လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ "ဝင်ချက်စတာစံအိမ်" အပိုင်း ( ၁ )


ပရလောကနှင့် ဆက်စပ်နေသည့် ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်ကြီး

ဝန်ဇင်းစာချစ်သူများ မင်္ဂလာညချမ်းပါခင်ဗျာ … 

ဒီနေ့ညမှာတော့ ကျွန်တော်တို့ Wun Zinn Digest မှ ဝန်ဇင်းစာချစ်သူများအတွက် ကဏ္ဍသစ်တစ်ရပ်ကို စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ “လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်များ” ဆိုတဲ့ ကဏ္ဍသစ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီကဏ္ဍကနေပြီး ကမ္ဘာတစ်ဝန်းက လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေ၊ ပရလောကအကြောင်းနဲ့ ဂမ္ဘီရဆန်တဲ့ အဖြစ်အပျက်၊ သဘာဝလွန်စွမ်းအင်နဲ့ ပတ်သက်တဲ့ နေရာနဲ့ ကျင့်စဉ်အကြောင်းတွေ .. စတဲ့စတဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်၊ ဖြစ်ရပ်မှန်၊ အကြောင်းအရာတွေကို အပတ်စဉ် ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဒီနေ့ညမှာတော့ ဝန်ဇင်းစာချစ်သူတွေအတွက် စိတ်ဝင်စားဖို့ အလွန်ကောင်းပြီး ပြင်ပလောကမှာလည်း တကယ်တည်ရှိနေတဲ့ အကြောင်းအရာတစ်ခုနဲ့ မိတ်ဆက်ပေးတော့မှာပါ။ အဲ့ဒါကတော့ ဝင်ချက်စတာစံအိမ်ကြီးအကြောင်းပါပဲ။ “ပရလောကနှင့် ဆက်စပ်နေသည့် ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်ကြီး” အဖြစ် သိပ်ကို နာမည်ကြီးတဲ့ အိမ်ကြီးအကြောင်းပါပဲ။

လျှို့ဝှက်ဆန်းကြယ်လှတဲ့ ဒီ ဝင်ချက်စတာ ( Winchester ) စံအိမ်ကြီးဟာ သိပ်ကို လှပသလို သူ့ရဲ့ နောက်ကြောင်းရာဇဝင်ဟာလည်း ကျောချမ်းဖို့ကောင်းလောက်အောင် သိပ်ကို ထူးဆန်းနေတာပါ။ ထိတ်လန့်စရာ၊ ဂမ္ဘီရဆန်ဆန်၊ ပရလောကနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ဒီစံအိမ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာအဖြစ် နာမည်ကြီးနေပါတယ်။ ကမ္ဘာလှည့်ခရီးသွား အတော်များများကတော့ ဒီစံအိမ်ကြီးကို လာရောက်တာဟာ အဓိက အကြောင်းအရင်း နှစ်ချက်ရှိပါသတဲ့။ အဲ့ဒါကတော့ သရဲအခြောက်ခံချင်လို့နဲ့၊ ဝင်္ကဘာသဖွယ်ဖြစ်နေတဲ့ အိမ်ကြီးကို အနီးကပ်လေ့လာချင်လို့ပါတဲ့။ ဒီလို လာရောက်ကြတဲ့အထဲမှာ သာမန် ခရီးသွားတွေအပြင် ( Ghost Hunter ) လို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို သိပ္ပံနည်းကျ စူးစမ်းလေ့လာတဲ့ အဖွဲ့တွေလည်း အများအပြားလာရောက်ကြပါသတဲ့။ ရုပ်ရှင်ကားကြီးအဖြစ်ရိုက်ကူးထားပြီး ဒီနှစ်အစောပိုင်းမှာ တရားဝင်ထွက်ရှိခဲ့တဲ့ ဒီ ဝင်ချက်စတာစံအိမ်ကြီးအကြောင်းဟာ သိပ်ကို ရေပန်းစားနေပါတော့တယ်။ 

ကဲ … ဒီတော့ “ပရလောကနှင့်ဆက်စပ်နေသည့် ကမ္ဘာ့အထူးဆန်းဆုံး ဝင်္ကဘာစံအိမ်ကြီး” ကို လေ့လာလိုက်ရအောင်လားခင်ဗျ။ 

၁။ ဆာရာဝင်ချက်စတာ ( Sarah Lockwood Winchester )

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့လေးမှာတည်ရှိတဲ့ ဒီစံအိမ်ကြီးဟာ စတုန်ရန်းဧရိယာပေါင်း ၂၄,၀၀၀ ကျယ်ဝန်းပါတယ်။ စံအိမ်တော်တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ အကျယ်အဝန်းထက် နှစ်ဆသုံးဆလောက် ကြီးမားတဲ့ ဒီစံအိမ်ကြီးကို ၁၈၈၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းလေးဆယ်နီးပါး၊ တစ်ရက်မှ ရပ်နားခြင်းမရှိဘဲ နေ့ရောညပါ ဆောက်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျများလှတဲ့ ဒီအိမ်ကြီးကို ဆောက်လုပ်ခဲ့သူကတော့ မုဆိုးမ ဆာရာဝင်ချက်စတာပါပဲ။

၂။ ကြေကွဲဖွယ်ရာမိသားစု ( Winchester Family )

ခေတ်ရှေ့ပြေးတဲ့ ရိုင်ဖယ်သေနတ်ကို ဖန်တီးခဲ့ရာမှ ကျိကျိတက်ချမ်းသာလာတဲ့ ဝင်ချက်စတာမိသားစုထဲမှာ ဆာရာရဲ့ အဖေကတော့ ဒီလို သမိုင်းတကွေ့မှာ နာမည်ကျော်ကြားခဲ့တဲ့ ဝင်ချက်စတာရိုင်ဖယ်ရဲ့ ဒီဇိုင်းဖန်တီးရှင်ကြီးပေါ့။ ၁၈၈၄ ခုနှစ်မှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ့အမွေအနှစ်အားလုံးကို ဆာရာရဲ့ ခင်ပွန်းဖြစ်သူ၊ သားဝီလီယံကို ပေးအပ်ခဲ့တယ်။ ဖခင်ကွယ်လွန်ပြီး ၁၈၆၆ ခုနှစ်မှာ ဆာရာတို့ ဇနီးမောင်နှံဟာ အန်နီဆိုတဲ့ သမီးလေးကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ရင်နင့်ဖွယ်ရာဖြစ်ရပ်က အချိန်မဆိုင်းဘဲ ရောက်လာခဲ့ပါတယ်။ အန်နီလေးဟာ နှစ်ပတ်လောက်ပဲ အသက်ရှင်ပြီး သေဆုံးခဲ့တယ်လေ။ သွေးနုသားနု၊ သမီးဦးလည်းဖြစ်တော့ ဆာရာ့ခမျာ ရူးမတတ်ခံစားရတာပေါ့။ ဝမ်းနည်းကြေကွဲဖွယ်ရာတွေက ဒီမှာတင် ရပ်မနေဘူး၊ ဆာရာ့ဆီကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ ဖခင်လို ချစ်ခင်ရသူ ယောက္ခထီးလည်းဆုံး၊ သမီးလည်းဆုံးပြီး ဆယ်နှစ်ကျော်အကြာမှာ ခင်ပွန်းဖြစ်သူဟာလည်း တီဘီရောဂါနဲ့ပဲ ကွယ်လွန်သွားပြန်တယ်။ ဆာရာ့ ရင်ထဲ ဘယ်လောက်တောင် ဗြောင်းဆန်သွားမလဲဆိုတာ ဆိုဖွယ်ရာပင်မရှိတော့။

ဒီလိုနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရှိတဲ့ ဝင်ချက်စတာမိသားစုရဲ့ အမွေကို သူမတစ်ဦးတည်း ခံယူရရှိခဲ့တယ်။ ဒီ့အပြင် ရိုင်ဖယ်ကုမ္ပဏီရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားလေတော့ ဆာရာဝင်ချက်စတာဟာ ကုဋေကုဋာကြွယ်ဝတဲ့ငွေတွေနဲ့ မရေမရာဘဝကို ဆက်လျှောက်လှမ်းဖို့ ဖြစ်လာပါတော့တယ်။ ဖခင်လည်းဆုံး၊ သမီးလည်းဆုံး၊ ခင်ပွန်းကိုပါ ဆုံးရှုံးလိုက်ရပြီး သံယောဇဉ်တွယ်တာစရာမကျန်တော့တဲ့ သူမဟာ သူမရဲ့ မိသားစု၊ အဖြစ်ဆိုးနဲ့ ကြုံဆုံရမှုကို ဦးနှောက်ရော နှလုံးသားကပါ မေ့ဖျောက်လို့မရအောင် စွဲနေခဲ့တယ်။ နောက်တော့ ဒီအဖြစ်ဆိုးကြီးအပေါ် သူမရဲ့ မသင်္ကာစိတ်တွေက လွှမ်းမိုးကြီးစိုးလာတော့တာပါပဲ။

၃။ ကျိန်စာသင့်ပြီး ကံဆိုးမိုးမှောင်ကျခဲ့တာ ( Tragedy )

ဆာရာဟာ သူမရဲ့ မိသားစု ပြိုကွဲပျက်စီးခဲ့ရတဲ့ အကြောင်းအရင်းကို မြင်လိုက်ရပုံက ‘ကျိန်စာသင့်ပြီး ကံဆိုးမိုးမှောင်ကျခဲ့တာ’ တဲ့။ နာမ်လောကကို ယုံကြည်သူလည်းဖြစ်တဲ့ ဆာရာဟာ သူမအပါအဝင် ဝင်ချက်စတာမိသားစုဟာ ကျိန်စာသင့်နေတယ်လို့ ယူဆယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘော်စတွန်မြို့က ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်သူလို့ နာမည်ကြီးတဲ့ နတ်ဝင်သည် အဒမ်ကွန်းစ်ကို သွားမေးတယ်။ သိလိုက်ရတာက ဖခင်လို တွယ်တာချစ်ခင်ရတဲ့ ယောက္ခထီး အိုလီဗာဝင်ချက်စတာ တီထွင်ဖန်တီးခဲ့တဲ့ ရိုင်ဖယ်သေနတ်ကြောင့် သေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေက ပြန်ပြီး ကျိန်စာတိုက်နေတာလို့ ဆိုတယ်။ တစ်ယောက်ပြီးတစ်ယောက် ကျိန်စာသင့်ပြီးနောက်မှာတော့ ဆာရာတစ်ယောက်တည်း ကျန်တော့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိနေရာကနေ အနောက်စူးစူးအရပ်ကို အိမ်တစ်လုံးဆောက်ပြီး သွားရောက်နေထိုင်ဖို့ ဖြစ်လာတော့တယ်။ မသေချင်ရင် အဲ့ဒီလို လုပ်ရမတဲ့လေ။ နတ်ဝင်သည်ရဲ့ အပြင်းအထန်သတိပေးချက်ကတော့ သူမ နေထိုင်မယ့် အိမ်ကို အဆက်မပြတ် ဆောက်နေရမှာဖြစ်ပြီး ဆောက်လုပ်မှု ရပ်လိုက်တာနဲ့ ကျိန်စာက သူမဆီကို အလုံးအရင်းနဲ့ ဝင်ရောက်လာမှာဖြစ်တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ပဲ လက်ထဲမှာ များပြားလှတဲ့ အမွေအနှစ်တွေကို အသုံးချဖို့ရာအတွက် ဆုံးဖြတ်ချက်ကတော့ ခုချိန်မှာ ပရလောကနဲ့ ဆက်စပ်နေတယ်၊ သရဲခြောက်တယ်လို့ နာမည်ကြီးလာတဲ့ “ဝင်ချက်စတာစံအိမ်ကြီး” ကို စတင်ဆောက်လုပ်ဖို့ကလွဲ အခြားမရှိတော့ချေ။

( ဆက်ရန် ) 
………….

ယခုတင်ဆက်ဖော်ပြပေးခဲ့သည့် ဝင်ချက်စတာစံအိမ်ကြီးအကြောင်း အပိုင်း ( ၂ ) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

“လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်၊ အဖြစ်အပျက် အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ ဝင်ချက်စတာစံအိမ်အကြောင်း စာချစ်သူတို့ သိထားသမျှကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ”
………….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


	

Related Posts