“ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတွေကို လေ့လာရေးထွက်ရအောင်” [Travel Article]


“ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတွေကို လေ့လာရေးထွက်ရအောင်”

မင်္ဂလာပါ ဝန်ဇင်းခရီးသွားချစ်သူများခင်ဗျာ … 

ဒီတစ်ပတ်မှာတော့ ဝန်ဇင်းခရီးသွားချစ်သူများအတွက် Wun Zinn Digest ရဲ့ ‘ခရီးသွားကဏ္ဍ’ မှ တင်ဆက်ပေးမှာကတော့ “ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတွေကို လေ့လာရေးထွက်ရအောင်” ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ 

၁။ ရှေးဟောင်းပျူယဉ်ကျေးမှုနယ်မြေ - ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေ တည်ရှိရာ ပျူယဉ်ကျေးမှု ရှေးဟောင်းနယ်မြေကတော့ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ ဧရာဝတီမြစ်ကမ်းတလျှောက်မှာ တည်ရှိပြီး ၂၀၁၄ ခုနှစ်ကစလို့ ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ ခုနှစ်ကြား နှစ်ပေါင်း ၁,၀၀၀ ကျော် အုပ်စိုးခဲ့တဲ့ ပျူမင်းဆက်၊ ပျူနိုင်ငံတော်ကြီးရဲ့ ယဉ်ကျေးမှု အမွေအနှစ်များလက်ကျန်များကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ 

၂။ ပုဂံ - မြန်မာတို့ရဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဒေသကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့အတွက် ၁၉၉၆ ခုနှစ်ကတည်းက စာရင်းသွင်းခဲ့တာပဲ ဖြစ်ပေမဲ့ ယခုအချိန်ထိတော့ ယူနက်စကိုက သတ်မှတ်ခြင်း မပြုသေးပါဘူး။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်က ပြန်လည် စတင်ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာတော့ အဆိုပြုစာတွဲ ( မူကြမ်း ) Nomination Dossier ( Draft ) တင်သွင်းခဲ့ပါတယ်။ ပုဂံကတော့ အထူးအထွေ ပြောစရာမလိုတဲ့ ‘အားလုံးသိတဲ့ပုဂံ’ ပဲ ဖြစ်ပါတယ်။ ခရီးထွက်မယ်ဆိုရင်တော့ အခု ရောက်ဆဲ မိုးတွင်းကာလမှာ ခရီးထွက်တာ အကောင်းဆုံးပါပဲလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

၃။ ပြဒါးလင်းဂူ - ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာတည်ရှိတဲ့ ပြဒါးလင်းဂူကလည်း ၁၉၉၆ ခုနှစ်ကစလို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ရေး သတ်မှတ်ထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့တယ်လို့ ယူဆရမှာဖြစ်တဲ့ နံရံပန်းချီများနှင့် လက်နက်များကို တွေ့ရှိရပြီး ပြဒါးလင်းဂူမှ တူးဖော်ရရှိသော မီးသွေးနှင့် အရိုးအပိုင်းအစများကို ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့ရာ ထွက်ပေါ်လာတဲ့ ရလဒ်က အံ့သြစရာကောင်းလှပါတယ်။ မီးသွေးများမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၇၇၄၀ ) နှင့် ( ၆၅၇၀ ) ခန့်အတွင်းကဖြစ်ပြီး အရိုးများမှာတော့ လွန်ခဲတဲ့ နှစ်ပေါင်း ( ၆၅၀၀ ) ခန့်မှ ဖြစ်တယ်လို့ ရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းလှတဲ့ ကျောက်ခေတ်ယဉ်ကျေးမှုဆိုင်ရာ နယ်မြေတစ်ခုပဲ ဖြစ်ပြီး သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

၎။ မြောက်ဦးဒေသ - ရခိုင်ပဒေသရာဇ်နိုင်ငံတော်ရဲ့ နောက်ဆုံးနန်းမြို့တော်ဖြစ်ခဲ့တဲ့ မြောက်ဦးဒေသကလည်း မြန်မာနိုင်ငံရဲ့ အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်မှာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ ( မူကြမ်း ) တင်သွင်းနိုင်ရေးနှင့် ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင် မင်းစောမွန်က ၁၄၃၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်အထိ မင်းပေါင်း ၄၉ ဆက်အထိ ထီနန်းစိုးစံခဲ့တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ သျှစ်သောင်းဘုရား၊ ပုထိုးတော်ကြီး၊ ရတနာပုံစတဲ့ စေတီပုထိုးများအပြင် စေတီပုထိုးပေါင်း ထောင်နှင့်ချီရှိပြီး မြောက်ဦးနန်းတော်ရာမှာလည်း အထင်ကရနေရာတစ်ခုအဖြစ် ရှေးလက်ရာမပျက် ကျန်ရှိနေပါတယ်။ 

Ref; www.gomyanmartours.com
………….
ဝန်ဇင်းသတင်းစကား ။      ။ ဝန်ဇင်းခရီးသွားချစ်သူများအတွက် ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို အပတ်စဉ် ကြာသပတေးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်းမှာ Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” မှ ဖော်ပြပေးသွားမို့ Digest ထဲ ဝင်ရောက်ဖတ်ရှု အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ။  
………….
“ဒီပို့်စ်လေးကို ဖတ်ရှုပြီး နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”  “ခရီးသွားချစ်သူတွေ ပြောချင်တဲ့စကားများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts