"အင်ဒိုနီးရှားနိုင်ငံရှိလည်ပတ်စရာနေရာများ" [Travel Article]


"အင်ဒိုနီးရှားနိုင်ငံရှိလည်ပတ်စရာနေရာများ" 

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …. 
အတာသင်္ကြန်ပွဲတော်တွေပြီးဆုံးလို့ ဧပြီလရဲ့ နွေရာသီကာလအတွင်း ခရီးထွက်ဖို့များ စီစဉ်ထားသေးလားခင်ဗျ။ တကယ်လို့ စီစဉ်ထားတယ်ဆိုရင်တော့ အခု မိတ်ဆက်ညွှန်းဆိုမယ့် ခရီးသွားကဏ္ဍလေးကို တဆိတ်လောက် ဖတ်ရှုပြီး မိမိရဲ့ ခရီးသွားဖို့ လျာထားတဲ့ နေရာစာရင်းထဲမှာ ထည့်ဖို့ မမေ့ပါနဲ့ဦး။ Wun Zinn Digest ကနေ ယနေ့တင်ဆက်ပေးမယ့် ခရီးသွားကဏ္ဍမှာတော့ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက လည်ပတ်စရာနေရာတွေကို တင်ဆက်ပေးသွားမှာပါ။ အခုဖော်ပြမယ့် နေရာငါးခုကတော့ အင်ဒိုရောက်တိုင်း လည်ပတ်ခဲ့သင့်တဲ့ တကယ့် ထိပ်တန်းနေရာ ( ၅ ) နေရာပါပဲခင်ဗျ။ 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနေရာတွေထက် ထူးခြားဆန်းသစ်တဲ့ သဘာဝရှုခင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှုတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ ဒီလိုနိုင်ငံကို အလည်အပတ် သွားရောက်ဖို့ စီစဉ်ထားတယ်ဆိုရင် အောက်ပါနေရာတွေကိုတော့ လည်ပတ်ခဲ့ဖို့ မမေ့ပါနဲ့ဗျို့ … ။

၁။ ဂျာကာတာ ( Jakarta ) 
အင်ဒိုနီးရှားနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ မတူကွဲပြားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သူ့ရဲ့မြို့တော် ဂျာကာတာဟာဆိုရင် လူဦးရေ ၉ သန်းကနေ သန်း ၂၀ ကျော်အထိရှိတဲ့ လူဦးရေကို အံဝင်ခွင်ကျ နေထိုင်စေနိုင်တဲ့ မိခင်မြို့တော်လည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ ဖြစ်ပေမဲ့ ခေတ်မီဈေးဝယ်စင်တာတွေ၊ မပျောက်မပျက်အောင် ထိန်းသိမ်းထားတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ အထိမ်းအမှတ်တွေ၊ မြို့တွင်းက လမ်းကြားတိုင်းလိုလိုမှာ မွှေးကြိုင်ပြီး အရသာရှိလှတဲ့ အစားအသောက်တွေကို ဈေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်မှု .. စတာတွေကြောင့် ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်ကြတဲ့ နေရာကတော့ ဂျာကာတာမြို့တော်ပါပဲ။ ဒေသခံတွေ ပြောလေ့ရှိတာက “နာစီ ( ဆန် ) မပါတဲ့ စားပွဲဟာ တကယ်တော့ စားပွဲမမည်ပါဘူး” တဲ့။ ဒေသခံ အစားသောက်တွေ အများစုဟာ ဆန်မပါရင်မပြီးကြဘူးဆိုသလို သင့်အနေနဲ့ ဂျာကာတာကို အမှတ်ရနေစေမှာကတော့ လျှာလည်သွားမည့် ‘နာစီဂိုရမ်း’ လို့ခေါ်တဲ့ ထမင်းကြော်ပါပဲ။ ဒီလို ရိုးရှင်းတဲ့စားစရာတွေအပြင် ခေတ်မီအစားအသောက်တွေရမယ့် ညစာစားပွဲတွေလည်း ရှိပါသေးတယ်။ သူကတော့ နာမည်ကြီး အိုအေစစ်စားသောက်ဆိုင် ( Oasis Restaurant ) ပါ။ ကိုလိုနီခေတ် အဆောက်အဦ အငွေ့အသက်တွေနဲ့အတူ ဥရောပအစားအစာတွေကို မှာယူရရှိနိုင်မှာပါ။ စားချင်တာတွေစားပြီး ကယ်လိုရီတွေတက်မှာမပူပါနဲ့၊ ဂျာကာတာမာရသွန် အပြေးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ပြေးနိုင်ပါသေးတယ်ဗျ။ 

၂။ ဘာလီကျွန်း ( Bali )
စိတ်ကလေး အေးအေးချမ်းချမ်းနဲ့ တစ်ရက်တာကို ကုန်ဆုံးဖို့အတွက် ဘာလီကျွန်းမှာရှိတဲ့ နာမည်ကြီး spa တွေက သင့်ကို ဖိတ်ခေါ်နေပါတယ်။ ဒီလိုမှမဟုတ်ဘူး၊ တစ်နေ့တာကို စိတ်ဝင်စားစရာတွေနဲ့ လှုပ်လှုပ်ရှားရှား သွားလာချင်တယ်ဆိုရင်တော့ မျောက်တွေပေါတဲ့ တောထဲကိုလည်း လမ်းလျှောက်ခရီးတို ထွက်နိုင်ပါသေးတယ်။ အာဖရိကတိုက် အပါအဝင် ကမ္ဘာပေါ်က တောရိုင်းတိရိစ္ဆာန်တွေကို ဘာလီဆာဖရီ နဲ့ မရိန်းပန်းခြံတို့မှာ တွေ့မြင်ကြည့်ရှုနိုင်မှာပါ။ နေ့ကုန်ဆုံးသွားလို့ ညရောက်လာပြီဆိုရင်လည်း ဆာဖရီညအလှကို ခံစားခဲ့ဖို့ မမေ့ပါနဲ့။ နတ်တွေရဲ့ပျော်စံရာနယ်မြေလို့ တင်စားခံရတဲ့ ဘာလီကျွန်းခရီးစဉ်ဟာ သင့်ရဲ့တစ်ဘဝလုံးမှာ အမှတ်တရများစွာနဲ့ နေရာယူထားလိမ့်မယ်ဆိုတာ သေချာနေပါတယ်။ 

၃။ ကိုမိုဒို ( Komodo ) 
ကမ္ဘာ့အံ့ဖွယ် ( ၇ ) ပါးထဲက ကိုမိုဒိုအမျိုးသားဥယျာဉ်ကြီးဟာ သင့်အတွက် အံ့သြစရာတွေ၊ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါလိမ့်မယ်။ ဒီအမျိုးသားဥယျာဉ်ကြီးဟာ ဆန်းပြားလှပတဲ့ သဲဖြူနဲ့ မြေနီရောင်သဲတွေရှိတဲ့ ကိုမိုဒိုကျွန်းပေါ်မှာ တည်ရှိပါတယ်။ ပန်းနုရောင်ကမ်းခြေလို့ ခေါ်ဆိုရတဲ့ ဒီကျွန်းရဲ့ လှပမှုဟာ သင့်အတွက် အိမ်ကိုမေ့သွားစေလောက်အောင်ပင် လှပနေတာပါ။ ကမ်းခြေမှာ အပန်းဖြေရတာ နှစ်သက်သူတွေနဲ့ ရေအောက်နက်နက်ထိ ရေငုပ်ရတာမျိုး သဘောကျသူတွေအတွက်တော့ တကယ့်နေရာပါပဲ။ ကမ္ဘာပေါ်မှာ ဖွတ်၊ ပုတက်သတ္တဝါတွေ အများဆုံးမြင်တွေ့ရမယ့် နေရာကလည်း ဒီ ကိုမိုဒိုကျွန်းပါပဲ။ သူတို့ကို ကိုမိုဒိုနဂါးတွေလို့တောင် ခေါ်ကြပါရဲ့။ စိတ်မပူပါနဲ့ဗျာ .. ကိုမိုဒိုနဂါးတွေက မီးမမှုတ်တတ်ပါဘူး၊ ဒါပေမယ့် သူတို့ရဲ့ အလျားက ဆယ်ပေကျော်ထိ ရှိတယ်နော့ .. ။ 

၎။ တန်ဂျောင်းအမျိုးသားပန်းခြံ
ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး တောရိုင်းသတ္တဝါတွေရှိတဲ့ ကိုမိုဒိုကျွန်းဟာ ခရီးသွားတွေကို ဖိတ်ခေါ်နေစဉ်မှာပဲ အင်ဒိုနီးရှားကိုလာတဲ့ ခရီးသွားတွေအတွက် နောက်ထပ် သွားလာမှု ကြည့်ရှုမှုအများဆုံးကတော့ ‘အိုရန်အုတန်’ ပါပဲ။ ဘာလီကျွန်းတစ်ခုစာလောက် နေရာယူထားတဲ့ တန်ဂျောင်းအမျိုးသားဥယျာဉ်ကြီးထဲမှာ ‘အိုရန်အုတန်’ လို့ခေါ်တဲ့ သိပ်ချစ်ဖို့ကောင်းပြီး လှပတဲ့ မျောက်ကြီးတွေနဲ့ သဘာဝတောကောင်တွေပါပဲ။ မြစ်ကူးသင်္ဘာတစ်စင်းနဲ့ တောအုပ်ပတ်ပတ်လည်က သင်တစ်ခါမှ မမြင်ဘူးတဲ့ မျောက်မျိုးစိတ်ပေါင်း ( ၈ ) စိတ်အထိ မြင်တွေ့ရမှာပါ။ ရုပ်ရှင်ကားတွေထဲမှာ မြင်တွေ့ရလေ့ရှိတဲ့ အမွေးရှည်ရှည်မျောက်ကြီးတွေ၊ ထူးဆန်းတဲ့ ငှက်ကြီးတွေနဲ့ ဝက်ပုတွေကလည်း သင့်ရဲ့ စူးစမ်းလိုစိတ်ကို ဆွဲဆောင်ထားမှာ အသေအချာပါပဲ။ 

၅။ ဘရိုမိုတောင်တန်း ( Mount Bromo ) 
အင်ဒိုနီးရှားနိုင်ငံဟာ အင်မတန် လှပတဲ့နေရာတွေလည်း ရှိသလို အန္တရာယ်များတဲ့ နေရာတွေအဖြစ် မီးတောင်ရှင်တွေနဲ့ မီးငြိမ်းတောင်တွေလည်း ရှိပါသေးတယ်။ အခု နောက်ဆုံးနေရာတစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံ Java ကျွန်းဆွယ်ရဲ့ အရှေ့ဘက်လောက်မှာရှိတဲ့ Mount Bromo ၊ ဘရိုမိုမီးတောင်ပါပဲ။ ဒီ ဘရိုမိုမီးတောင်ဟာ၊ မီးတောင်အရှင်တစ်ခုပါ။ အသဲယားစရာပါပဲ .. ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ မီးတောင်ပေါက်ကွဲဖို့ အလားအလာရှိတယ်ဆိုရင် နယ်မြေတာဝန်ရှိသူတွေက သင့်ကို မီးတောင်ရဲ့အရိပ်ကိုတောင် နင်းစေမှာမဟုတ်ပါဘူး။ ဒီတော့ ပြောရမယ်ဆိုရင် ဒီမီးတောင်ရှင်ဟာ နေထွက်ချိန်ကို ကြည့်ရှုခံစားနိုင်မယ့် ( Sunset View ) ဟာ သိပ်ကို လှပပါတယ်။ အတိတ်ဒဏ္ဍာရီနယ်မြေထဲ ရောက်သွားသလို ခံစားရစေမှာပါ။ တောင်ခြေမှာလည်း သဲပင်လယ်ကြီးရှိပြီး နေထွက်ချိန်မှာ သဲပင်လယ်ကို ဆိုင်ကယ်တွေ၊ ဂျစ်ကားတွေနဲ့ဖြတ်ပြီး တောင်တန်းနဲ့ မြေပြန့်ကို တန်ပြန်ဟပ်နေတဲ့ သူရိယနေမင်းကြီးရဲ့ ရွှေဝါရောင်နဲ့ ပုစွန်ဆီရောင် ရောစပ်ထားတဲ့အလှကို မြင်တွေ့ခံစားရတာဟာ သင့်အတွက် ကမ္ဘာကြီးရဲ့အလှဆိုတာ ဒါပါလားလို့ ထင်မှတ်သွားနိုင်လောက်ပါရဲ့။ မနက်စောစော ချမ်းစီးစီးအချိန်မှာ တောင်ပေါ်တက်ပြီး လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ရတဲ့အရသာဟာ အာဟာရသိဒ္ဓိပြီးလောက်တဲ့ သဘာဝအနှစ်သာရ တစ်ခုပဲ ဖြစ်ပါတယ်ဗျာ …. ။ 

ကဲ .. ဝန်ဇင်းပရိသတ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခရီးထွက်ဖို့ ကြံနေတယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက အခုညွှန်းဆိုလိုက်တဲ့နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပါဦးလို့ တိုက်တွန်းရင်း ဝန်ဇင်းစာချစ်သူများ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 
Ref; www.skyscanner.net

Related Posts