အဓိပ္ပာယ်ရှိသော တိုက်ဆိုင်မှုများ အပိုင်း ( ၁ )


အဓိပ္ပာယ်ရှိသော တိုက်ဆိုင်မှုများ
အပိုင်း ( ၁ )

( ၁၉၆၇ ) ခုနှစ်၏ ဆောင်းဦးပေါက်ရာသီတွင် ‘ပီတာမော့စ်ကာဒီ’ ဟု အမည်ရှိသော လန်ဒန် ရဲအရာရှိတစ်ဦးအား သူ၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးက “ခင်ဗျားတို့ ရဲစခန်းကို ကျုပ်ဖုန်းဆက်တာဗျာ၊ ခဏခဏပဲ။ ဒါပေမဲ့ ခေါ်လို့ကိုမရဘူး” ဟု ပြောသည်။ မော့စ်ကာဒီက သူ့တယ်လီဖုန်းနံပါတ် ပြောင်းသွားတာ နှစ်ရက်၊ သုံးရက်ပဲ ရှိဦးမယ်။ ဒါကြောင့် ဆက်မရတာ ဖြစ်မှာပေါ့ ဟု ဆိုကာ သူ့သူငယ်ချင်းကို တယ်လီဖုန်းနံပါတ်သစ်တစ်ခု ထပ်ပေးလိုက်သည်။ တကယ်တော့ ယခု သူ ပေးလိုက်သော ဖုန်းနံပါတ်ကလည်း အမှန်မဟုတ်။ သူ့တယ်လီဖုန်းနံပါတ်သစ်ကို သူ အလွတ်မရသေး၍ စိတ်ထဲရှိရာ နံပါတ်တစ်ခုခုကို အလိုလို ပေးလိုက်မိခြင်းသာ ဖြစ်သည်။ တယ်လီဖုန်းနံပါတ်၏ နောက်ဆုံး သုံးလုံးမှာ ( ၁၆၆ ) ဖြစ်သော်လည်း သူက လွဲမှားပြီး ( ၁၁၆ ) ဟု ပေးလိုက်မိသည်။ နောက်ထပ် ရက်အနည်းငယ် ကြာသောအခါ ရဲအရာရှိ မော့စ်ကာဒီသည် စက်မှုရပ်ကွက်တစ်ခုသို့ ပတ္တရောင်လှည့်ရင်းနှင့် တံခါးပွင့်နေသော အိမ်ခန်းတစ်ခုကို မသင်္ကာ၍ ဝင်ကြည့်မိသည်။ သူ အခန်းထဲ ရောက်ရောက်ချင်း၊ အခန်းထဲမှ တယ်လီဖုန်းက အသံမြည်လာသည်။ သူက ချက်ချင်းပင် ကောက်ကိုင်လိုက်သည်။ 
“မော့စ်ကာဒီလား၊ ငါပါကွ၊ မင်းသူငယ်ချင်းပါ၊ ခုတော့လည်း မင်းရဲ့ ရဲစခန်းဖုန်းက ဟုတ်လို့ပါ့လား” 
မော့စ်ကာဒီ ဖုန်းနံပါတ် မှားပေးလိုက်သော သူငယ်ချင်း၏ အသံ။ အံသြစရာကောင်းတာက မော့စ်ကာဒီ မှားပေးလိုက်သော တယ်လီဖုန်းနံပါတ်က ယခု သူရောက်နေသော အိမ်၏ ဖုန်းနံပါတ် ဖြစ်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် မော့စ်ကာဒီ ရောက်နေသော နေရာသို့၊ အချိန်တိတိကျကျပင် ဟိုဘက်က ဖုန်းလှမ်းဆက်လိုက်ခြင်းပင် ဖြစ်သည်။ 

ထိုအကြောင်းကို စာရေးဆရာ ‘အာသာကို့စ်တလာ’ က သူ့စာအုပ် တစ်အုပ်ထဲတွင် ထည့်ရေးလိုက်သည်။ ထူးဆန်းသော တိုက်ဆိုင်မှု၊ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဟု လွယ်လွယ်နှင့် ပြော၍မရ။ ဤအချိန်သို့ တိတိကျကျရောက်ပြီး တံခါးဖွင့်ထားသော အိမ်သို့ ဝင်မိကာ ဖုန်းနံပါတ်မှားပြောထားသော သူငယ်ချင်းက သူ့ဆီ ဖုန်းဆက်ခြင်းမှာ အတော်ပင် တိုက်ဆိုင်ခဲလှသည်။ ဒါမျိုးတွေ လောကမှာ မကြာခဏ ကြုံရတတ်သည်။ မမြင်နိုင်သော စွမ်းအင်သတ္တိတစ်ခုက တမင်တကာကို စီကာစဉ်ကာ လုပ်ပေးနေသလားဟုပင် တွေးယူ၍ ရသည်။ အကယ်၍ မော့စ်ကာဒီသည် တံခါးပွင့်နေသော အိမ်သို့ ဝင်ရောက် စစ်ဆေးရန် မဝင်ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ဝင်ဖြစ်မည်ထားဦး ဖုန်း မကိုင်ဖြစ်လျှင်သော်လည်းကောင်း ထို ထူးခြားသော ဖြစ်ရပ်ကို သိနိုင်မည် မဟုတ်။ ထိုသို့ သူပြုလုပ်မိ၍ နောက်ဆက်တွဲ ဖြစ်လာလတ္တံ့သော အန္တရာယ်တစ်ခုခုက သူ လွတ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဥပမာ ထိုအချိန်တွင် သူ အပြင်မှာ ကားတိုက်ခံချင် ခံရမည်။ လူဆိုးတို့နှင့် တွေ့ပြီး အပစ်အခတ် ခံချင် ခံရမည်။ ဒါတွေ ဘယ်သူမျှ ကြိုပြော၍ မရ။ 

ရထားလက်မှတ် ဝယ်ယူပြီးပါလျက် အကြောင်းကြောင်းကြောင့် နောက်ကျပြီး ရောက်သွား၍ ရထားမမီလိုက်သော ခရီးသည်သည် ထိုရထား တိမ်းမှောက်ပြီး သူ စီးလာမည့်တွဲ မီးလောင်သွားကြောင်း ကြားတော့မှ “ငါ ဒီခရီး မလိုက်ဖြစ်တာ ကံကောင်းလှပါတကား” ဟု သက်ပြင်းချနိုင်သလို ဖြစ်သည်။ လေယာဉ်ပျက်ကျမှု သမိုင်းစဉ် တော်တော်များများတွင် ထိုလေယာဉ်ဖြင့် မလိုက်ဖြစ်ခဲ့ဘဲ ကျန်ခဲ့၍ အသက်ရှင်ရစ်သူများ၏ အဖြစ်သနစ် များစွာရှိသည်။ ထိုင်ခုံနေရာ လဲလိုက်၍ အသက်ချမ်းသာသွားသူ ခရီးသည်တွေ ရှိသကဲ့သို့ ခုံနေရာ လဲလိုက်မိတော့မှ အန္တရာယ်ဖြစ်သွားသူတွေလည်း ရှိသည်။ 

ရုပ်ရှင်မင်းသား ‘အန်ထော်နီဟော့ပ်ကင်းစ်’ ၏ ထူးခြားသော တိုက်ဆိုင်မှုတစ်ခုကိုလည်း ပြောရပါဦးမည်။ ( ၁၉၇၁ ) ခုနှစ်တွင် စာရေးဆရာ ‘ဂျော့ခ်ဖီဖာ’ သည် ‘The Girl From Petrovka’ ဆိုသော ဝတ္ထုကို ရေးသည်။ ရေးပြီးသား စာမူကြမ်းကို အထပ်ထပ်အခါခါ ပြန်ဖတ် ပြန်ပြင် ရေးခဲ့သည်။ သို့သော် ထိုစာမူကြီးမှာ လန်ဒန်တွင် ကားရပ်ထားစဉ် အခိုးခံလိုက်ရသည်။ ထို့ကြောင့် စာရေးဆရာက စာမူကို ပြန်ရေးရသည်။ နောက်ထပ် နှစ်နှစ်ကြာတော့ စာရေးဆရာ ဖီဖာသည် ထိုဝတ္ထုကို ရုပ်ရှင်ရိုက်ရန် ရောင်းလိုက်ကာ မင်းသားလုပ်မည့်သူ ‘အန်ထော်နီဟော့ပ်ကင်းစ်’ နှင့်တွေ့ရန် ဗီယင်နာမြို့သို့ သွားသည်။ မင်းသားက ဇာတ်လမ်းတွင် သရုပ်ဆောင်ရန် စာချုပ် ချုပ်ဆိုပြီး စာအုပ်ဆိုင်သို့ သွားကာ ထိုစာအုပ်ကို သွားဝယ်သည်။ ဘယ်စာအုပ်ဆိုင်မှာမှ ရှာ၍ မရချေ။ ကုန်နေပြီ။ မြေအောက်ဘူတာရုံတစ်ခုသို့ သူအရောက်တွင် ထိုင်ခုံပေါ်မှ အထုပ်တစ်ခုကို တွေ့သည်။ သူက ချိန်ကိုက်ဗုံးထင်၍ သေသေချာချာ ကြည့်တော့မှ စာရွက်ထပ်တွေဖြစ်ကြောင်း သိလိုက်ရသည်။ ထိုစာရွက်ထပ်ကို ယူပြီး ဖတ်ကြည့်လိုက်တော့ စာရေးဆရာ ဖီဖာ၏ ဝတ္ထုစာမူ ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ ရှာနေသော စာအုပ်။ စာရေးဆရာ ဖီဖာကို သွားပြလိုက်တော့ “ဒါ ကျွန်တော့်ရဲ့ မူရင်းစာမူပဲ။ ပျောက်သွားတာ နှစ်နှစ်ကြာပြီ။ ခုမှပဲ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာဗျာ။ တွေ့မယ့်တွေ့တော့လည်း မင်းသားလုပ်မယ့် သူကမှ ပြန်တွေ့တာ တိုက်တိုက်ဆိုင်ဆိုင်ပဲ”

( ၁၉၅၀ ) တုန်းကလည်း ‘နီဗရာစကာ’ ပြည်နယ်၊ ‘ဘီထရစ်’ မြို့၏ ဘုရားရှိခိုးကျောင်းတွင် ထူးခြား တိုက်ဆိုင်မှုတွေ ဖြစ်ခဲ့သေးသည်။ ထိုနှစ် မတ်လ ( ၁ ) ရက်နေ့ ညဘက် ( ၇ ) နာရီ ( ၂၀ ) မိနစ်တွင် ဘုရားဝတ်ပြုသီချင်း သံပြိုင်ဆိုကြရန် စီစဉ်ထားသည်။ ထိုအချိန်အထိ သင်းအုပ်ဆရာရော၊ သူ့ဇနီးနှင့် သမီးရော ဓမ္မတေးဆိုမည့်သူ နှစ်ဦးမှာလည်း ရေဒီယိုအစီအစဉ်တစ်ခု နားထောင်နေကြရ၍ မလာဖြစ်ကြသေး။ ဓမ္မတေးအဖွဲ့ဝင် မိန်းကလေးတစ်ဦးမှာလည်း သင်္ချာတစ်ပုဒ် တွက်လို့ မပြီးသေး၍ ဦးနှောက်ခြောက်နေဆဲ။ ဇနီးမောင်နှံစုံတွဲတစ်တွဲကလည်း ကားစက်နှိုး မရ၍ မလာနိုင်ကြ စသည် စသည်ဖြင့် … ။ 

သို့ဖြင့် သတ်မှတ်ထားသော အချိန်ထက် ငါးမိနစ်ကျော်သွားသည်။ ဘုရားရှိခိုးကျောင်း ခန်းမထဲသို့ မည်သူမျှ ရောက်မလာကြ။ ထိုအချိန်တွင် ဓာတ်ငွေ့အိုး ထပေါက်ကာ ခန်းမတစ်ခုလုံး လုံးဝ ပျက်စီးမီးလောင်သွားသည်။ အကယ်၍ အချိန်အတိအကျသာ ဓမ္မတေးဆိုမည့်သူတွေ ရောက်လာကြလျှင် အားလုံး အသက်ဆုံးရှုံးကြမှာ သေချာသည်။ 

ထိုသို့သော အဓိပ္ပာယ်ရှိသည့် တိုက်ဆိုင်မှုများ အကြောင်းကို နှစ်ဆယ်ရာစု စိတ်ပညာရှင် ‘ကားလ်ယွန်း’ က နက်ရှိုင်းစွာ လေ့လာ သုတေသနပြုခဲ့သည်။ ယွန်းမှာ ဆွစ်လူမျိုး ဘုန်းတော်ကြီးတစ်ပါးက ( ၁၈၇၅ ) တွင် မွေးခဲ့သည်။ သူသည် သမားတော်ကြီးဖြစ်ပြီး အာရုံကြောဆိုင်ရာ ဘာသာရပ်ပါရဂူ ဖြစ်သည်။ စိတ်ခွဲသရုပ်ပညာရှင် ‘ဆစ်ဂမန်ဖရိုက်’ ၏ စာများကို လေ့လာခဲ့ကာ ( ၁၉၀၇ ) မှ ( ၁၉၁၃ ) ထိ ဖရိုက်၏ အရင်းနှီးဆုံးတပည့် ဖြစ်လာသည်။ ယွန်းသည် အဓိပ္ပာယ်ရှိသော တိုက်ဆိုင်မှုများစွာကို သူ့ဘဝတစ်လျှောက်လုံး အသေးစိတ် လေ့လာခဲ့သည်။ 

ဟိန်းလတ်
အပိုင်း ( ၂ ) ဆက်ရန်

။   ။ ဒီပို့စ်ကို ကြိုက်တယ်ဆိုရင် Like & Share နဲ့ ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲဦးနော်။ 

Related Posts