“မိုးရာသီမှာ ခရီးထွက်လို့ကောင်းတဲ့နေရာတွေ” [Travel Article]


“မိုးရာသီမှာ ခရီးထွက်လို့ကောင်းတဲ့နေရာတွေ”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ခရီးသွားကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ‘မိုးရာသီမှာ ခရီးထွက်လို့ကောင်းတဲ့နေရာတွေ’  ပဲ ဖြစ်ပါတယ်ခင်ဗျ။ အတော်များများက မိုးရာသီဆိုရင် ခရီးထွက်ဖို့ လက်တွန့်သွားတတ်ကြပါတယ်။ စိုထိုင်းထိုင်းနေ့ရက်တွေ၊ အပြင်ထွက်တာနဲ့ မိုးစိုမယ့် အခွင့်အလမ်းတွေကြောင့် အများစုက မိုးအေးအေးနေ့ရက်တွေကို အိမ်တွင်းအောင်းရင်း ဖြတ်သန်းတတ်ကြပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံအတွက် မိုးရာသီဟာ အရမ်းပဲ ခရီးထွက်လို့ကောင်းတဲ့ရာသီပဲ ဖြစ်ပါတယ်ခင်ဗျ။ ပြည်ပခရီးသွားတွေဆိုရင် သူတို့ရဲ့ ခရီးသွားအညွှန်းတွေမှာ အများစု သုံးသပ်ရေးသားဖော်ပြလေ့ရှိတာကတော့ မြန်မာနိုင်ငံကို ခရီးသွားမယ်ဆိုရင် မိုးရာသီက အကောင်းဆုံးပါပဲတယ်။ 

အမှန်ပဲခင်ဗျ။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီအပြီး၊ မိုးဖွဲဖွဲကျရာက သည်းလာတဲ့အခါမှာ အဖူးအငုံအသစ်တွေ၊ ရွက်သစ်တွေထွက်လာတဲ့ စိုစိမ်းစိမ်း သစ်ပင်ကြီးတွေ၊ လွမ်းဆွေးစရာ မြေသင်းရနံ့လေးတွေနဲ့ ဘယ်နေရာကြည့်ကြည့် စိမ်းလမ်းစိုပြေနေတဲ့ ရှုခင်းနဲ့ လတ်ဆတ်တဲ့လေကို ရချင်တယ်ဆိုရင်တော့ ပြောချင်တာက “မိုးရာသီမှာ ခရီးထွက်ပါ” ဆိုတာပါပဲ။ 

ဒီတော့ ကျွန်တော်တို့တွေ မိုးရာသီမှာ ဘယ်နေရာတွေကို ခရီးထွက်ကြမလဲ။ အောက်ပါ List လေးကို ကြည့်ပြီး ဝန်ဇင်းပရိသတ်တွေလည်း တစ်နေရာရာကိုတော့ ခရီးထွက်ဖြစ်အောင် ထွက်ကြည့်လိုက်ပါ၊ စိတ်ကိုလန်းဆန်းစေမယ့် ပတ်ဝန်းကျင်ရှုခင်းတွေနဲ့ အမှတ်တရဖြစ်စေမယ့် နေရာတွေကို ခုလို ဖော်ပြလိုက်ပါတယ်ခင်ဗျ။ 

၁။ ပုဂံ - နံပါတ်တစ် ခရီးထွက်ဖို့ အကောင်းဆုံးကတော့ ပုဂံပါပဲခင်ဗျ။ ပုဂံရှေးဟောင်းနယ်မြေဟာ အခြားရာသီတွေမှာ ပူပြင်းခြောက်သွေ့သလောက် မိုးရာသီမှာတော့ စိမ်းစိုလန်းဆန်းပြီး အရမ်းနေလို့ထိုင်လို့ကောင်း၊ သွားလို့လာလို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။ လွမ်းမောဖွယ်ရာ ရှေးဟာင်းပုထိုးတွေကြား ကိုယ်ချစ်တဲ့သူ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ စက်ဘီးနဲ့ လျှောက်ပတ်မလား၊ မိုးရာသီရဲ့ မိုးနံ့၊ မြေသင်းရနံ့၊ စိမ်းစိုလန်းဆန်းမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ပုဂံနေဝင်ချိန်ရသကို အပြည့်အဝခံစားမလား .. ပုဂံရဲ့ နေရာတိုင်းဟာ ဝန်ဇင်းပရိသတ်ကြီးအတွက် အမှတ်တရာဖြစ်စရာ နေရာတွေပါပဲ။ 

ထုမှာဓမ္မရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုလက်ရာမှာ အာနန္ဒာ၊ နံရံဆေးပန်းချီမှာ စူဠာမဏိ၊ ကျောက်စာစုံတာ မြစေတီ၊ ဝါတော်ကြီးတာ ငှက်ပစ်တောင်၊ ဆံတော်စစ်တာ ရွှေဆံတော်၊ ထီးလည်းလို မင်းလည်းလိုတာ ထီးလိုမင်းလို ဆိုတဲ့အတိုင်း မိုးရာသီမှာ ပုဂံကို ခရီးထွက်တဲ့အခါ ဒီနေရာတွေကို သွားရောက်ခဲ့ဖို့လည်း မမေ့ခဲ့ပါနဲ့ဦး။ 

( ၂ ) ဒုတိယဦးစားပေးအနေနဲ့ ခရီးထွက်သင့်တဲ့နေရာကတော့ မြန်မာတို့ရဲ့ မင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးမြို့ပါပဲ။ မန္တလေးတောင်၊ မန္တလေးမြို့ရိုးနဲ့ လေးဘက်လေးတန် ကျုံးရေကန်၊ ဦးပိန်တံတား၊ ရွှေအင်းပင်ဘုန်းတော်ကြီးကျောင်း စတဲ့ နာမည်ကြီး ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတွေ၊ အိမ်တော်ရာဘုရား၊ ကုသိုလ်တော်ဘုရားနဲ့ မဟာမြတ်မုနိ၊ ပြီးတော့ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ အုတ်ခဲအကျိုးအပျက်တွေကြားက အိုဟောင်းဟောင်း စေတီပုထိုးတွေ … စသဖြင့် နေရာများစွာကို ဘုရားဖူးရင်း လည်ပတ်ခဲ့လို့ရပါတယ်။ အပူချိန်မြင့်တဲ့ မန္တလေးဟာ မိုးရာသီမှာတော့ ခရီးထွက်လို့ကောင်း၊ ဘုရားဖူးထွက်လို့ကောင်းတဲ့နေရာအဖြစ် ပြည်တွင်းပြည်ပခရီးသွားတွေ သတ်မှတ်လေ့ရှိကြတဲ့ နေရာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၃ ) နောက်ထပ် ခရီးထွက်သင့်တဲ့နေရာကတော့ ကလောပါပဲ။ ကလော ဆိုရင် အုံ့မှိုင်းမှိုင်းတောင်တန်းတွေ၊ စိမ်းလန်းတဲ့ နေရာတွေနဲ့ တောင်တွေကို ဖြတ်ကျော်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးအေး၊ ခြေလျင်ခရီးသွားလို့ကောင်းတဲ့ နေရာတွေ စသဖြင့် လည်ပတ်စရာ နေရာတွေနဲ့ ပြည့်စုံနေတဲ့ နေရာတစ်ခုပါပဲ။ ကလောကို သွားမယ်ဆိုရင်တော့ အခုပြောပြမယ့်နေရာတွေကို လည်ပတ်ခဲ့ဖို့လည်း မမေ့ပါနဲ့ဦး။ အဲ့ဒီနေရာတွေကတော့ နာမည်ကြီးဖြစ်တဲ့ ကလေ View Point ၊ နှီးဘုရား၊ ရေအေးကန်၊ မြင်းမထိဂူ နဲ့ နေဝင်ချိန်ရှုခင်းကြည့်နိုင်မယ့် ‘တိမ်တောင်’ စတဲ့ နေရာတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 
…
ကဲ ဝန်ဇင်းပရိသတ်တို့လည်း မိုးရာသီမှာ အိမ်တွင်းချည်းအောင်းပြီးမနေပါနဲ့။ စိမ်လန်းစိုပြေတဲ့နေရာတွေကို ခရီးထွက်ဖို့ ခုပဲ စီစဉ်လိုက်ပါတော့လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ မိုးရာသီမှာ ခရီးထွက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။ 

ဝန်ဇင်းပရိသတ်တွေအနေနဲ့ မိုးရာသီမှာ ခရီးထွက်လို့ကောင်းတဲ့နေရာတွေကို အကြံပြုပြောပြချင်တယ်ဆိုရင်လည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts