Bagan Travel Diary [Travel Article]


သံယောဇဉ်ကြိုးတွေ ပိုမိုခိုင်မာစေမည့် ပုဂံ

ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးထွက်မယ်ဆိုရင် ပုဂံက အသင့်လျော်ဆုံးလို့ ဆိုချင်ပါတယ်။ E-Bike လေးကိုစီး၊ Google Map လေးဖွင့်ပြီး ရှေးဟောင်းပုဂံဘုရားတွေအကြား စကားလေးတပြောပြောနဲ့ လျှောက်သွားကြည့်လိုက်ပါ။ ခရီးသွားဖော်ချင်း ရင်းနှီးမှု ပိုတိုးစေမှာ ဧကန်မုချပါပဲ။ ဆည်းဆာချိန်တွေ သိပ်လှပြီး ပတ်ဝန်းကျင် အနေအထား အားလုံးက ရိုမန်းတစ်ဆန်လှတဲ့အတွက် ချစ်သူစုံတွဲတွေအတွက်လည်း အကြင်နာပိုလို့တိုးလာပါလိမ့်မယ်။

ရန်ကုန် - ပုဂံ ကားလက်မှတ်ဈေးက ၁၂၀၀၀ ကနေ ၂၀၀၀၀ ထိရှိသည်။ တည်းခိုခက ၃၀၀၀၀ကျပ်ကနေ $200 ဝန်းကျင်ထိရှိသည်။ Gust House ဆိုရင်လည်း တော်တော်လေးကို သပ်ရပ်သန့်ရှင်းပါတယ်။ E-Bike က ညောင်ဦးမြို့ထဲမှာ ငှားရင် ၅၀၀၀ကျပ်ဖြစ်ပြီး မြို့ဟောင်းနဲ့ မြို့သစ်မှာ ငှားရင် ၈၀၀၀ ကျပ် ပေးရတယ်။ ဆက်သွယ်ရေး အနေနဲ့ Telenor လိုင်းမမိပါ။ ကျန်တဲ့ဖုန်းလိုင်းတွေ အဆင်ပြေပါတယ်။

New Wave Guest House I - ၃၀ ၀၀၀ ကျပ်
Late check-out - ၁၀ ၀၀၀ ကျပ် (ည ၆နာရီထိ)
ph no - ၀၆ ၁၆၀ ၇၃၁ (ဝက်ကြီးအင်း၊ ညောင်ဦးမြို့။)

အစားအသောက်က သည်ဆိုင်တွေ ကောင်းတယ်။
၁။ မျိုးမျိုးထမင်းဆီဆမ်း
၂။ ရွှေမြန်မာ၂
၃။ Queen Restaurant
၎။ နုဝါအဝစားထမင်းဆိုင်
၅။ သရပါဂိတ်နားက မန်ကျည်းရိပ်ထမင်းဆိုင်

ပုဂံမှာ စေတီပုထိုးတွေ သိပ်ကိုများတဲ့အတွက် အကုန်လုံးကို စုံအောင် မရောက်နိုင်ပါဘူး။ မသွားမဖြစ် သွားသင့်တဲ့နေရာတွေကိုပဲ ညွှန်းတော့မယ်နော်။ 

၁) ရွှေစည်းခုံ (စွယ်တော်လေးဆူ)
ရွှေစည်းခုံစေတီသည် အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သည်။ အနော်ရထာမင်းလက်ထက်တွင် သီရိလင်္ကာဘုရင် ပထမဝိဇယဗာဟုမင်းမှ ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီး အကူအညီတောင်းခံသည်။ အနော်ရထာမင်းမှ ကူညီသဖြင့် ပထမဝိဇယဗာဟုမင်းမှ ဓမ္မလက်ဆောင် အနေဖြင့် မြတ်ဗုဒ္ဓ၏ စွယ်တော်ပွားများ ပြန်လည်ပေးပို့သည်။ အနော်ရထာမင်းသည် ပထမစွယ်တော်ပွားအား ညောင်ဦးမြို့ အနောက်ဖက် ဧရာဝတီမြစ်ကမ်းနဖူးတွင် ဌာပနာပြီး စေတီတစ်ဆူ တည်တော်မူသည်။ စေတီသည် ဥာဏ်တော် ၁၆၀ပေရှိပြီး ဖိနပ်တော်အကျယ်မှာ ၁၆၀ပေ ရှိသည်။ အနော်ရထာမင်းသည် ရွှေစည်းခုံစေတီ တည်လို့မပြီးခင် နတ်ရွာစံသဖြင့် နောက်တက်သည့် ကျန်စစ်သားမင်းလက်ထက်မှ ပြီးစီးလေသည်။ ရွှေစည်းခုံဟု ခေါ်ရခြင်းမှာ ဧရာဝတီမြစ်ကမ်းနဖူး သဲခုံပေါ်တွင် တည်ရှိသောကြောင့်ဖြစ်သည်။

၂) လောကနန္ဒာစေတီ (စွယ်တော်လေးဆူ)
အနော်ရထာမင်းသည် ဒုတိယစွယ်တော်ပွားအား လောကနန္ဒာသဘောင်္ဆိပ်အနီးရှိ ကုန်းမြင့်ပေါ်တွင် ဌာပနာပြီး စေတီတည်သည်။ စေတီ၏ ဗိသုကာလက်ရာမှာ ပျူ-မြန်မာ လက်ရာနှစ်မျိုး ပေါင်းစပ်ထားခြင်းဖြစ်သည်။

၃) တန့်ကြည့်တောင်စေတီ (စွယ်တော်လေးဆူ)
အနော်ရထာမင်းသည် ပထမဝိဇယဗာဟုမင်းထံမှ ရရှိခဲ့သော စွယ်တော်ပွားအား ထပ်မံပွားလိုက်သည်။ ထပ်မံပွားထားသော စွယ်တော်ပွားတစ်ဆူအား တန့်ကြည့်တောင်ပေါ်ရှိ ရှိပြီးသားစေတီတစ်ဆူထဲတွင် ထည့်သွင်း ဌာပနာပြီး ပြုပြင်မွမ်းမံခဲ့သည်။ မူလစေတီမှာ အသောကမင်း၏ ကောင်းမှုတော်ဟု သိရသည်။

၎) တုရင်းတောင်စေတီ (စွယ်တော်လေးဆူ)
အနော်ရထာမင်းသည် ပထမဝိဇယဗာဟုမင်းထံမှ ရရှိသော စွယ်တော်ပွားများထဲမှ တတိယစွယ်တော်ကို ဆင်ဖြူတော်ပေါ်တင်ကာ အဓိဌာန်ပြု စေလွှတ်လိုက်သည်။ ဆင်ဖြူတော်သည် တုရင်းတောင်အရောက်တွင် တုံ့ဝပ်နေသဖြင့် ထိုနေရာတွင်ပင် စွယ်တော်ပွားအား ဌာပနာပြီး စေတီတည်သည်။ အချိန်ကား သက္ကရာဇ် ၄၂၁တွင် ဖြစ်သည်။

၅) အလိုတော်ပြည့်
ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သည်။ စစ်သူကြီးဘဝက ကျန်စစ်သားသည် ထိုနေရာတွင် အဓိဌာန်ပြုပြီးမှ စစ်ထွက်တိုက်သည်။ အခါတိုင်း အောင်နိုင်ခဲ့သဖြင့် ရှင်အရဟံမထေရ်နှင့် တိုင်ပင်ကာ အလိုတော်ပြည့်စေတီကို တည်ခဲ့ခြင်းဖြစ်သည်။

၆) ထီးလိုမင်းလို
နရပတိစည်သူမင်းနှင့် သားတော်နားတောင်းများမင်း (ဇေယျသိခ်) ၏ ကောင်းမှုတော်ဖြစ်သည်။ လှိုဏ်သုံးဆင့် ဂူပုံစံပုထိုးတော်ဖြစ်ပြီး နရပတိစည်သူမင်းသည် စေတီမပြီးခင် နတ်ရွာစံခဲ့သည်။

၇) ဥပါလိသိမ်
ရဟန်းသံဃာတော်များ သိမ်ဝင်ရာ သာသနိက အဆောက်အအုံးဖြစ်သည်။ သိမ်၏ အနောက်ဘက်မုခ်၏ မြောက်ဘက်ခြမ်းနံရံတွင် နံရံမင်စာ များကို တွေ့ရှိနိုင်သည်။ အနော်ရထာမင်းနှင့် ဥပါလိမထေရ်မြတ်တို့ သိမ်သမုတ်ခဲ့ကြောင်း ရေးထိုးထားသောစာဖြစ်သည်။ ထို့ကြောင့်လည်း ဥပါလိသိမ်ဟု ခေါ်ဆိုခဲ့ကြသည်။ ငလျင်ဒဏ်ကြောင့် သိမ် အမိုးကွဲအက်ခဲ့ပြီး အတွင်းဘက် နံရံရှိ နံရံဆေးရေးပန်းချီများ၊ မင်စာများ ပျက်စီးခဲ့သည်မှာ နှမြောဖွယ် ကောင်းလှသည်။

၈) မင်းအိုချမ်းသာ
ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်ပြီး သိန်းခိုမင်းမှ ဆက်သသော ဘုရားရှင်၏ သရီရဓာတ်တော် ၉ဆူကို ဌာပနာထားသည်။ အာနန္ဒာပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။

၉) အာနန္ဒာပုထိုးတော်ကြီး (အနုမှာအာနန္ဒာ)
ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ အနန္တဂုဏ်တော်များကို ရည်မှန်းပြီး တည်သောကြောင့် အနန္ဒာစေတီဟု ဘွဲ့ဆပ်ကပ်လှူဒါန်းခဲ့သည်။ နှစ်ကာလကြာသော် အာနန္ဒာဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ စေတီမှာ ဂူပုထိုးအမျိုးအစားဖြစ်ပြီး အချိုးအစားအနုပညာလက်ရာ ပြေပြစ်လှသောကြောင့် အနုမှာအာနန္ဒာဟု ပြောစမှတ်ပြုကြသည်။

၁၀) ရှင်အရဟံအုတ်ကျောင်း
ပုဂံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကို မျိုးစေ့ချပေးခဲ့သော ရှင်အရဟံမထေရ်မြတ် သီတင်းသုံးခဲ့ရာ အုတ်ကျောင်းတိုက်ဖြစ်သည်။

၁၁) မဟာငှက်ပစ်တောင်
အေဒီ ၁၀၅၈တွင် အနော်ရထာမင်းသည် ရှင်အရဟံမထေရ်၏ လမ်းညွှန်မှုဖြင့် ငှက်ပစ်တောင်တွင် ဥာဏ်တော်၁၈ပေမြင့်သည့် ဗုဒ္ဓရုပ်ပွားတော်ကို တည်ထားကိုးကွယ်ခဲ့သည်။

၁၂) သက်တော်ဂူကျောင်း
၁၃) ဧရာဝတီမြစ်
၁၄။ သရပါဂိတ်

၁၅) ရွှေဂူကြီးဘုရား ခေါ် နန်းဦးဘုရား
အလောင်းစည်သူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ကွမ်းတောင်ပေါက် လှိုဏ်တစ်ဆင့်ဂူ အမျိုးအစားဖြစ်သည်။ အလောင်းစည်သူမင်း နန်းတက်ပြီးနောက် အေဒီ ၁၁၃၁ခုတွင် နန်းတော်ရှေ့ဦးတွင် ပထမဆုံး တည်ခဲ့သောကြောင့် နန်းဦးဘုရားဟုလည်း ခေါ်ကြသည်။ ဂူဘုရား၏ ဗိသုကာလက်ရာမှာ အိန္ဒိယနိုင်ငံ၊ ဇေတဝန်ကျောင်းရှိ ဂန္ဓကုဋ္ဋီတိုက်ကို မှီငြမ်းထားသည်။ အေဒီ ၁၁၆၃ခုတွင် အလောင်းစည်သူမင်းသည် ကြီးစွာ မမာမကျန်းဖြစ်လေသည်။ ထိုအခါ သားတော် နရသူသည် ဖခင်အား ရွှေဂူကြီးဘုရားသို့ ပြောင်းရွှေ့ခဲ့ပြီး အဝတ် သို့ ခေါင်းအုံးဖြင့် အသက်မရှုနိုင်အောင် ဖိသတ် လုပ်ကြံပြီး နန်းတက်လေသည်။

၁၆) မျက်တော်ပြေဘုရား (ကျန်းစစ်သားမင်း၏ ကောင်းမှုတော်)
၁၇) အတွင်းစည်းခုံဘုရား

၁၈) ဗူးဘုရား
ပျူစောထီးမင်း၏ ကုသိုလ်တော်ဖြစ်ပြီး ပျူခေတ်ဗိသုကာလက်ရာအတိုင်း အေဒီ၃ရာစုလောက်က တည်ထားခဲ့သည်။ ဗူးဘုရားသည် ပုဂံမြို့ အနောက်မြောက်ဘက် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည်။ ဗူးဘုရားလှေဆိပ်မှ တန့်ကြည့်တောင်စေတီသို့ လမ်းကြောင်းသင့်သည်။

၁၉) ကန်တော့ပလ္လင်
နရပတိစည်သူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး လိုဏ်လေးဆင့်ဂူဘုရားဖြစ်သည်။ အေဒီ ၁၂၀၃ခုတွင် နရပတိစည်သူမင်းမှ တည်ခဲ့သော်လည်း စေတီမပြီးခင် နတ်ရွာစံသဖြင့် သားတော်နားတောင်းများမင်းမှ ဆက်လည် တည်ခဲ့ရသည်။ ၁၂၂၇ခုတွင် ပြီးစီးသည်။ ကန်တော့ပလ္လင်ဘုရား အတွင်းတွင် နံရံဆေးရေးပန်းချီများ ရှိခဲ့သော်လည်း အတွင်းနံရံများအား အလွန်မိုက်မဲသူများမှ ထုံးသုတ်ခဲ့စေသဖြင့် သမိုင်းတန်ဖိုးကြီးလှသော ရှေးဟောင်းလက်ရာများ ပျက်စီးခဲ့ရသည်။

၂၀) ရှင်ပင်သက်တော်ရှည်၊ ရှင်ပင်သက်တော်ရဘုရား

၂၁) သဗ္ဗညဘုရား (အမြင့်မှာသဗ္ဗညု)
အလောင်းစည်သူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်ကို ရည်မှန်းပြီး တည်သောကြောင့် သဗ္ဗညုဘုရားဟု အမည်တွင်သည်။ ဖိနပ်တော်မှ ငှက်မြတ်နားတော်ထိ ၂၀၁ပေ မြင့်သည်။ ပုဂံဒေသရှိ မြောက်များစွာသော စေတီပုထိုးများထဲတွင် ထီးထီးကြီးဖြင့် မြင့်မားစွာ တည်ရှိနေသောကြောင့် "အမြင့်မှာသဗ္ဗညု" ဟု ဆိုစမှတ်ပြုသည်။

၂၂) မြစေတီ နှင့် ရာဇကုမာရ်ကျောက်စာ
ကျန်းစစ်သားမင်းနှင့် မိဖုရားသမ္ဘူလ တို့၏ သားတော် ရာဇကုမာရ်မင်းသား၏ ကောင်းမှုတော်ဖြစ်သည်။ ပုဂံမြို့၏ မြောက်ဘက် မြင်းကပါအရပ်တွင် ရှိသည်။ ရာဇကုမာရ်မင်းသားသည် သေအံ့မူးမူးဖြစ်နေသော ဖခင် ကျန်းစစ်သားမင်း ကောင်းမှုပြုနိုင်စေရန်အလို့ငှာ ရွှေအတိပြီးသော ရုပ်ပွားတော်တစ်ဆူသွန်းလုပ်ပြီး ရဟန်းသံဃာတော်များ ရှေ့တွင် ရေစက်သွန်းချ လောင်းလှူနိုင်စေရန် ပြုလုပ်ပေးသည်။ ထို့နောက် ရွှေဆင်းတုတော်အား ဌာပနာပြီး မြစေတီကို တည်သည်။

မြစေတီကျောက်စာအား စေတီတည်ပြီးနောက် တစ်နှစ်အကြာ ၁၁၀၅ခုတွင် စိုက်ထူခဲ့သည်။ မြစေတီကျောက်စာတိုင်မှာ စုစုပေါင်း ၂တိုင်ဖြစ်ပြီး ၂တိုင်လုံးတွင် ပါဋ္ဌိ၊ မွန်၊ မြန်မာ၊ ပျူ စာလေးမျိုးဖြင့် ကဗ္ဗည်း ရေးထိုးထားသည်။ ပထမကျောက်စာတိုင်ကို ဂျာမန်လူမျိုး ပညာရှင် ဒေါက်တာဖိုရှမ်းမားမှ မြစေတီခြေရင်း၌ ကပ်လျက်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ တိုင်မှာ ၅ပေ ၁၁လက်မ မြင့်ပြီး ပုဂံပြတိုက်တွင် ထိန်းသိမ်းထားသည်။ ဒုတိယကျောက်စာတိုင်ကို ဂူပျောက်ကြီးဘုရား လှိုဏ်ဂူအတွင်းတွင် သုံးပိုင်းကျိုးလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်။ ယခုအခါ မြစေတီရင်ပြင်တွင် ထိန်းသိမ်းပြသထားသည်ကို လေ့လာနိုင်သည်။

၂၃) မနုဟာဘုရား
သထုံပြည့်ရှင် မွန်ဘုရင် မနုဟာမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ၁၀၆၇ခုတွင် တည်ခဲ့ခြင်းဖြစ်သည်။ မနုဟာမင်း၏ ကုသိုလ်တော်ဆုတောင်းမျာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုခြင်းနှင့် နိဗ္ဗာန်သို့ မျက်မှောက်မပြုခင် အခြားဘဝတို့၌ ဘုရင်ပြန်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၏ အကျဉ်းချခြင်းကိုမှ မခံရပါလို၏ ဖြစ်သည်။ စေတီအမျိုးအစားမှာ ထောင့်မှန်စတုဂံပုံ ၂ထပ်လှိုဏ်ဂူ အမျိုးအစားဖြစ်သည်။ ပစ္စယာအထက်တွင် စေတီငယ် ၃၇ဆူ ပါရှိပြီး ဗောဓိပက္ခယတရား ၃၇ပါးကို ရည်ညွှန်းဟန်တူသည်။

အနုဟာဘုရားတွင် ကွယ်နေသောအရာ သုံးမျိုးရှိသည်။ ညောင်ပင်ကြီး၊ သပိတ်ကြီးနှင့် မုခ်ပေါက်ဝဖြစ်သည်။ မနုဟာဘုရားရှိ ရုပ်ပွားတော်များကို လေ့လာကြည့်မည်ဆိုလျင် ကြီးမားပြီး ကြပ်ညပ်နေသည့် ပုံစံမျိုး တည်ထားသည်ကို သတိပြုမိပါလိမ့်မည်။ ထိုအရာကား "ပုဂံ၌ အကျဉ်းစံ နန်းကျဘုရင်အဖြစ် နေရသည်မှာ အင်မတန် စိတ်မွန်းကြပ်ပြီး မသက်မသာရှိလှကြောင်း" ဖော်ပြလိုခြင်းပင်။ လျောင်းတော်မူ ရုပ်ပွားတော်ကို ဦးခေါင်းဘက်မှ ကြည့်လျင် မဲ့နေဟန် တွေ့ရပြီး နားရွက်အောက်ခြေဘက်မှ ကြည့်လျင် ပြုံးနေဟန် ဖူးနိုင်သည်။ ဆိုလိုရင်းမှာ "ငါဟာပုဂံမှာ နေရတာ စိတ်တွေမွန်းကြပ်ပြီး မပျော်ပိုက်ဘူး။ ဒါပေမယ့် သေလွန်ပြီးရင်တော့ အကျဉ်းသားဘဝက ငါလွတ်ပြီ။" ဆိုသော စိတ်ကို ဖော်ပြလိုခြင်းဖြစ်သည်။

၂၄) ရွှေဆံတော်

၂၅) ဓမ္မရံကြီး (ထုမှာဓမ္မရံ)
ပုဂံမင်းဆက်၏ မင်းဆိုးတစ်ပါးအဖြစ် ကျော်ကြားသော နရသူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ဖခင် အလောင်းစည်သူမင်းအား လုပ်ကြံခဲ့သည်ကို နောင်တရသောကြောင့် ထိုမကောင်းမှုကို လျော့နည်းပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် တည်သောစေတီဖြစ်သည်။ ဓမ္မရံ၏ အဓိပ္ပာယ်မှာ "တရားတော်၏ထွန်းပရာ" ဖြစ်ပြီး စေတီမှာ ကွမ်းတောင်ပေါက် လှိုဏ်တစ်ဆင့်ဂူ အမျိုးအစားဖြစ်သည်။ နရသူမင်းသည် စေတီတည်စဉ်က ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။ အုတ်ဆက်ရာများထဲသို့ အပ်ထည့်ကြည့်ပြီး ပေါက်ဝင်လျှင် ပန်းရံဆရာအား လက်ဖြတ်ပစ်သည်အထိ အရေးယူ ကြမ်းလှသည်။ ပန်းရံဆရာများလည်း အထူးဂရုစိုက်ပြီး ခိုင်မာအောင် တည်ဆောက်ခဲ့ရသည်။ ထုထည်ကြီးမား ခိုင်ခံ့လှသဖြင့် "ထုမှာဓမ္မရံ" ဟု ဆိုစမှတ်ပြုသည်။

၂၆) စူဠါမဏိဂူဘုရား
၂၇) ပြသာဒ်ကြီး
၂၈) ရှင်အဇ္ဇျဂေါဏဘုရား
၂၉) နန်းမြင့်မျှော်စင်

Credit : Traveller Chan

Related Posts