"သိပ္ပံပညာကခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ကိုယ်ရောင်ကိုယ်ဝါအကြောင်း"[လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ]


“သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” 
[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
အပိုင်း ( ၁ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ လူသားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်းပဲ ဖြစ်ပါတယ်။ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ဘာလဲ၊ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို “သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” အပိုင်း ( ၁ ) အဖြစ် ယနေ့ညအတွက် တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … ဒီတော့၊ ကိုယ်ရောင်ကိုယ်ဝါအကြောင်း ကျွန်တော်နဲ့အတူတူ လေ့လာလိုက်ရအောင်လားခင်ဗျာ။ 

“သိပ္ပံပညာက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” 

Human Aura - ဒါကို လူသားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါ၊ ကိုယ်ရောင်ရှိန်၊ ရောင်ခြည်စက်ကွင်း … စသဖြင့် အမျိုးမျိုး ခေါ်ဆိုလေ့ရှိကြပါတယ်။ ( ဒီစာစုမှာတော့ ကိုယ်ရောင်ကိုယ်ဝါအဖြစ် အသုံးပြုသွားပါမယ် )

ကိုယ်ရောင်ကိုယ်ဝါမိတ်ဆက် !

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအကြာမှစလို့ ကိုယ်ရောင်ကိုယ်ဝါကို လူ့ယဉ်ကျေးမှုအဖွဲ့အစည်း အမျိုးမျိုးအတွင်းမှာ ပုံစံမတူ ကွဲပြားစွာဖြင့် ဖော်ထုတ်လာခဲ့ကြပါတယ်။ ဖန်ဆင်းရှင်ဝါဒီများ၏ အကြီးအကဲခေါင်းဆောင်များနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အထွတ်အမြတ်ထား ပုဂ္ဂိုလ်များနဲ့ သက်ဆိုင်တဲ့ ရုပ်ပုံ၊ ပန်းချီကားတွေမှာ သတိထားကြည့်ရင် တွေ့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေ အများအပြားရှိတဲ့အလျောက် အနီးစပ်ဆုံး ဥပမာပေးရရင်တော့ ဂေါတမမြတ်စွာဘုရားရဲ့ ပုံတော်တွေကို သတိထားကြည့်လိုက်ပါ၊ ဦးခေါင်းတော်တဝိုက်မှာ အဖြူရောင် ရောင်ခြည်တော်စက်ဝန်းကို တွေ့ရှိရမှာဖြစ်သလို အခြား ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာလည်း အဆိုပါ ရောင်ခြည်တော်စက်ဝန်းကို ဦးခေါင်းပတ်လည်မှာဖြစ်ဖြစ်၊ ကိုယ်ပေါ်မှာဖြစ်ဖြစ် ထွက်ပေါ်နေတဲ့ ဟန်ကို ပန်းချီတွေမှာ ထည့်သွင်းရေးဆွဲလေ့ရှိတာကို တွေ့မြင်ရမှာပါ။ ပဋ္ဌာန်းဒေသနာတော်နဲ့ ဗုဒ္ဓဝင်ကိုလေ့လာကြည့်တဲ့အခါမှာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခြင်းဆိုတာကို အထင်အရှားတွေ့နိုင်ပါတယ်။ အခြား ဘာသာရေးသမိုင်းတွေမှာလည်း ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို အိပ်မက်ထဲ မြင်မက်မိတဲ့အခါ အဖြူရောင်အလင်းတန်းအဖြစ် တွေ့မြင်ရလေ့ရှိသလို တန်ခိုးပြတဲ့အခါမှာ ရောင်ခြည်တွေ ထွက်ပေါ်လေ့ရှိတာကို ဖတ်ရှုလေ့လာကြဖူးမှာပါ။ ဆိုရရင် လူသားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ယနေ့ခေတ် ၂၁ ရာစုခေတ်ကြီးလို သိပ္ပံပညာ မထွန်းကားသေးတဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်ကတည်းက လူ့သားတွေကြားမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ဖန်ဆင်းရှင်တွေ၊ နတ်ဒေဝတာတွေနဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့သာဆိုင်ပြီး မိမိတို့ သာမန်လူသားများနှင့် မသက်ဆိုင်သလို နေခဲ့ကြတာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကစလို့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ သိပ္ပံဓာတ်ခွဲခန်းထဲမှာ အဖြေထုတ်ခဲ့ပြီးဖြစ်လို လူသားတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းအတွက် အဓိကအရေးကြီးတဲ့ကဏ္ဍအဖြစ် တည်ရှိနေတယ်လို့ ခေတ်သစ်သိပ္ပံပညာရှင်များက တညီတညွတ်တည်း ထောက်ခံခဲ့ပြီးဖြစ်ပါတယ်။ ရှေးအယူအဆနဲ့ ဘာသာရေး ဓလေ့ထုံးတမ်းစဉ်လာ ဘောင်ထဲမှာသာ ဝေ့ဝဲနေတဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ သိပ္ပံပညာရှင်တွေခေါင်းညိတ်လိုက်တဲ့ လူကြားသူကြားထဲကို အရှင်လတ်လတ် ရောက်ရှိကျယ်ပြန့်လာပြီပဲ ဖြစ်ပါတယ်။ 

ကိုယ်ရောင်ကိုယ်ဝါဆိုတာ ကျွနုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဒြပ်ရှိဒြပ်မဲ့တွေနဲ့ တိုက်ရိုက်ပတ်သက်နေသလို နာမ်ဝိညာဉ်စွမ်းအားများရဲ့ အချက်ပြကိရိယာအဖြစ် တည်ရှိနေတယ်လို့ ဆိုကြပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ ကြည်လင်အေးချမ်းနေတယ်လို့ ခံစားရတာ … အခုမှ တွေ့ဖူးတဲ့သူဖြစ်ပေမယ့် သူ့အနားရောက်ရင် ကိုယ်စိတ်ထဲမှာ အလိုလိုရှိန်သွားတာ … သီလ သမာဓိစင်ကြယ်တဲ့ ပုဂ္ဂိုလ်အနားရောက်ရင် ( ဒါမှမဟုတ် ) မေတ္တာဓာတ်အဟုန်ကြီးမားတဲ့ လူတစ်ယောက်အနား ရောက်သွားရင် ကိုယ့်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းတည်ငြိမ်သွားတာ … ဘေးကသူငယ်ချင်းတွေအားလုံး ရယ်ရယ်မောမောနဲ့ ပျော်ရွှင်နေကြရင် ကိုယ်ပါ အလိုလို ပျော်ချင်စိတ်ပေါက်လာတာ … ဒေါသကြီးသူ အနားရောက်လာရင် ကိုယ့်ရဲ့စိတ်ပါ အလိုလို ခက်ထန်ပြီး အေးချမ်းမှုတွေ ပျောက်ဆုံးသွားတာ … ဝမ်းနည်းနေသူအနား ရောက်သွားရင် ကိုယ်ပါ အလိုအလျောက် ငိုချင်စိတ်ပေါက်လာတာ ….. ဒါတွေဟာ လူသားအချင်းချင်း ကိုယ်ရောင်ကိုယ်ဝါ ပေါင်းကူးလွှမ်းမိုးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဖက်လူက မိမိထက် ကိုယ်ရောင်ကိုယ်ဝါ အားကြီးနေပြီး ကိုယ်က အားနည်းနေမယ်ဆိုရင် ကိုယ်က အလွှမ်းမိုးခံလိုက်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါက အားကောင်းတယ်ဆိုရင်တော့ အခြားသူရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံရမှာ မဟုတ်ပါဘူး။ များသောအားဖြင့် ကလေးတွေဟာ ကိုယ်ရောင်ကိုယ်ဝါ နုနယ်တတ်ကြပြီး သူတို့ဟာ လူကြီးတွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံရတတ်ပါတယ်၊ လူကြီးတွေရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓာတ်ခံယူချက်တွေဟာ ကလေးအတွယ် အလွယ်တကူခံယူရရှိနိုင်ပါတယ်။ ‘မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ’ ဆိုတာကို ကိုယ်ရောင်ကိုယ်ဝါ လွှမ်းမိုမှု သဘောနဲ့ ချိန်ထိုးစဉ်းစားနိုင်ပါတယ်။ ဒီတော့ ကိုယ်ရောင်ကိုယ်ဝါဆိုတာဘာလဲ ?

သိပ္ပံဓာတ်ခွဲခန်းထဲက ကိုယ်ရောင်ကိုယ်ဝါ !

ကိုယ်ရောင်ကိုယ်ဝါဟာ မိမိရဲ့ ရုပ်ပိုင်းစိတ်ပိုင်းနဲ့ နာမ်ဝိညာဉ်စွမ်းအားများနဲ့ ဆက်စပ်နေတယ်လို့ အထက်မှာ ဆိုခဲ့ပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်ကတော့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တဝိုက်မှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း ( electromagnetic field of energy ) ပဲဖြစ်ပြီး ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လေးပေမှ ငါးပေအထိ အဝန်းအဝိုင်းအဖြစ် တည်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်ရောင်ကိုယ်ဝါ အတိုင်းအတာပဲဖြစ်ပြီး ကျန်းမာရေးညံ့သူ၊ ရောဂါတစ်စုံတရာ ရရှိခံစားနေရသူကတော့ ထို့ထက် ကိုယ်ရောင်ကိုယ်ဝါ လျော့နည်း တိုတောင်းနေမှာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာကတော့ ရုပ်ဝတ္ထုဘက်ကို လေ့လာရာမှာ အားသာတဲ့အတိုင်း ကိုယ်ရောင်ကိုယ်ဝါဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာမှု၊ မကျန်းမာမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ သူဆိုလိုတဲ့ လူတစ်ယောက်ရဲ့ ကျန်းမာပြည့်စုံမှုဆိုတာကတော့ လူ့ကိုယ်ခံစွမ်းအား၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနဲ့ မြင့်မားတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကဲ့သို့ စိတ်စွမ်းအင်တို့ကို ခြံငုံပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာကောင်းမွန်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ ပိုမိုကြီးမား တောက်ပပြီး ကျန်းမာခြင်းမရှိသူကတော့ ဆန့်ကျင်ဘက် အခြေအနေမှာ ရှိနေမှာပါ။ 

ဒီနေ့ဒီအချိန်မှာ ရှိနေကြတဲ့ ခေတ်သစ်သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်များကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အစိုင်အခဲအဖြစ် တည်နေသော ရုပ်ဝတ္ထုပစ္စည်းများဟာ တကယ့်လက်တွေ့မှာတော့ အစစ်အမှန်တရားတွေ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ရုပ်ဝတ္ထုပုံဆောင်ခဲတွေဟာ သန့်စင်တဲ့စွမ်းအင်တစ်မျိုးနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပြီး အဲ့ဒီစွမ်းအင်က တုံ့ပြန်လိုက်တဲ့ တိကျသေချာတဲ့ သီးခြားဖြစ်တည်မှုလှိုင်းတွေက အရွယ်အစား၊ ပုံသဏ္ဌာန် မတူကွဲပြားတဲ့ အရာဝတ္ထုအမျိုးမျိုးကို ဖြစ်ပေါ်စေလာတာပဲ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်းအပြင် ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်၊ အက်တမ်နဲ့ မော်လီကျူးတွေဟာ အမှန်တကယ်တော့ တုန်ခါမှုစွမ်းအင် ကိုယ်စီရှိတဲ့ အမှုန်တွေဖြစ်တဲ့ နျူထရွန်၊ ပရိုတွန်နဲ့ အီလက်ထရွှန်အပြင် အခြား သူတို့ထက် ပိုမိုသေးငယ်တဲ့ အမှုန်တွေဖြင့် တည်ဆောက်ထားတာပဲ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ 

............. အပိုင်း ( ၂ ) ဆက်ရန်။

“Wun Zinn Digest ရဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ဆိုတဲ့ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ ည ၉ နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်၊ ဝန်ဇင်းစာချစ်သူတို့လည်း ၁၃ ဂဏန်းအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Ref; http://www.biofieldglobal.org, http://beyondiam.com

[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များကဏ္ဍမှ တင်ဆက်ခဲ့သည့်အကြောင်းအရာများကို ဤပို့စ်၏ အောက်ဆုံးတွင် ဖော်ပြထားသော Related Posts များမှ လည်းကောင်း၊ အဝါရောင် စာညွှန်းများမှတစ်ဆင့်လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ]

Related Posts