မကောင်းဆိုးဝါး ပူးခြင်း ကပ်ခြင်း [ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]


[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]
မကောင်းဆိုးဝါး ပူးခြင်း ကပ်ခြင်း
.......

( ၁၉၇၄ ) ခုနှစ်၊ နိုဝင်ဘာအတွင်းတွင် လောင်းအိုင်းလင်း၊ အင်မီတီဗီးလ်မြို့၊ အမှတ် ( ၁၁၂ )၊ သမုဒ္ဒရာရိပ်သာနေ ရိုနယ်လ်ဒီဖီယိုးသည် ငယ်သံပါအောင် အော်ဟစ်ပြီး အရက်ဆိုင်တစ်ခုအတွင်းသို့ ပြေးဝင်လာသည်။ ထို့နောက် သူက အရက်ရောင်းသူအား တိုင်ကြားသည်။ စိတ်မနှံသူတစ်ဦးသည် သူ့အိမ်ကို ချိုးဖျက်ဝင်လာကာ သူ့အဖေ၊ သူ့အမေနှင့် သူ့ညီ၊ သူ့ညီမ ( ၄ ) ယောက်တို့ကို သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း။ ရဲတပ်ဖွဲ့ဝင်များက သူ့အိမ်ကို လိုက်သွားသောအခါ ချိုးဖျက်ဝင်ရောက်ထားသော အရိပ်အယောင်ကို မတွေ့ရ။ သို့သော် ဒီဖီယိုးပြောသလိုပင် လူ ( ၆ ) ယောက်ကတော့ အသတ်ခံထားရသည်ကို တွေ့ရသည်။ အမှုမှန်ပေါ်လာသောအခါ ဒီဖီယိုးသည် အသက်အာမခံကြေးတွေကို တစ်ယောက်တည်း မောင်ပိုင်စီးချင်၍ မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများကို သတ်ပစ်ခဲ့ကြောင်း သိရ၏။ ပြစ်မှုထင်ရှားသဖြင့် သူ့ကို လူတစ်ယောက်သတ်မှုအတွက် တစ်သက်တစ်ကျွန်း တစ်ကြိမ်ဖြင့် ၊ လူ ( ၆ ) ယောက်သတ်မှုအတွက် တစ်သက်တစ်ကျွန်း ( ၆ ) ကြိမ် ပြစ်ဒဏ်ချခဲ့၏။ ထိုအိမ်ကို ဂျော့နှင့် ကေသီလုမ် ဇနီးမောင်နှံတို့က ဒီဇင်ဘာ ( ၁၈ )၊ ( ၁၉၇၅ ) ခုနှစ်တွင် ဝယ်လိုက်ကြ၏။ 

သို့သော် သူတို့သည် ထိုအိမ်တွင် ( ၂၆ ) ရက်သာ နေခဲ့ကြရ၏။ ( ၁၉၇၆ ) ခုနှစ်၊ ဇန်နဝါရီလ ( ၁၄ ) ရက်နေ့အထိ။

သူတို့ဇနီးမောင်နှံအကြောင်းကို “အိမ်တွင်းမှု” အမည်ရှိ အမေရိကန်မဂ္ဂဇင်း၊ ( ၁၉၇၇ ) ခုနှစ်၊ ဧပြီလထုတ်တွင် ပါလာ၏။ စာရေးသူမှာ ပေါလ် ဟော့ဖ်မင်းဖြစ်သည်။ ထိုအကြောင်းများကိုပင် စာရေးဆရာ ‘ဂျေးအင်ဆန်’ အား ပြောပြရာ ‘အင်မီတီဗီလ်သရဲခြောက်မှု’ စာအုပ်ကို ရေးထုတ်ခဲ့သည်။ ( နောင်တွင် ထိုဝတ္ထုကို ရုပ်ရှင်ရိုက်ခဲ့၏။ )
ဂျော့နှင့် ကေသီတို့ အပြောအရ သူတို့ကို ထိုအိမ်မှ မကောင်းဆိုးဝါးတွေ စီးကြသည်ဆို၏။ ဂျော့၏ ရုပ်ရည်မှာ ထိုအိမ်တွင် နေပြီးပြီးချင်း ဤအိမ်မှ ယခင် လူသတ်သမားရုပ်သို့ ချက်ချင်းပြောင်းသွားသည် ဆို၏။ ( ၁၉၇၆ ) ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့တွင် ဂျော့ အိပ်ရာမှ နိုးထလာပြီး နံဘေးမှ အိပ်နေသော သူ့ဇနီးကို ကြည့်လိုက်ရာ ဆံပင်ဘုတ်သိုက်နှင့် အသက် ( ၉၀ ) ခန့်ရှိသော အဘွားကြီး ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။ 

သူတို့အကြောင်းကို ( ၁၉၇၈ ) ခုနှစ်တွင် စာအုပ်ထုတ်၏။ ပညာရှင် အများစုကမူ သူတို့ဖြစ်ရပ်ကို မယုံကြည်ကြ။ ဟုတ်ယောင်မှုသဘော၊ စိတ်ခြောက်ခြားပြီး ကယောင်ကတမ်း ပြောတာတွေပဲ ဖြစ်မည်ဟုသာ ယူဆကြ၏။ အမေရိကန်တက္ကသိုလ်မှ စိတ်နယ်လွန်ပညာဌာန ဌာနမှူး ဒေါက်တာအာပလန်က “ကျွန်တော် အသေးစိတ် လေ့လာပြီးပြီ၊ ဒီအိမ်မှာ သရဲခြောက်တယ်ဆိုတဲ့ အရိပ်အယောင် လုံးဝမရှိဘူး။ ဒီစုံတွဲဟာ သူတို့ ငွေကြေးမတတ်နိုင်တဲ့ ဒီအိမ်ကြီးမျိုးကို ဝယ်ပြီး သူတို့ဘာသာ သူတို့ လိပ်ပြာလန့်နေကြတာပဲ ဖြစ်မယ်။ သူတို့ရဲ့ သရဲခြောက်ခံရတယ်ဆိုတာ တကယ်တော့ စိတ်ကူးယဉ်သက်သက်ပဲ” ဟု ပြောသည်။ 

မကောင်းဆိုးဝါး ပူးကပ်ခြင်း၊ ဝင်စီးခြင်းဆိုသည်ကို အနောက်တိုင်းတွင် ပြောကြဆိုကြသော သာဓကတွေ များစွာရှိ၏။ ကတ်သလစ်ဘာသာဝင် ဘုန်းတော်ကြီး ‘ဂျွန်နီကိုလာ’ ၏ ‘မကောင်းဆိုးဝါးပူးကပ်ခြင်း အတွေ့အကြုံ’ စာအုပ်သည် ထိုအကြောင်းများစွာကို မှတ်တမ်းတင်ထားသည်။ ( ၁၈၈၈ ) ခုနှစ်တွင် မွေးဖွားသူ ‘မေရီ’ အမည်ရှိ မိန်းမပျိုတစ်ဦးသည် ( ၁၉၀၂ ) ခုနှစ်မှစ၍ မိစ္ဆာသရဲပူးကပ်သည့် ကိစ္စမျိုးတွေ ဖြစ်လာသည်။ ခရစ်ယာန်ဘာသာဝင်တွေ သုံးစွဲသော ရိုစရီခေါ် ပုတီးတို့၊ ပရိတ်ရေတို့နှင့် ထိတွေ့မှ မိစ္ဆာတွေ ခွာတတ်သည်။ ဒီလိုဖြစ်ရတာ စိတ်ရောဂါကြောင့်လား၊ ဆရာဝန်ကြီးတွေ အမျိုးမျိုး စိစစ်ကြည့်၏။ ဘာရောဂါမှမတွေ့၊ အနောက်တိုင်းဆေးပညာအရ ဘယ်လိုစစ်ဆေး၍မှ မရသဖြင့် နောက်ပိုင်းတွင် ဘာသာရေးဂိုဏ်းဆရာတွေဆီ သူ့ကို ခေါ်လာရသည်။ 

ဂိုဏ်းဆရာများရှေ့တွင် မေရီသည် ပူးတာ၊ ကပ်တာတွေ အများကြီး လုပ်ပြသွားသည်။ ပါးစပ်လုံးဝမဖွင့်ဘဲ လူတိုင်းကြားရသည့် စကားတွေ ပြောပြသွာ၏။ ထူးဆန်းသော ကျယ်လောင်စူးရှသည့် အသံတွေ အော်ပြသွားသည်။ သန်သန်မာမာ ယောက်ျာကြီးတစ်ယောက် တစ်ချီတည်း ဗိုင်းခနဲ လဲသေစေနိုင်သော အဆိပ်တွေကို သူက အများကြီး စားပြသွားသည်။ သူကတော့ ဘာမှ မဖြစ်။ သူ လုံးဝမသိနိုင်သော မေးခွန်းများကို မေးကြည့်သည်။ တစ်လုံးမကျန် အမှန်အတိုင်း သူက ဖြေပြသွားနိုင်၏။ နောက်ဆုံးတွင် မေရီကို ပူးဝင်နေကြသော မိစ္ဆာတွေက သူတို့နာမည်တွေကို တစ်လုံးချင်း ပြောပြသွားသည်။ 

ဘီလ်မီးဘတ်ဗ်၊ လော့စ်အော့ဖ်သဖလိုင်းစ်၊ ဂျေကော့၊ ယာကွတ်၊ မီနာ၊ ယုဒ။
ထိုသို့ မေရီကို စိတ်ကြိုက် စစ်မေးပြီးနောက် ဘုန်းတော်ကြီး စတိုင်ဂါသည် အိမ်သို့ ကားမောင်းပြန်လာသည်။ သူ တံတားတစ်ခုနား ရောက်သောအခါ မည်းမှောင်သော တိမ်တိုက်ကြီးက ရုတ်တရက် ကာဆီးလာ၏။ သူ ဘာမှ မမြင်ရတော့။ ဒိုင်းခနဲ အသံကြားရတော့ ကားရပ်သွားသည်။ ဘုန်းတော်ကြီးက ဘာမှတော့ မဖြစ်။ ကားကတော့ စိစိညက် ကြေမွသွားသည်။ 

ဘုန်းတော်ကြီးသည် ကားတစ်စင်းငှားပြီး သူ သီတင်းသုံးရာ ကျောင်းသို့ ပြန်လာသည်။ ထိုစဉ် မေရီက ခရီးဦးကြိုပြုကာ လာပြောသည်။ “အခုတော့ မင်းရဲ့ကား စိစိညက်ကြေသွားပြီ မဟုတ်လား၊ အဓိကကတော့ မင်းရဲ့ အသက်ကိုပါ ငါတို့က လုယူဖို့၊ ဒါပေမဲ့ သူတော်စင် စိန့်ဂျိုးဇက် တားလို့ ငါတို့က မင်းကို အသက်ချမ်းသာပေးလိုက်တာ” ဟု ပြော၏။

မေရီကို ဘုန်းတော်ကြီးအပါအဝင် ဂိုဏ်းဆရာတွေက ရက်သတ္တသုံးပတ်တိုင်တိုင် ဆေးကုပေးကြ၊ တရားဟောကြသည်။ ( ၁၉၈၂ ) ခုနှစ်၊ ဒီဇင်ဘာ ( ၂၃ ) ရက်တွင် ဆရာတော်ကြီး သီအိုဖီးလ်စ်က အမိန့်ပြန်၏။ “နင့် ခန္ဓာကိုယ်ထဲမှာ နေတဲ့ ငရဲပြည်က မိစ္ဆာတွေ ထွက်ကြ၊ စေတန် မကောင်းဆိုးဝါးလည်း သွားဆိုသွား၊ ဒီအချိန်ကစပြီး ယုဒရဲ့ ကေသရာဇာခြင်္သေ့မင်း နင့်နာမ်မှာ ကိန်းတော့”

ထိုအချိန်တွင် မေရီ၏ ခန္ဓာကိုယ်မှ “ကြောက်ပါပြီ၊ ပြေးပါတော့မယ်၊ သွားပါတော့မယ်” ဆိုသော အသံနက်ကြီးတွေ ပေါ်လာ၏။ မေရီလည်း ငုတ်တုတ်ထထိုင်ကာ “ယေရှုခရစ်တော်ကို ကောင်းချီးပေးပါတယ်” ဟု ထပြီး ဝတ်ပြု၏။ ထိုနေ့မှစ၍ မေရီသည် ပုံမှန် ဖြစ်သွားသည်။ ပျို့တာ၊ အန်တာ၊ ပူးတာ၊ တုန်တာ၊ အော်တာဟစ်တာတွေ မရှိတော့ဘဲ ကျန်းမာရွှင်လန်းစွာဖြင့် သက်တမ်းစေ့ နေသွားတော့သည်။ 

မကောင်းဆိုးဝါးပူးတာ ကပ်တာနှင့် ပတ်သက်၍ သမိုင်းတွင် ထင်ရှားသော ဥပမာတစ်ခုကိုလည်း ပြနိုင်သည်။ 

ဂျာမနီမှ အာဏာရှင် ‘အဒေါ့ဖ်ဟစ်တလာ’ ( ၁၈၈၉ - ၁၉၄၅ ) ကို ကြည့်ပါ။ သူ သက်ရှိထင်ရှား ရှိစဉ်ကာလ သူမိန့်ခွန်းပြောတာ နားထောင်ဖူးသူတွေ ရှိသည်။ သူ မိန့်ခွန်းပြောစဉ်တွင် တုံ့တုံ့ဆိုင်းဆိုင်းနှင့် ခပ်လေးလေးကြီး ပြောတတ်သည်။ သူ့ကို ကြည့်ရသည်မှာ လူရှေ့သူရှေ့တွင် တစ်ခါမျှ မိန့်ခွန်းမပြောဖူးသည့် ပုံမျိုးဖြစ်သည်။ မိနစ်အနည်းငယ် ကြာသောအခါ နည်းနည်းပိုသွက်လာသည်။ လေသံနှင့် အသံက မြင့်တက်လာ၏။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုလာသည်။ 

ထို့နောက်ပိုင်းတွင်ကား ပရိသတ်တစ်ခုလုံးကို သူ စိုးမိုးလွှမ်းခြုံသွားနိုင်ပြီ။ အားလုံးက တက်ကြွလာ၏။ သူနှင့် ပရိသတ်တို့ တစ်သားတည်း ဖြစ်သွားသည်။ တကယ်တော့ သူ ပြောနေသောစကား၊ သူ လှုံ့ဆော်နေသော စကားများမှာ လူတွေ၏ စိတ်တွင်းမှာ မြုပ်နေသော မကောင်းသည့်စိတ်၊ လက်စားချေ အာဃာတထားလိုစိတ်၊ ရန်လိုသတ်ဖြတ်လိုသည့် စိတ်များကို မီးထိုးလှုံ့ဆော်ပေးနေသော စကားများသာ ဖြစ်၏။ ထိုအချိန်တွင် ဟစ်တလာသည် မကောင်းဆိုးဝါးတစ်ကောင် ပူးဝင်နေသည့်အလား အသံတွေက ထန်မာန်လာပြီး မျက်လုံးတွေက တောက်ပြောင်၊ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတတ်၏။ တကယ်တော့ သူ့နှုတ်ဖျားကို မကောင်းဆိုးဝါး ဝင်စီးနေတာ ဖြစ်နိုင်သည်ဟု စိတ်နယ်လွန်ပညာရှင်များက တွက်ဆကြသည်။ ထိုအချိန်တွင် သူသည် မိစ္ဆာနတ်၏ ကျေးကျွန်ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါး ဝင်ကပ်နေ၏။ စာရေးဆရာကြီး ‘ထရီဗော်ရာဗင်စကော့ဖ်’ ၏ အဆိုအရ ဟစ်တလာသည် ဂျာမန် ရှေးဟောင်းမိစ္ဆာနတ်တစ်ပါး၏ ပူးဝင်မှုခံနေရသူ ဖြစ်မည်ဟု ဆို၏။ ထိုမိစ္ဆာမှာ ‘လူစီဖာ’ ဖြစ်သည်။ ဟစ်တလာသည် သူ့စိတ်ဓာတ်၊ သူ့ခန္ဓာကိုယ်ကို မိစ္ဆာကို ပေးလှူထားသူ ဖြစ်သည်ဟု အချို့ပညာရှင်များက သက်သေတွေ ပြထားကြသည်။ 

ဟိန်းလတ်
……………

။     ။ စာရေးဆရာဟိန်းလတ် ပြုစုရေးသားသော ‘စိတ်နှင့်ဂမ္ဘီရ’ ( အသိရခက်သော ဖြစ်ရပ်ဆန်းများကို လေ့လာခြင်း ) စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

"ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
 

Related Posts