“ချစ်သူနဲ့အတူ ခရီးသွားလို့ကောင်းတဲ့ နိုင်ငံ ( ၇ ) ခု” [Travel Article]


“ချစ်သူနဲ့အတူ ခရီးသွားလို့ကောင်းတဲ့ နိုင်ငံ ( ၇ ) ခု”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ခရီးသွားကဏ္ဍကနေ တင်ဆက်သွားမယ့် အကြောင်းအရာကတော့ “ချစ်သူနဲ့ခရီးသွားလို့ကောင်းတဲ့” နိုင်ငံတွေအကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ တစ်ရက်ရက်မှာ ပြည်ပကို ခရီးထွက်ဖို့စီစဉ်ထားတယ်၊ ခရီးထွက်တဲ့အခါမှာလည်း ကိုယ့်ချစ်သူနဲ့အတူ သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခုဖော်ပြမယ့် နိုင်ငံတွေကို သွားဖြစ်အောင် သွားရောက်ခဲ့ပါလို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ … ဒီနိုင်ငံတွေက သင်တို့ချစ်သူနှစ်ဦးအတွက် အမှတ်တရများစွာရရှိစေမယ့် နိုင်ငံတွေ ဖြစ်နေလို့ပါပဲ။ 

၁။ ဘာလီ - မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံထဲက အထင်ကရ ကျွန်းပဲဖြစ်ပါတယ်။ ဘာလီကျွန်းကို ရောက်တဲ့အခါ ဘာလီရဲ့အသည်းနှလုံးလို့ ဆိုရမယ့် ‘Ubud’ မြို့ထဲက ပန်းဥယျာဉ်တွေနဲ့ တွဲထားတဲ့ ဟိုတယ်မှာ အနည်းဆုံး တစ်ညလောက်ဖြစ်ဖြစ် တည်းခိုခဲ့သင့်ပါတယ်။ ဟိုတယ်ရဲ့ ရေကူးကန်ဘက်မြင်ရတဲ့ သဘာဝရှုခင်းနဲ့ ဘာလီကျွန်းအလှအပတွေဟာ သင်တို့ကို စကားလုံးတွေ ဆွံ့အသွားစေပြီး ကမ္ဘာပေါ်မှာ သင်တို့ချစ်သူနှစ်ဦးတည်း ကျန်တော့တယ်လို့ ထင်ရတဲ့အထိ ခံစားချက်မျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်။ 

၂။ အီစတာကျွန်း - ပစိဖတ်သမုဒ္ဒရာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ချီလီနိုင်ငံထဲက အထင်ကရနေရာ ‘အီစတာကျွန်း’ ဟာ ချစ်သူစုံတွဲတွေအတွက် ဒဏ္ဍာရီဆန်ဆန် အမှတ်တရတွေ ချန်ခဲ့ပေးပါလိမ့်မယ်။ အီစတာကျွန်းဟာ ၁၉၉၅ ခုနှစ်ကတည်းက UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ပဟေဠိဆန်တဲ့ ရှေးဟောင်းအမွေအနှစ်တွေရဲ့ ပြယုဂ် - ‘မွိုင်’ လူရုပ်ကြီးတွေ ရှိတဲ့ နေရာဒေသတစ်ခုပဲ ဖြစ်ပါတယ်။ အီစတာကျွန်းရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေဟာ သင်တို့ချစ်သူနှစ်ဦးအတွက် အရာရာကို မေ့လျော့သွားစေမှာ သေချာနေပါတယ်။

၃။ ဗင်းနစ်မြို့ - အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့မှာတော့ သင်တို့ချစ်သူနှစ်ဦးအတွက် တိုက်အိုကြီးတွေကြားထဲက ရေပေါ်ဖြတ် လမ်းကူးတံတားပေါင်း ( ၄၀၀ ) ဝန်းကျင်က စောင့်ကြိုနေပါတယ်။ သိပ်ကို ရိုမန်တစ်ဆန်တဲ့ လိပ်ခုံးတံတားတိုလေးတွေပေါ်မှာ ကိုယ့်ချစ်သူလက်ကိုတွဲပြီး ဖြည်းဖြည်း ညင်သာစွာ လျှောက်လှမ်းရတဲ့ ဖီလင်က ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

၎။ ဘန်ကောက် - မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ဘန်ကောက်မြို့ကြီးထဲ ချစ်သူ့လက်ကိုဆွဲ လျှောက်သွားစရာနေရာတွေ ပေါပ့ါဗျာ။ တုတ်တုတ်ဆိုတဲ့ သုံးဘီးဆိုင်ကယ်လေးနဲ့ ဆိုင်တန်းမျိုးစုံရှိတဲ့ ဈေးလမ်းကြားတွေကို ဖြတ်ပြီး စားချင်ရာ ဆင်းစားမလား၊ မိုးမျှော်တိုက်ကြီးတွေပေါ်တက်ပြီး ကော်ဖီခွက်ကိုယ်စီနဲ့ Sky View အရသာကို ခံစားဦးမလား၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့  ဘုရားတွေကို သွားရောက်ပြီး ကုသိုလ်ယူဦမလား …  အမှတ်ရစရာ အမှတ်တရ များစွာက သင်တို့ချစ်သူနှစ်ဦးကို စောင့်ကြိုနေတာပါ။   

၅။ နယူးယော့ခ်မြို့ - သင်တို့ချစ်သူနှစ်ဦးအတွက် နေရာတိုင်း ရိုမန်တစ်ဖြစ်နေမှာကတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တော်ပါပဲ။ Central Park ထဲကစလို့ အမှတ်ရစေမယ့် လည်ပတ်စရာနေရာတွေ၊ မြို့တွင်းလမ်းတွေကို မြင်းလှည်းနဲ့အတူ လျှောက်ပတ်နိုင်မယ့် အခွင့်အရေး၊ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ရေကန်ဖြစ်တဲ့ Central Park Lake ထဲမှာ လှေကလေးကို စီးရင်း ချစ်သူနဲ့ ကြည်နူးပျော်ရွှင်ရမယ့် အခွင့်အရေးတွေကို ရရှိမှာဖြစ်ပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းလို့ရမယ့် နေရာတွေ၊ ပန်းခင်းကြီးတွေ၊ သစ်ပင်ကြီးတွေ ဝန်းရံအုပ်မိုးနေတဲ့ ကတ္တရာလမ်းမထက်ဟာ သင်တို့နှစ်ဦးအနေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ဖန်တီးနိုင်ဦးမှာပါ။ 

၆။ ပဲရစ် - ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကတော့ အထူးပြောစရာမလိုအောင်ပင် ချစ်သူစုံတွဲတွေ အသွားအလာ အများဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉ ရာစုရဲ့ ပြောင်မြောက်တဲ့ ပိသုကာလက်ရာဖြစ်တဲ့ အီဖယ်မျှော်စင်ကြီးပေါ်က မြင်ရမယ့် ပဲရစ်မြင်ကွင်းနဲ့ ၁၂ ရာစုက အငွေ့အသက်တွေ လွှမ်းမိုးနေဆဲဖြစ်တဲ့ ကမ္ဘာကျော် Notre-Dame ကတ်သလစ်ဘုရားကျောင်း တို့အပြင် ရောက်တာနဲ့ သိပ်ကို စိတ်ဝင်စားဖို့ကောင်းပြီး တစ်နေကုန် ပျော်ရွှင်မြူးထူးသွားမယ့် Disneyland တို့ကို သင်တို့ချစ်သူနှစ်ဦး သွားခဲ့ဖို့ မမေ့ပါနဲ့။

၇။ ဟာဝိုင်အီ - အမေရိကန်နိုင်ငံထဲက ဟာဝိုင်အီကျွန်းကို ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ အများဆုံး မြင်တွေ့ကြရမှာပါ။ ကမ်းခြေနှစ်သက်သူတိုင်း သွားချင်ကြတဲ့ ဟာဝိုင်အီကျွန်းဟာ သင်တို့ချစ်သူနှစ်ဦးအတွက် စိတ်အပန်းဖြေရာ သုခဘုံတစ်ခုပါပဲ။ နေ့ဘက်ဆို နူးနူးညံ့ညံ့သဲသောင်ပြင်ထဲ ခြေထိုးထားရင်း ကောင်းကင်ပြာကြီး နောက်ခံထားတဲ့ ပင်လယ်ပြာပြာကြီးကို တစိမ့်စိမ့်ကြည့်ကြမလား၊ ညဘက်ဆို ပျော်စရာကောင်းတဲ့ beach party မှာ အတူတူပါဝင် ဆင်နွှဲမလား … ဟာဝိုင်အီဟာ သင်တို့ချစ်သူနှစ်ဦးအတွက် သုခဘုံပါပဲ။ 
………….
Ref;www.edreams.com

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts