင်ဝေဖန်ရေးသမားတွေအတွက် အဓိက ဖြစ်ပေမဲ့၊ လူငယ်အတော်များများနဲ့ အနောက်နိုင်ငံတွေက Wicca ( မှော်ပညာကို အသုံးပြုလို့ရတဲ့ ဘာသာရေး ) တွေနဲ့ မှော်ပညာအကြောင်း လေ့လာလိုက်စားသူတွေအတွက်ကတော့ ဟယ်ရီပေါ်တာထဲက မန္တန်တွေက အဓိက စိတ်ဝင်စားစရာ၊ အာရုံစိုက်စရာဖြစ်လာပါတယ်။ 

J.K. Rowling က ပေါ်တာဇာတ်လမ်းတွဲတွေထဲမှာ အသုံးပြုခဲ့တဲ့ မန္တန် ( Spells ) တွေဟာ ( ၂၀၀ ) ဝန်းကျင်ရှိနေပြီး တစ်ခုနဲ့တစ်ခု ထပ်နေခြင်းမရှိတဲ့အပြင် မန္တန်ကိုအသုံးချတဲ့ ရည်ရွယ်ချက်တွေဟာလည်း အမျိုးမျိုးကွဲပြားပါတယ်။ မှော်နှင်တံ ( Wand ) နဲ့အတူ မန္တန် ( Magic Spell ) ကို ရွတ်ဆိုတဲ့အခါ မန္တန်နဲ့သက်ဆိုင်ရာ စွမ်းအင်ရဲ့ သက်ရောက်မှုကို ရုပ်ရှင်ထဲမှာ မြင်တွေ့ရပြီး ဒါဟာရုပ်ရှင်သက်သက်၊ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာလို့ဆိုပေမဲ့ ဒီမန္တန်တွေဟာ စိတ်ဝင်စားသူတွေအတွက်တော့ လေ့လာစရာတစ်ခုဖြစ်နေပါတယ်။ 

Avada Kedavra, Accio, Expecto Patronum, Expelliarmus, Levicorpus, Wingardium Leviosa … စတဲ့စတဲ့ နာမည်ကြီးမန္တန်တွေအပြင် အခြား မန္တန်မြောက်မြားစွာကို ပေါ်တာချစ်ပရိသတ်တိုင်းက ပြင်ပကမ္ဘာထဲအထိ ဆွဲခေါ်လာပြီး အပျော်သက်သက်ပဲဖြစ်ဖြစ် ပြောဆိုလေ့ရှိကြသလို၊ အနောက်နိုင်ငံက မှော်ပညာကိုလေ့လာတဲ့ Wiccan အဖွဲ့အစည်းနဲ့ တစ်ကိုယ်တော် Wiccan တွေကတော့ ဒီ မန္တန်တွေကို သူတို့ရဲ့ မှော်ပညာ အစီအရင်နဲ့ လိုအင်ဆန္ဒတွေအတွက် တကယ်ပဲ အသုံးချတဲ့အကြောင်းတွေကို ပြည်ပနိုင်ငံက မှော်ပညာအဖွဲ့အစည်းတွေအကြောင်း အင်တာနက်မှာလေ့လာတဲ့အခါ တွေ့ရှိနိုင်ပါတယ်။ ဒီတော့ … အဓိကကျလာတဲ့ မေးခွန်းက “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ” ဆိုတာပါပဲ။ 

အဖြေကတော့ စာဖတ်သူအတွက် မတင်မကျ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းအတွက် အဖြေဟာ “သင့်အပေါ်မှာပဲမူတည်ပါတယ်” ဆိုတဲ့ အကြောင်းပဲဖြစ်နေလို့ပါ။ ဟုတ်ပါတယ် … နားလည်ရခက်၊ လက်ခံရမလွယ်ကူတဲ့ ဒီအဖြေမှာ လေ့လာစရာအချက်အလက်တွေ အများအပြားရှိနေပြီး ဒီအချက်အလက်တွေဟာ ခုနကဆိုခဲ့တဲ့ အဖြေကို လက်ခံသွားနိုင်လောက်စရာ အင်အားတွေ ရှိနေပါတယ်။ 

ဒီအဖြေအတွက် အချက်အလက်တွေကတော့ - - -

၁။ မန္တန်တွေ တကယ်အစွမ်းရှိသလား ?
၂။ အသံစွမ်းအင်နဲ့ မန္တန်တွေအကြောင်း ?
၃။ စိတ်စွမ်းအင်နဲ့ အသံစွမ်းအင် ? 
၎။ မြန်မာ့လောကီပညာရပ်တွင် ရှိနေပြီးဖြစ်သော ဂါထာ၊ မန္တန်များ ?
၅။ အနောက်နိုင်ငံများတွင် အသုံးချလေ့ရှိသော ဂါထာ၊ မန္တန်များ ? 

စတာတွေပဲ ဖြစ်ပါတယ်။ “Harry Potter ထဲက မန္တန်တွေ တကယ်အစွမ်းရှိမရှိ” မေးခွန်းရဲ့ အဖြေဖြစ်တဲ့ “သင့်အပေါ်မှာပဲမူတည်ပါတယ်” ဆိုတာအတွက် ဒီအချက်အလက်တွေက အဖြေပေးသွားပါလိမ့်မယ်။ အချက်အလက်တစ်ခုချင်းစီရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာ အသေးစိတ်ကို မနက်ဖြန် ည ( ၉ ) နာရီမှာ Wun Zinn Digest မှ၊ ယခု တင်ဆက်ပေးနေတဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှာ ဆက်လက်တင်ဆက်ပေးသွားမှာမို့ ဝန်ဇင်းစာချစ်သူများ စောင့်မျှော်အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ။ 
………….
“ဝန်ဇင်းစာချစ်သူတို့က ခုလို လျှို့ဝှက်ဆန်းကြယ် အကြောင်းအရာတွေကို ဖတ်ရှုရတာ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “မန္တန်ပညာနဲ့ ပတ်သက်ပြီး စာချစ်သူတို့ သိလိုသည်များကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသား မေးမြန်းခဲ့နိုင်ပါတယ်ခင်ဗျ”
…….
ဝန်ဇင်းစာချစ်သူများကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်


Related Posts