“အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” အပိုင်း ( ၂ ) [ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]


[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]

“အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း” 

အပိုင်း ( ၂ ) 	

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျား …

ပြီးခဲ့တဲ့ အပိုင်း ( ၁ ) မှာတော့ အရာဝတ္ထုများကို စိတ်ဖြင့်ရွေ့လျားစေခြင်း ( Telekinesis ) အကြောင်းနဲ့ ပတ်သက်ပြီး မိတ်ဆက်ဖော်ပြခဲ့တယ်၊ စိတ်တန်ခိုးစွမ်းရှင် ရရှိထားတဲ့ ရုရှားသူ နီနာ့အကြောင်း အပါအဝင် အရာဝတ္ထုတွေအပေါ် စိတ်တန်ခိုး သက်ရောက်နိုင်ပုံတို့ကို သိပ္ပံပညာရှုထောင့်မှ ( အနည်းငယ် ) ရှင်းလင်း တင်ပြခဲ့ပါတယ်ခင်ဗျ။ 

အရာဝတ္ထုတစ်စုံတစ်ရာကို မိမိရဲ့ ကာယတွန်းအား မပါဘဲ ရွေ့လျားလှုပ်ရှားစေနိုင်တာကတော့ ၁။ စိတ်တန်ခိုး ၂။ သံလိုက်ဆွဲငင်အား ၃။ အသံလှိုင်း ( သို့မဟုတ် ) အပူလှိုင်း တို့ပဲ ဖြစ်ပါတယ်။ ဒီစာစုရဲ့ အပိုင်း ( ၁ ) မှာတော့ အသံလှိုင်း နဲ့ အပူလှိုင်းတို့ကြောင့် အရာဝတ္ထုတွေ လှုပ်ရှား ရွေ့လျားစေနိုင်တဲ့ကိစ္စဟာ ဝန်ဇင်းပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာမို့ အကျယ်ချဲ့ မရှင်းခဲ့ပါဘူး။ စိတ်တန်ခိုးနဲ့ သံလိုက်ဆွဲငင်အားအကြောင်းကိုပဲ တင်ပြခဲ့ပါတယ်ခင်ဗျ။

ဒီနေ့မှာ ဆက်လက် တင်ဆက်သွားမယ့် အပိုင်း ( ၂ ) မှာတော့ ဝန်ဇင်းပရိသတ်ကြီးကိုယ်တိုင် စိတ်တန်ခိုးကို လေ့ကျင့် တည်ဆောက်နိုင်မယ့် နည်းလမ်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ … ကြည့်လိုက်ရအောင်လားဗျာ။  

Telekinesis တကယ်ရှိကြောင်းကို ကိုယ်တိုင်အားဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ခိုင်မာသက်သေ မရှိပေမဲ့လည်း ဒီလို စိတ်တန်ခိုးစွမ်းအင် ရရှိရေးအတွက် ကျင့်ကြံအားထုတ်မှုအပိုင်းကတော့ အကျိုးယုတ်စရာ မရှိပါဘူး။ ဒီလို စိတ်တန်ခိုးရချင်တယ် အသုံးချလိုတယ်ဆိုရင် တရားထိုင်ရမယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ကို စိုးမိုးနိုင်အောင် အစိုးရနိုင်အောင် စိတ်ကိုခိုင်းစေနိုင်အောင် အသုံးချရမယ်၊ ပြီးတော့ အရာဝတ္ထုတွေကို စိတ်ထဲမှာ စနစ်တကျ ဖန်ဆင်း၊ စိတ်ကူးပုံဖော်နိုင်ရမယ်။ တကယ်လို့များပေါ့လေ … စိတ်ထဲမှာ အတွေးတွေ ရှုပ်ရှပ်ခတ်နေခြင်းမရှိ၊ စိတ်ဟာ ရှင်းလင်း ငြိမ်သက်နေပြီး အရာဝတ္ထုတစ်ခုကို စိတ်ထဲမှာ အသေးစိတ် ပုံဖော်လာနိုင်ပြီဆိုရင် မိမိ စိတ်တန်ခိုးကို အဲ့ဒီအရာပေါ်မှာ အာရုံစိုက်ပြီး ဆက်သွယ်နိုင်အောင် ကြိုးစားရတော့မှာပဲ ဖြစ်တယ်။ အဲ့ဒီအရာကို စိတ်ထဲမှာ အာရုံစိုက်ထားပြီး ဘယ်လိုလေး ရွှေ့လိုက်မယ်၊ လေပေါ်မြှောက်လိုက်မယ်၊ ကြမ်းပြင်ပေါ် ရွေ့သွားစေမယ် … စသဖြင့် စိတ်အာရုံ ( လုံးဝ ) မပျံ့လွင့်စေဘဲ အာရုံစိုက် လေ့ကျင့်ရတော့မှာပဲ ဖြစ်ပါတယ်။ အဖန်ဖန်လေ့ကျင့်ခြင်းဟာ တိုးတက်အောင်မြင်မှုကို ရစေတယ် - ဒါကြောင့် စိတ်ရှည်ရမယ်၊ နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ စိတ်တန်ခိုးစွမ်းရည်ကို တိုမြင့်လာအောင် ကြိုးစားလေ့ကျင့်နေရမယ်၊ အလွယ်တကူ လက်မလျှော့လိုက်ရဘူး။ 

ဒါ Telekinesis စွမ်းအင်ရရှိဖို့ ပဏာမ နိဒါန်းစကား အမှာပါးလိုက်တာပါ။ ခုမှ တကယ်စမှာပါ။ တစ်ချက်ချင်း သေချာဖတ်ရှုပြီး လေ့ကျင့်သွားလိုက်ပါ၊ သင့်ရဲ့ စိတ်ဟာ ယခင်ကထက် ပိုပြီး တည်ငြိမ်ရှင်းလင်းလာမယ့်အပြင် ကိုယ့်မှာ စိတ်စွမ်းအင်တစ်မျိုးမျိုးကို ရရှိနေတယ်လို့ ခံစားမိလာပါလိမ့်မယ်။ 

လေ့ကျင့်ခန်း အပိုင်း [ ၁ ]

၁။ Telekinesis စွမ်းအင်ဟာ တကယ်ရှိတယ်၊ တကယ်ဖြစ်နိုင်တဲ့အရာလို့ ယုံကြည်စိတ်ရှိရပါမယ်။ ဒါဟာ ဘာသာရေး ဘာညာနဲ့ မဆိုင်ပါဘူး။ ယုံကြည်မှု စွမ်းအင်ကို အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုစွမ်းအားဟာ အလွန်ကို ကြီးမားပါတယ်။ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ပြီး နည်းနည်းလောက် လေ့လာကြည့်မယ်ဆိုရင်တောင် ယုံကြည်မှုစိတ်စွမ်းအားဟာ ဘယ်လောက်ထိ အင်အားကြီးတယ်ဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါကြောင့် Telekinesis လေ့ကျင့်ခန်းမစခင် ပထမဆုံး ကြိုတင်ပြင်ဆင်ရမှာက Telekinesis Power တကယ်ရှိတယ်ဆိုတာ ကိုယ်လည်းလုပ်နိုင်တယ်ဆိုတာကို ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ်။ 

၂။ စိတ်တည်ငြိမ်မှုနဲ့အတူ စိတ်ကြည်လင် ရှင်းလင်းအောင်လို့ တရားထိုင်ရပါမယ်။ ပေါ့ပေါ့ပါးပါး သန့်သန့်ရှင်းရှင်း အဝတ်အစားတွေ ဝတ်လိုက်ပါ။ အနံ့အသက်ကင်းပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတစ်ခုမှာ ကျောရိုးဖြောင့်ဖြောင့်ထား တင်ပလ္လင်ခွေပြီး အသက်ကို လေးလေးနက်နက် ရှူသွင်းရှူထုတ် ပြုလုပ်ရပါမယ်။ အသက်ရှူသွင်းလိုက်တဲ့အခါမှာ တစ်၊ နှစ်၊ သုံး၊ လေး … စသဖြင့် စိတ်မှ ( ၄ ) ကြိမ်ထိ မှတ်သားပြီး ( ၄ ) ကြိမ်မြောက်ကျမှ အသက်ကို ပြန်လည်ရှူထုတ်ရာမှာတော့ ( ၁ ) မှ ( ၈ ) အထိ စိတ်ထဲက ရေရွတ်လိုက်ပါ။ ဒါဟာ ရှူသွင်းရှူထုတ် အသက်ရှူမှု တစ်ကြိမ်ပတ်လည် ပြည့်သွားပါပြီ။ 

အဲ့ဒီ ပုံစံအတိုင်း ၅ မိနစ်လောက် တရားထိုင်ပြီးတဲ့အခါမှာတော့ ကိုယ့်ရဲ့ ရှူမှတ်နှုန်းကိုလည်း လွတ်မသွားစေဘဲ၊ စိတ်အတွင်းကနေ ကောင်းကင်ထက်မှာ ကြယ်တစ်လုံးကို ဖန်တီးလိုက်ပါ။ အသက်ရှူထုတ်လိုက်တဲ့အခါမှာ အဲ့ဒီကြယ်လေးက တောက်ပသထက် တောက်ပလာတယ်လို့ စိတ်ထဲကနေ ပုံဖော် သိရှိပေးနေရပါမယ်။ ဒီအချိန်မှာ ကိုယ့် အသက်ရှူမှတ်နှုန်းကိုလည်း လွတ်မသွားမိပါစေနဲ့။ မှတ်ထားပါ - ရှူသွင်း ( ၄ ) ၊ ရှူထုတ် ( ၈ ) ၊ ပြီးတော့ မိုးပေါ်မှာ ကြယ်တစ်လုံး။ [ အချို့ဆို တစ်ခါတည်းနဲ့ ကြယ် ၃၀၊ ၄၀ လောက်ကို ဖန်တီးပြီး လေ့ကျင့်တတ်ကြပါတယ်၊ ဒါပေမဲ့ ကိုယ်က အခုမှ စမှာဆိုတော့ ကြယ်တစ်လုံးတည်းကိုပဲ ပီပီပြင်ပြင်ဖြစ်မြောက်အောင် ဖန်တီးလေ့ကျင့်ကြည့်တာ ပိုကောင်းပါတယ်။ ]

၃။ အရာဝတ္ထုကို စိတ်ထဲမှာ အသေးစိတ်ပုံဖော်တတ်မှုကို လေ့ကျင့်ရပါမယ်။ ခုနက ဆိုခဲ့တဲ့ ကျင့်စဉ်ကတော့ ညစဉ်ဖြစ်ဖြစ်၊ မနက်စောစောဖြစ်ဖြစ် ပုံမှန်လေ့ကျင့်နေရမယ့် စိတ်လေ့ကျင့်ခန်းတွေပါပဲ။ အခုပြောမှာကတော့ နောက်တစ်ခုပါ၊ အားတဲ့အချိန်မှာ လုပ်လည်းရတယ်၊ ကားစီးနေရင်းလုပ်လည်းရတယ်၊ တရားထိုင်ပြီးမှ တစ်ဆက်တည်း လုပ်ချင်တယ်ဆိုလည်း ရတယ်။ အဲ့ဒီ လေ့ကျင့်ခန်းကတော့ - 

( က ) ကိုယ့် ဘေးနားမှာရှိတဲ့ ဘောပင်၊ ဖုန်း၊ စာအုပ်၊ ရေခွက် ( ဒါမှမဟုတ် ) သစ်သီးတစ်လုံးလုံး၊ အရုပ်ကလေးတစ်ခုဖြစ်ဖြစ် … ။ အဲ့ဒီအရာကို အသေးစိတ်မှတ်မိနေအောင် - အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင်၊ မာသလား၊ ပျော့သလား၊ စိုနေလား၊ ခြောက်နေလား … စတဲ့စတဲ့ ကိုယ်အာရုံစိုက်မယ့် အရာဝတ္ထုရဲ့ အသေးစိတ် အချက်အလက်ကို မှတ်သားရပါမယ်။ 

( ခ ) ပြီးရင်တော့ မျက်စိမှိတ်ပြီး စိတ်အာရုံထဲကနေ အဲ့ဒီ အသေးစိတ်အချက်အလက်အတိုင်း ကိုယ်မှတ်သားထားတဲ့ အရာဝတ္ထုကို စိတ်မှာပေါ်အောင် လေ့ကျင့်ပေးရပါမယ်။ အဲ့ဒါလုပ်နေချိန်မှာ ကိုယ့်ရဲ့ မှတ်နေကျဖြစ်တဲ့ အသက်ရှူနှုန်းကိုလည်း မပျက်သွားရပါဘူး။ ဒီလိုနဲ့ အရာဝတ္ထုတွေကို ရှုမှတ်ရာမှာ တစ်ဆင့်ထက်တစ်ဆင့် ပိုရှုပ်ထွေးတဲ့ အရာတွေကို အာရုံစိုက် ပုံဖော်သွားရပါမယ်။
 
၃။ စိတ်ရှည်ပါ၊ ပုံမှန်လေ့ကျင့်နေပါ။ ဒီလေ့ကျင့်ခန်းတွေဟာ ဇွဲကောင်းပါတယ်ဆိုတဲ့ လူအတွက်တောင် စိတ်မရှည်စရာ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို မဖြစ်ပါနဲ့။ စိတ်ရှည်ပါ၊ လေ့ကျင့်နေရင်းနဲ့ ဒေါသထွက်လာတတ်ပါတယ်။ အသက်ရှူမှုကို ပြန်ပြီး အာရုံစိုက်လေ့ကျင့်ပါ။ ဒေါသတွေ စိတ်မရှည်တာတွေ လျော့သွားပါလိမ့်မယ်။ ပြီးတော့ အရေးကြီးတဲ့အချက်က နေ့စဉ် မပျက်မကွက် လေ့ကျင့်ပါ။ ဘယ်အရာမဆို ပျက်ကွက်ခြင်းမရှိတဲ့ နေ့စဉ်ပုံမှန်လေ့ကျင့်မှုက အများကြီး အကျိုးရှိစေပါတယ်။ 

လေ့ကျင့်ခန်း အပိုင်း [ ၂ ]

၁။ အရာဝတ္ထု သေးသေးလေးတွေနဲ့ စတင်လေ့ကျင့်ပါ။ ဥပမာ - ခဲဆံ၊ မီးခြစ်ဆံ၊ ကြိုးစ၊ မြေဖြူ၊ ဘောပင် တစ်ခုခုပေါ့။ ဒီအရာလေးတွေကို ကိုယ့်ရှေ့မှာထားပြီး မစခင်မှာတော့ အရင်လို လုပ်နေကြအတိုင်း ငါးမိနစ် ဆယ်မိနစ်လောက် ရှူသွင်းရှူထုတ်၊ ကြယ်ကြည့်၊ အရာဝတ္ထုကို  အသေးစိတ်ပုံဖော် ရှုမှတ်။ စ,စချင်းမှာတော့ အတွေးတွေ ဂနာမငြိမ်ဖြစ်တတ်တယ်၊ ကိုယ်က တကယ်ပဲ အရာဝတ္ထုကို ရှေ့ချ၊ လေ့ကျင့်တော့မှာကိုး။ စိတ်လှုပ်ရှားမှုက ဖြစ်တတ်ပါတယ်။ 

၂။ ကိုယ် အာရုံစိုက်ထားတဲ့အရာနဲ့ ကိုယ်နဲ့ စွမ်းအင် ဆက်သွယ်မိအောင် ကြိုးစားပါ။ အရင်ကတော့ စိတ်ထဲမှာ အရာဝတ္ထုကို ဖန်ဆင်းပြီး အာရုံစိုက် လေ့လာခဲ့တယ်။ ခုတော့ တကယ့် အရာနဲ့ လေ့ကျင့်တော့မယ်။ ဦးဆုံး သိထားရမှာက ( အပိုင်း ၁ မှာလည်း ဆိုခဲ့ဖူးပါတယ် ) သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်းဟာ အက်တမ်တွေ၊ အခြားအခြားသော အမှုန်တွေ နဲ့ ဖွဲ့စည်းထားတယ်၊ ပြီးတော့ ဒီအရာတွေမှာ အီလက်ထရွန်အမှုန်ကြောင့် လျှပ်စစ်ဓာတ်တွေရှိတယ်၊ စွမ်းအင်ဖြာထွက်မှု စွမ်းအားတွေ ရှိတယ်။ ဒါကို သိပြီးသားဖြစ်ရပါမယ်။ ဒါဆို စလိုက်ပါတော့။ 

ကိုယ် အာရုံစိုက်နေတဲ့ အရာဝတ္ထုနဲ့ ကိုယ့်ရဲ့ စိတ်ဟာ စွမ်းအင်ချင်း ကူးလူးဆက်သွယ်မှုရှိနေတယ်လို့ စိတ်ထဲမှာ သေသေချာချာ တွေးတော ပြောဆိုနေရပါမယ်။ အရာဝတ္ထုရဲ့ စွမ်းအင်ဟာ ကိုယ့်ရဲ့ စိတ်စွမ်းအင်နဲ့ လာရောက်ချိတ်ဆက်သယောင် စိတ်စွမ်းအင်နဲ့ ဖန်တီးခံစားရပါမယ်။ ဒီလိုနဲ့ တစ်ချက်မှာတော့ ငါးမျှားရင်း ငါးစာမိတဲ့အခါ ကိုယ့်လက်ထဲက ငါးမျှားတံ လှုပ်သွားတာ၊ ကြိုးက တင်းခနဲ ဖြစ်သွားတာကို ခံစားရသလိုမျိုး ဖျတ်ခနဲ သိလိုက်ပါလိမ့်မယ်။ ဒီခံစားမှုဟာ စက္ကန့်ပိုင်းလေးပဲ ဖြစ်ပါတယ်။ ခံစားချက် အတိအကျကိုတော့ ရှင်းပြရခက်ပါတယ်။ ခုနက ငါးမျှားဥပမာလို နားလည်လိုက်တာ ပိုရှင်းပါတယ်။ 

၃။ အထက်ပါ ခံစားချက်လိုမျိုး မကြာခဏ ခံစားလာရပြီ၊ အရာဝတ္ထုနဲ့ ကိုယ့်ရဲ့ စိတ်နဲ့ ဆက်သွယ်မှုတစ်ခုခု ရှိနေပြီလို့ သေချာထင်နေပြီဆိုရင်တော့ အဲ့ဒီ အရာဝတ္ထုကို ရွေ့အောင် စိတ်ထဲကနေ တွန်းအားပေးတဲ့အဆင့်ကို တက်လှမ်းလိုက်ပါတော့။ ဖြတ်လမ်းမရှိပေမယ့် ဖြတ်လမ်းဆန်ဆန် ပြောရရင် - အရာဝတ္ထုကို အာရုံစိုက်နေရင်း ခုနက ပြောသလို ဆက်သွယ်မှုတစ်ခုခုကို စိတ်ထဲမှာ တင်းခနဲ ခံစားရလိုက်တဲ့အချိန်မှာ တစ်ပြိုင်တည်း အဲ့ဒီအရာကို ရွေ့စေဖို့ စိတ်ညွှတ်လိုက်ပါ။ 

( အချို့ကတော့ လက်ဝါးနဲ့ အုပ်မိုးပြီးဖြစ်ဖြစ်၊ လက်ဝါးနဲ့ တွန်းသယောင်ဖြစ်ဖြစ် လုပ်လေ့ရှိပါတယ်။ ဒါလည်း အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါပဲ။ အသုံးချချင်တယ်ဆိုရင် အရာဝတ္ထုနဲ့ တစ်မိုက်လောက်အကွာကနေ လက်ဝါးနှစ်ဖက်ကို ဝန်းရံပြီးဖြစ်ဖြစ်၊ အပေါ်က အုပ်မိုးပြီးဖြစ်ဖြစ် ရွှေ့လိုက်သယောင်၊ ဒါနဲ့ တစ်ပြိုင်နက် စိတ်ရဲ့ စွမ်းအင် အသုံးချမှု၊ ဒီနှစ်ခုကို တစ်ထပ်တည်း အသုံးချမယ်ဆို ရပါတယ်။ ဒါပေမဲ့ စိတ်နဲ့ရွှေ့လိုက်၊ လက်နဲ့ ရွှေ့လိုက်တော့ သီးခြား တစ်လှည့်စီ မလုပ်ပါနဲ့၊ စွမ်းအင်တည်မြဲမှု ပျက်စီးပါမယ်။ နှစ်ခုလုံး တစ်ပြိုင်တည်း အသုံးချရင်ချပါ၊ ဒါမှမဟုတ် စိတ်ဆိုရင်လည်း စိတ်နဲ့ပဲလုပ်ပါ။ ) 

ကဲ ….. ဒါပါပဲ။ ပိုလေ့လာချင်တယ်ဆိုရင် You Tube မှာ Training with PSI Wheel လို့ ရှာဖွေပြီး အခြားနည်းလမ်းများကို အကျယ်အဖြစ် ဆက်လေ့လာနိုင်ပါတယ်။ အခြေခံကတော့ အခု ဖော်ပြခဲ့သလိုပါပဲ။ ဒီတစ်ပတ်တော့ ဒီအမျှပါပဲ။ နောက်တစ်ပတ်မှာလည်း အခြား စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဆက်လက်တင်ဆက်ပေးသွားဦးမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

Ref; www.livescience.com / wikihow
 …………
ဝန်ဇင်းသတင်းစကား ။       ။  စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖော်ပြပေးနေတဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညစဉ် ( ၉ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ 

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts