“စိတ်ညစ်နေသလား၊ ဂေါ်ရင်ဂျီကျွန်းကိုသွားပါ”[Travel Article]


“စိတ်ညစ်နေသလား၊ ဂေါ်ရင်ဂျီကျွန်းကိုသွားပါ”

မင်္ဂလာပါ ဝန်ဇင်းခရီးသွားချစ်သူတို့ရေ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ အလုပ်တွေ အရမ်းများ၊ စိတ်ဖိစီးမှုနဲ့အတူ စိတ်တွေ ထိုင်းမှိုင်းလေးလံ ရှုပ်ထွေးနေကြလားဗျ၊ ဒီလို စိတ်ညစ်နေမှုတွေကနေ လွတ်မြောက်သွားချင်တယ် ဆိုရင်တော့ ဝန်ဇင်းရဲ့ ခရီးသွးကဏ္ဍကနေ နေရာတစ်ခုကို ညွှန်းဆိုလိုက်ပါရစေ။ အဲ့ဒီနေရာလေးဟာ စိတ်အပန်းဖြေလိုသူတွေအတွက် သွားဖို့အကောင်းဆုံး နေရာတစ်ခုဖြစ်သလို ချစ်သူနဲ့ အတူသွားမယ်ဆိုရင်လည်း မှတ်မှတ်ရရ အမှတ်တရလေးတွေကို ရယူနိုင်မယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်ဆောင် ကျောက်သားတွေ၊ ပင်လယ်အောက်ခြေထိ ထိုးဖောက်မြင်နေရတဲ့ ပြာလဲ့လဲ့ရေကြည်တွေကြားက ငါးအလှတွေ၊ ကမ်းစပ်မှာလှပနေတဲ့ ခရုမျိုးစုံ၊ ရိုးသားဖော်ရွေပြူငှာတဲ့ တိုင်းရင်းသားတွေ စတဲ့ အလှတွေနဲ့ ပြည့်နှက်နေတဲ့ ဂေါ်ရန်ဂျီကျွန်းကတော့ လည်ပတ်လို့ကောင်းပြီး စိတ်အပန်းဖြေဖို့ရာ အသင့်တော်ဆုံး နေရာတစ်ခုလို့ဆိုရင် မမှားပါဘူး။

ဂေါ်ရန်ဂျီကျွန်းကို ဘယ်လိုလူတွေသွားသင့်သလဲဆိုရင် - - - စိတ်ပင်ပန်းနေတဲ့သူ၊ ကျန်းမာရေးအရအနားယူသင့်တဲ့သူ၊ သဘာဝ အလှအပတွေနဲ့အတူး ဓါတ်ပုံရိုက်ပြီး ဓါတ်ဖမ်းချင်သူ၊ ဒေသန္တရ ဗဟုသုတတွေကို လေ့လာချင်သူတွေ၊ Adventure တွေကိုမှ စိတ်ဝင်စားသူ၊ Trekking လုပ်ချင်ပါတယ်ဆိုသူ လူငယ်တွေအတွက် လုံးဝသွားရောက်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

ဒါနဲ့ ဂေါ်ရင်ဂျီကျွန်းဟာ Sea Food ကြိုက်တဲ့သူတွေ အတွက်လည်း အရမ်းမိုက်တဲ့ နေရာပဲဗျို့။ 

သွားရောက်လည်ပတ်လို့ တည်းခိုချင်တယ်ဆိုရင် တည်းခိုလို့ရမယ့် နေရာအများစုတွေက ကြွေချိုင်ကမ်းခြေ၊ နံ့သာပုကမ်းခြေ၊ ဂေါ်ရန်ဂျီကမ်းခြေ တို့တွေမှာ အများဆုံးရှိပါတယ်။

ကြွေချိုင်ကမ်းခြေမှာဆိုရင် ကျယ်ပြန့်ပြီး လှပပြန့်ပြူးတဲ့သောင်ပြင်ရယ် သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ပုံစံအမျိုးမျိုးသော ကျောက်ဆောင်တွေရယ် နှစ်ရာချီနေတဲ့ ပင်လယ်ဘွန်ဆိုင်းပင်တွေနဲ့ အလွန်ဓါတ်ဖမ်းလို့ကောင်းသော နေရာတစ်ခုပါ။ လာလည်တဲ့သူလည်း နည်းတာကြောင့် အရမ်းကို ဆိတ်ငြိမ်လှပလွန်းပါတယ်။ စိတ်ပင်ပန်းတဲ့သူတွေ အပန်းဖြေချင်တယ်ဆိုရင်တော့ တကယ်ကို သွားရောက်သင့်ပါတယ်။

နံ့သာပုကမ်းခြေမှာ တည်းခိုမယ်ဆိုရင်လည်း တည်းခိုခန်းဘန်ဂလိုတွေများပြီး ကမ်းခြေမှာ ရေဆော့သူတွေလည်းများတယ်။ ထူးခြားတာတစ်ခုက နံ့သာပုကမ်းခြေကနေ ရေကျချိန်မှာ မျက်နှာချင်းဆိုင်က စပါးထားကျွန်းကို ခြေလျင်နဲ့ ရေထဲကနေ လမ်းလျှောက်ပြီး သွားလာလို့ ရပါတယ်။ အဲ့မှာဆိုရင် ပြာလဲ့လဲ့ ရေကြည်အောက်မှာ  ရေငုပ်ပြီး ငါးရောင်စုံနဲ့ လှပတဲ့ သန္တာကျောက်တန်းလေးတွေကို ကြည့်နိုင်သလို ကျောက်ဆောင်တွေပေါ်တက်ပြီး ကျွန်းရဲ့အလှအပကိုလည်း ခံစားနိုင်လို့ရတယ်။ ကမ်းခြေတစ်လျှောက် လမ်းလျှောက်မယ်ဆိုရင်လည်း ကမ်းခြေအဆုံးမှာ ဂေါ်ရန်ဂျီကျွန်းရဲ့ နာမည်ကြီး ကျောက်ဆောင်နဲ့အတူ ဓါတ်ပုံရိုက်နိုင်ဦးမှာပဲ ဖြစ်ပါတယ်။ 

ဂေါ်ရန်ဂျီကမ်းခြေမှာဆိုရင် ကြည်လဲ့နေတဲ့ ရေပြင်မှာ ရေကူးပြီးဆော့နိုင်သလို ကျောက်ဆောင်တွေကြားမှာလည်း ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။ ကမ်းခြေကနေ အသဲပုံကျောက်ဆောင်ရ ရှိတဲ့နေရာကို လမ်းလျှောက်သွားနိုင်တယ်။ ဂေါ်ရန်ဂျီရောက်ရင်တော့ နောက်ထပ် လည်စရာနေရာတွေက လိပ်ချိုင်ကျွန်း၊ မြွှေကျွန်း၊ ပုဂံကျွန်း၊ မြဝတီဘုရား တို့ပါပဲ။ အဲ့ဒီနေရာတွေကိုမှ မရောက်ခဲ့ဖူးဆိုရင် သင်ဟာ  ဂေါ်ရန်ဂျီကို ရောက်ခဲ့တယ်လို့ မဆိုနိုင်သေးပါဘူး။

မြဝတီဘုရားကို သွားရောက် ဖူးမြော်မယ်ဆိုရင်တော့ အရင်ဆုံးလှေကားထစ် ( ၄၂၀ ) ကို တက်လှမ်းပြီးမှ ဖူးမျှော်ရမှာဖြစ်ပါတယ်။ အပေါ်ကိုရောက်သွားရင် မြင်ရတဲ့ရှုခင်းကြောင့် လုံးဝကို အမောပြေသွားမှာအမှန်ပါပဲ။
လိပ်ချိုင်ကျွန်းကိုတော့ မြဝတီဘုရားနောက်ကနေဆင်းပြီး လမ်းလျှောက်သွားလို့ရသလို စက်လှေနဲ့သွားလည်းရတယ်။ ဘုရားနောက်ကနေ လိပ်ချိုင်ထိသွားမယ်ဆိုရင် နည်းနည်းတော့ပင်ပန်းတယ်။ 
လမ်းတစ်လျှောက်ကိုင်းပင်တွေ မြက်ခြောက်ပင်တွေ ကျောက်ဆောင်အတက်အဆင်းတွေနဲ့ တကယ့်ကို Adventures ပါပဲ။ အပင်ပန်းခံနိုင်ပြီး Trekking နဲ့ Adventure ဖီလင်ရချင်တယ်ဆိုရင်တော့ အသွားကို လမ်းလျှောက်သွားပြီး အပြန်ကို စက်လှေစီးသင့်ပါတယ်။ 


လိပ်ချိုင်ရဲ့ထူးခြားချက်က ကမ်းခြေတစ်ခုလုံး သဲမဟုတ်ပဲ ခရုခွံလေးတွေနဲ့ ပြည့်နေတာပါ။ ကျောက်ဆောင်တွေမှာ ဆိုရင်လည်း ခရုခွံလေးတွေနစ်ဝင်နေပြီး ကျောက်ခွက်ထဲက ရေကြည်ကြည်လေးတွေထဲမှာ ဂဏန်းလေးတွေနဲ့ ငါးလှလှလေးတွေကို တွေ့နိုင်ပါသေးတယ်။

ဂေါ်ရန်ဂျီကျွန်းကိုသွားမယ်ဆိုရင် အဓိကသတိထားယူသွားရမယ့် ပစ္စည်း၊ ပျှမ်းမျှ ကုန်ကျစရိတ်လေးတွေကိုလည်း မျှဝေချင်ပါတယ်။ 

အဓိကယူသွားရမယ့် ပစ္စည်းတွေကတော့ -  ဆက်သွယ်ရေးဆိုရင် MPT ပဲလိုင်းမိမှာပါ တခြားလိုင်းတွေမမိပါဘူး။  MPT လိုင်းတောင် မိတစ်ချက်မမိတစ်ချက်နဲ့မို့ လုံးဝကို လောကကြီးကို အဆက်သွယ်ဖြတ်သွားချင်တဲ့ သူတွေအနေနဲ့တော့ ကွက်တိပါပဲ … ဟဲဟဲ … ။ နောက်တစ်ခုကတော့ ကျွန်းတစ်ကျွန်းနဲ့ တစ်ကျွန်း ဖြတ်သန်းသွားလာတဲ့အခါတွေမှာ ကျောက်ဆောင်ကျောက်ခဲတွေက ခြေထောက်ကို ပွန်းပဲ့ထိခိုက်တတ်လို့ အလှအပဖိနပ်တွေကို မစီးဘဲ အကြမ်းခံတဲ့ ဖိနပ်၊ အနာကပ်ပလာစတာ၊ အခြား လိုအပ်တဲ့ ဆေးဝါးအချို့ကိုတော့ ယူဆောင်သွားဖို့လိုအပ်ပါလိမ့်မယ်။ 

ပျှမ်းမျှကုန်ကျစရိတ်ကတော့ အက်ဒမင်တို့က Package နဲ့သွားတာမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကို လိုင်းကားနဲ့ သွားတာပါ။ ဒီတော့ ကုန်ကျစရိတ် ပိုသက်သာပြီး ကိုယ်သွားချင်တဲ့နေရာတွေကို အေးအေးဆေးဆေး သွားလို့ရတာပေါ့။ သုံးရင်လည်း ချွေချွေတာတာသုံးတာမျိုး မဟုတ်တာတောင် ၈ သောင်း ပတ်ဝန်းကျင်ပဲ ကုန်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်း အုပ်စုလိုက်သွားရင် ပိုပျော်ဖို့ကောင်းပြီး အကုန်အကျ ပိုသက်သာစေပါတယ်။ 

ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားမယ်ဆိုရင်တော့ အသွားကို လှိုင်သာယာ ဂိတ်ကနေစထွက်ပြီး ငရုတ်ကောင်းမြို့ကိုအရောက် ဆိုင်ကယ်ကယ်ရီ တစ်ဆင့်စီး၊ အဲ့ဒီနေရာမှာ လမ်းလျှောက်ချင်တယ်ဆိုရင်လည်း ရပါတယ်။ လမ်းကတစ်ဖြောင့်တည်းပါ။ ( အုပ်စုတောင့်ရင်တော့ လမ်းလျှောက်တာ ပိုအဆင်ပြေတယ်။ ပျော်စရာတစ်ခု ဖန်တီးလို့ ကောင်းတာပေါ့။ ) အဲ့ဒီကတစ်ဆင့် ကူတို့ဆိပ်ကနေ ကိုယ်တည်းခိုမယ့် နေရာကို သွားလို့ ရပါတယ်။ အသွားကတည်းက တည်းခိုခန်းနဲ့ ချိတ်ထားရင် ပိုအဆင်ပြေတာပေါ့။ ပြီးတော့ ဂေါ်ရင်ဂျီကျွန်းဟာ ဆောင်းရာသီမှာ သွားရောက်ရင် အရမ်းမိုက်တဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာမို့ တကယ်လို့များ ဆောင်းတွင်းကျမှ သွားဖို့ စီစဉ်ထားတယ်ဆိုရင် ခုချိန်ကစလို့ ပိုက်ဆံစုထားလိုက်တော့နော်။ 

ကဲ … ဒီတော့ စိတ်တွေညစ်နေသလား၊ စိတ်အပန်းပြေချင်လား၊ ချစ်သူနဲ့ အတူသွားချင်လား၊ မှတ်မှတ်ရရ အမှတ်တရတွေ ရယူချင်သလား … သွားဖို့အသင့်ဆုံးနေရာလေးကတော့ “ဂေါ်ရင်ဂျီကျွန်း” ပါပဲလို့ ညွှန်းဆိုလိုက်ပါရစေလားခင်ဗျာ။ 

ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” [ Travel Article ] မှ တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ 

…………

“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts