“သင်္ကြန်တွင်း တစ်ကိုယ်တည်း ခရီးသွားမည့်သူများအတွက် လိုအပ်သည့်အရာများ” [Travel Article]


“သင်္ကြန်တွင်း တစ်ကိုယ်တည်း ခရီးသွားမည့်သူများအတွက် လိုအပ်သည့်အရာများ”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …
ဝန်ဇင်းမှ စာချစ်သူပရိသတ်ကြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။ ဝန်ဇင်းပရိသတ်ထဲမှာ ခုလို သင်္ကြန်ကာလအတွင်းမှာဖြစ်ဖြစ်၊ သင်္ကြန်ပြီးလို့ နွေရာသီရောက်တဲ့အခါမှာပဲဖြစ်ဖြစ် တစ်နေရာရာကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေကြသူတွေ ရှိမယ်ထင်ပါတယ်ခင်ဗျ။ ဒီလို ခရီးထွက်ဖို့ စီစဉ်ရာမှာ လိုအပ်တဲ့အရာတွေကို ကိုယ်နဲ့အတူ သယ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ မလိုအပ်တဲ့ပစ္စည်းတွေကို သယ်ဆောင်မိတဲ့အခါ ဝန်လေးပြီး အလုပ်ရှုပ်တဲ့အတွက် ခရီးထွက်ရင် ဘယ်လိုပစ္စည်းတွေကို ယူဆောင်သွားသင့်သလဲဆိုတာ အကြမ်းဖျင်း သိရှိထားဖို့လိုပါတယ်။ ဒါကြောင့် ဝန်ဇင်းရဲ့ ဒီတစ်ပတ် ခရီးသွားကဏ္ဍကနေ ခရီးထွက်မယ့်သူတွေအတွက် သယ်ဆောင်သွားဖို့ လိုအပ်တဲ့ပစ္စည်းစာရင်းကို အောက်ပါအတိုင်း အကြံပြုဖော်ပြလိုက်ရပါတယ်ခင်ဗျ။ 

၁။ ခရီးဆောင်အိတ်
ခရီးထွက်ရင် ခရီးဆောင်အိတ်ကတော့ မပါမဖြစ်ပါပဲ။ ဒါပေမယ့် ကြုံရာလက်ဆွဲအိတ်ကိုမသုံးဘဲ သင့်တော်တဲ့ ခရီးဆောင်အိတ်တစ်လုံးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အကောင်းဆုံးကတော အောက်ခြေဘီးလုံးပါတဲ့ ခရီးဆောင်လက်ဆွဲသေတ္တာပါပဲ၊ အချို့လက်ဆွဲသေတ္တာအိတ်တွေဟာ ပစ္စည်းထည့်ဖို့ နေရာပမာဏ ကျဉ်းလွန်းပြီး အချို့အိတ်တွေက နေရာပမာဏလည်းကြီးသလို အိတ်အရွယ်အစားကလည်း ကြီးတာမို့ ဒီနှစ်ခုကြားက အနေတော်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။ ခရီးဆောင် လက်ဆွဲသေတ္တာအိတ်တွေကတော့ သာမန် လက်ဆွဲဂျင်းအိတ်နဲ့ ရေစိုခံသားလက်ဆွဲအိတ်တွေထက် အထဲက ပစ္စည်းပစ္စရာကို ထိခိုက်နိုင်မှု အလွန်နည်းပါးတာကြောင့် သေတ္တာအိတ်မျိုးကိုပဲ စိတ်ကြိုက်ရွေးချယ်ဖို့ အကြံပြုပါရစေ။

၂။ သင့်တော်တဲ့ အဝတ်အစား
ကိုယ်ဝတ်ချင်တာတွေချည်း ထည့်မသွားပါနဲ့။ မိမိသွားမယ့် ခရီးစဉ်နဲ့ကိုက်ညီမယ့် အဝတ်အစားတွေကိုသာ သယ်ဆောင်သွားသင့်ပါတယ်။ အဓိက,ကတော့ မီးပူတိုက်စရာမလို၊ အလုပ်မရှုပ်တဲ့ အဝတ်အစားမျိုး ဖြစ်သင့်ပါတယ်။ ချည်သားတီရှပ် ၄-ထည်၊ ချည်သားအပေါ်ဝတ် ဂျာကင် ၁-ထည်၊ ညဝတ်အိတ်ဘောင်းဘီပွရှည် ၁-ထည်၊ ဂျင်းဘောင်းဘီအတို ၁-ထည်၊ ဂျင်းဘောင်းဘီအပွတစ်စုံ၊ အတွင်းခံဘောင်းဘီ ၅-ထည်နဲ့ အောက်ခံအင်္ကျီ၂-ထည် ဆိုရင် သင့်တော်ပါပြီ။

၃။ ရေချိုးခန်းသုံးပစ္စည်းများ
သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်ဘူးသေး၊ ကိုယ်တိုက်ဆပ်ပြာရည်ဘူးသေး၊ အဝတ်လျှော်ဆပ်ပြာ(အမှုန့်၊အနှစ်၊အဆီ…စသည်)၊ဆပ်ပြာကြမ်းတစ်ခဲ၊ ချွေးနံ့ပျောက်လိမ်းဆေး၊ အသားအရည်လိမ်း လိုးရှင်းတစ်ဘူး၊ နေလောင်ခံလိမ်းဆီ၊ မျက်နှာသုတ်ပဝါ အလတ်ဆိုဒ်တစ်ထည်၊ အဝတ်လှန်းကြိုးတန်းတစ်ခု။

၎။ ကြိုးသိုင်းကွင်းထိုးဖိနပ် ( သို့မဟုတ် ) ပေါ့ပေါ့ပါးပါး ရှူးဖိနပ်တစ်ရံ

၅။ ရေဘူး

ခရီးသွားသူတွေ၊ အားကစားသမားတွေအတွက် ရည်ရွယ်ပြီး ပလပ်စတစ်အမာစားနဲ့ ထုတ်ထားတဲ့ အပြာရောင် ရေဘူး။

၆။ ခေါင်းစွပ်မီးသီး
လက်နှိပ်ဓာတ်မီးအသုံးပြုစရာမလိုတဲ့အပြင် ညဘက် စာဖတ်တဲ့အခါမှာလည်း အသုံးဝင်တဲ့ ကြိုးသိုင်း ခေါင်းစွပ်မီးသီး တစ်လက်။
 
၇။ ပါဝါဘန့်
10,000 m AH ရှိတဲ့ ပါဝါဘန့်ကတော့ အသင့်တော်ဆုံးပါပဲ။

၈။ အွန်လိုင်းရှော့ပင်များတွင် ဝယ်၍ရသည့် လက်သည်းညှပ်၊ နားကလော်တံ .. စသည့် အရာများစွာပါဝင်သော ဘက်စုံသုံးဓား။

၉။ ကျောပိုးအိတ်အသေးစား
ဟိုတယ်ရောက်ပြီးလို့ ဟိုဟိုဒီဒီလျှောက်သွားတဲ့အခါ လိုအပ်တာတွေထည့်ဖို့ မိုးကာသား ကျောပိုးအိတ် အပျော့တစ်လုံး။

၁၀။ ဖတ်စရာစာအုပ်တွေ
ခရီးထွက်တဲ့အခါ အချို့က စာဖတ်လေ့ရှိသလို အချို့ကလည်း ပတ်ဝန်းကျင်ရှုခင်းတွေ လေ့လာဖို့ စာဖတ်လေ့မရှိကြပါဘူး။ ခရီးသွားရင်း စာဖတ်လိုသူတွေအတွက်ကတော့ မိမိအကြိုက်ဆုံး စာအုပ် ၃-အုပ်ကို ယူသွားသင့်ပါတယ်။ ရသ၊ သုတ၊ အတွေးအခေါ်ဆိုင်ရာ .. စတဲ့ တစ်မျိုးကို တစ်အုပ်စီ၊ ထူထဲသော စာအုပ်များယူမသွားဘဲ ခရီးစဉ်အတွင်း ကားပေါ်မှာဖြစ်ဖြစ်၊ နားနေရာမှာဖြစ်ဖြစ် ဖတ်လို့ပြီးမယ့် စာအုပ်မျိုးက ပိုသင့်တော်ပါတယ်။

Ref;www.tripzilla.com

ကဲ … ဝန်ဇင်းပရိသတ်ကြီးရေ၊ တစ်နေရာရာကို ခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ ပစ္စည်းတွေကို မဖြစ်မနေ သယ်ဆောင်သွားဖို့ မမေ့ပါနဲ့ဦးခင်ဗျ။ နှစ်ကူးအတာသင်္ကြန်ကာလမှာ ဝန်ဇင်းစာချစ်သူများ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေကြောင်းနဲ့ ခရီးထွက်မည့်သူများအတွက် ပျော်ရွှင်သော အမှတ်တရ ခရီးစဉ်တစ်ခု ဖြစ်ပါစေကြောင်း ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် ...။ 



Related Posts