ခရီးသွားများ လည်ပတ်သင့်သည့် အိန္ဒိယနိုင်ငံမှ ( ၁၅ ) နေရာ [Travel Article]


ခရီးသွားများ လည်ပတ်သင့်သည့် အိန္ဒိယနိုင်ငံမှ ( ၁၅ ) နေရာ 

ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအထူထပ်ဆုံးနဲ့ သမိုင်းဝင်နေရာ အများအပြားရှိပြီး ယဉ်ကျေးမှု အမွေအနှစ် အမြောက်အမြား ရှိနေတဲ့ အိန္ဒိယနိုင်ငံကို ဒီသင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ အပန်းဖြေခရီးပဲ ဖြစ်ဖြစ်၊ လေ့လာရေးခရီးပဲ ဖြစ်ဖြစ် သွားရောက်ဖို့ စီစဉ်ထားပါသလား။ နိုင်ငံအနေနဲ့လည်း ကြီးမားကျယ်ပြန့်သလို လည်ပတ်စရာနေရာတွေကလည်း များပြားလှတဲ့အတွက် ဘယ်ကိုသွားရမလဲ ရွေးချယ်ရခက်နေပါသလား။ ဒီလိုဆိုရင်တော့ ခေါင်းရှုပ်ခံစဉ်းစားနေစရာ မလိုတော့ပါဘူး။ အောက်မှာဖော်ပြထားတဲ့ နေရာ ( ၁၅ ) ခုကတော့ အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး စီစဉ်ထားသူတွေအတွက် သွားရောက်ခဲ့သင့်တဲ့ စာရင်းပါပဲ။ ဒီစာရင်းမှာတဲ့ နေရာတွေဟာ ခရီးသွားချစ်သူများအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
၁။ ညှို့ယူဖမ်းစားနိုင်တဲ့ သဘာဝအလှတွေနဲ့ ကတ်ရှ်မီးယား 

ကတ်ရှ်မီးယား ( Kashmir ) ဟာ အိန္ဒိယနိုင်ငံရဲ့ မယုံနိုင်စရာ အံ့သြဖွယ်အလှတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါပဲ။ ဘဝင်ခိုက်စရာကောင်းတဲ့ ကြည်နူးဖွယ်အလှတရားတွေကြောင့် ကတ်ရှ်မီးယားဒေသကို “မြေကမ္ဘာရဲ့ကောင်းကင်ဘုံ” လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ထင်ရှားတာကတော့ ဆီးနှင်းခဲတွေ ဖုံးနေတဲ့ ဟိမဝန္တာတောင်တန်းနဲ့ Pir-Panjal တောင်တန်းတွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံး နေရာတွေပါပဲ။ သဘာဝအတိုင်း လှပနေတဲ့ ဥယျာဉ်တွေကို လှေတစ်စင်းနဲ့ ကျော်ဖြတ်ရင်း ဘတ်တ်ဘ်နဲပ အာယုတောင်ကြားက စိမ်းစိုနေတဲ့ ပန်းမန်ဥယျာဉ်တွေကြား လျှောက်သွားနိုင်ဦးမှာပါ။ အပြန်မှာလည်း ရိုးရှင်းပြီး ဆန်းသစ်လှပတဲ့ ကတ်ရှ်မီးယားရိုးရာ လက်မှုထည်တွေကိုလည်း ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် ဒီဒေသဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ အများအပြားလာရောက်ကြလို့ သင့်အနေနဲ့ သွားရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ 

၂။ လမ်းလျှောက်ခရီးထွက်ဖို့အကောင်းဆုံးဖြစ်တဲ့ ပြိုင်ဖက်မရှိ လာဒါခီပြည်နယ်ရဲ့ မြို့တော် LEH မြို့

ကမ္ဘာ့အမြင့်ဆုံးလမ်းတွေ၊ နှင်းဖုံးတောင်တန်းတွေနဲ့ ကြည်လင်စိမ်းလဲ့နေတဲ့ ရေကန်တွေ၊ နှစ်သက်ဖွယ်ကောင်းတဲ့ တောင်ကြားရှုခင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အများအပြားရှိတဲ့ လာဒါခီ ( Leh-Ladakh ) ဟာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့နေရာလည်းဖြစ်သလို ခရီးသွားသူတွေအတွက်လည်း သွားရောက်ခဲ့ရမယ့် နေရာလည်း ဖြစ်ပါတယ်။ ဟမ်းမစ်ဘုန်းကြီးကျောင်းက ပျံ့လွင့်လာတဲ့ နာပျော်ဖွယ် ဘုန်းကြီးဝတ်ရွတ်သံကို နားထောင်ရင်း စိတ်အာရုံကြည်နူးမှု၊ ငြိမ်းချမ်းတိတ်ဆိတ်မှု အပြည့်နဲ့ Pangong ရေကန်၊ Zanskar မြစ်ရိုးတစ်လျှောက် စွန့်စားခန်းခရီးထွက်ရင်း အမှတ်ရစရာ အမှတ်တရတွေကို ရယူနိုင်ဖို့ ဒီဒေသဟာ ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါပဲ။ 

၃။ အံ့စရာကောင်းတဲ့ အတိတ်သမိုင်းကြောင်းနဲ့အတူရှိတဲ့ ဒေလီမြို့

အိန္ဒိယနိုင်ငံကို သွားရင် ဒေလီ ( Delhi ) ကို ချန်ခဲ့ဖို့ မသင့်ပါဘူး။ သမိုင်းဝင် အမွေအနှစ်နဲ့ အတိတ်ကို ပြောပြနေတဲ့ မှတ်တမ်း အထိမ်းအမှတ်တွေ အမြောက်အမြားရှိတဲ့ ဒေလီမြို့ဟာ အကောင်းဆုံး ရွေးချယ်သွားရောက်ရမယ့် နေရာတစ်ခုပါပဲ။ ခေတ်မီရှောပင်းမောလ်တွေ၊ အဆင့်မြင့် ဇိမ်ခံဟော်တယ်ကြီးတွေနဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေနဲ့ ပြည့်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ခေတ်မီမြို့တော် ဒေလီဟာ ခရီးသွား သင့်ကို ဆွဲဆောင်မှု အပြည့်နဲ့ စောင့်ကြိုနေမှာပါ။ 

၎။ ပြောမယုံ ကြုံဖူးမှသိမယ့် ခမ်းနားကြီးကျယ်သော မဂိုယဉ်ကျေးမှုနဲ့ အဂ္ဂရာ 

အိန္ဒိယနိုင်ငံရဲ့ သမိုင်းမှာ မပါမပြီးဖြစ်တဲ့ မဂိုမင်းဆက်၊ မဂိုယဉ်ကျေးမှု။ ဒါတွေရဲ့ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ယခုထက်ထိ ကမ္ဘာကျော်ဆဲဖြစ်တဲ့ အဂ္ဂရာ ( Agra ) မှာရှိတဲ့ လွမ်းသူ့ဗိမာန်ကြီးကနေစလို့ မြင်တွေ့နိုင်တယ်။ ဒီလို ကမ္ဘာကျော်အံ့တစ်ပါးဖြစ်တဲ့ တာ့ဂ်ျမဟာဗိမာန်ကြီးဟာ ယမုံနာမြစ်ကမ်းဘေးမှာတည်ရှိပြီး အချစ်ရဲ့သင်္ကေတတစ်ရပ်လို့လည်း ဖြစ်နေလေရဲ့။ အိန္ဒိယနိုင်ငံ မဂိုမင်းဆက် ဘုရင်တစ်ပါးဖြစ်တဲ့ ဘုရင် Shah Jahan က သူမိဖုရား Mumatz Mahal အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတသရုပ်အဖြစ် ဒီဂူဗိမာန်ကို နှစ်ပေါင်း ( ၃၀ ) ကြာ ဆောက်လုပ်ခဲ့တယ်။ ပါဝင်တည်ဆောက်ထားတဲ့ ကျောက်သားနဲ့ အနုစိတ်လှတဲ့ အနုပညာလက်ရာတွေ၊ အဆင့်အတန်းမြင့်လှတဲ့ တည်ဆောက်ပုံဒီဇိုင်း … စတဲ့ စံနှုန်းတွေကြောင့် နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်ပေါင်း ( ၈ ) သန်းခန့်လာရောက်လေ့ရှိတဲ့ ဒီ အထင်ကရနေရာဟာ လုံးဝသွားရောက်ရမယ့် နေရာတစ်ခုပါပဲ။ ဒါ့အပြင် မြင့်မားထူထဲလှတဲ့ ကျောက်တံတိုင်းတွေနဲ့ မြို့ရိုးကို အဆင့်အဆင့် ကာရံထားတဲ့ ခမ်းနားကြီးကျယ်လွန်းသော အဂ္ဂရာခံတပ်ကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရဦးမယ်။ ဒီတော့ လွမ်းမောဖွယ် မဂိုယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေရှိနေတဲ့ အဂ္ဂရာလို ယဉ်ကျေးမှုမြို့တော်ကို သွားရောက်ခဲ့ဖို့လည်း မမေ့ပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။ 

၅။ ဘာသာရေးအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဗာရာဏသီ 

ဒါကတော့ ဘာသာရေးဆိုင်ရာ သမိုင်းမှတ်တမ်းနဲ့ ပုံဝတ္ထု၊ အတ္ထုပ္ပတ်တွေမှာ မြင်ရကြားရလေ့ရှိတဲ့ ဗာရာဏသီပြည်ကြီး ( Varanasi ) ပါပဲခင်ဗျာ။ ငယ်ငယ်ကဆို ပုံဝတ္ထုတွေမှာ ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ် ရယ်လို့ ဗာရာဏသီဟာ စာတိုင်းမှာပါဝင်ခဲ့တာကို သိကြမှာပါ။ ခုတော့ ဒီလို နာမည်ကျော် ဗာရာဏသီပြည်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။ နှစ်ပေါင်း ၅၀၀၀ ကျော်ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဂင်္ဂါမြစ်ကမ်းပေါ်က ဗာရာဏသီဟာ ကမ္ဘာ့ရှေးအကျဆုံးမြို့တစ်မြို့လည်း ဖြစ်တဲ့အပြင် ဟိန္ဒူဘာသာရေးယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ပြုစရာ ဂေါတမဗုဒ္ဓမြတ်စွာနဲ့ သက်ဆိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ရာဇဝင်တွေမှာတော့ ကာသိတိုင်းရဲ့ မြို့တော်လို့ တွေ့ရမှာဖြစ်ပြီး တစ်ချိန်က ကုန်ရောင်းကုန်ဝယ်၊ နှုတ်မှုပညာ၊ သိပ္ပံလက်မှုအတတ်နဲ့ ဝိဇ္ဇာအတတ် … စတာတွေရဲ့ ပင်မ အချက်အချာ ဌာနကြီးတစ်ခုလည်း ဖြစ်ခဲ့တယ်။ ခုဆို တစ်မြို့လုံးမှာ ဘာသာရေးဆိုင်ရာ ဘုရားကျောင်းပေါင်း ၂၀၀၀ ကျော်ခန့်ရှိပြီး ဟိန္ဒူဘာသာရေး အငွေ့အသက်တွေ အများဆုံးဖုံးလွှမ်းနေတဲ့ ဒေသလည်း ဖြစ်တာမို့ ဘာသာရေး၊ယဉ်ကျေးမှုသမိုင်း လေ့လာခံစားလိုသူနဲ့ ဗုဒ္ဓဘာသာဝင်တွေအဖို့ပါ သွားရောက်လည်ပတ်သင့်တဲ့ နေရာအဖြစ် စာရင်းတို့ထားဖို့ မမေ့နဲ့ဦးနော်။ 

၆။ ဂျေစ်လာမာ 

ဂျေစ်လာမာ ( Jaislamer ) ဟာ ရွှေရောင်သဲတို့ဖုံးလွှမ်းရာမြေလို့ လူသိများပါတယ်။ ရာဂျသံပြည်နယ်မှာရှိတဲ့ ဂျေစ်လာမာမြို့ဟာ အမျိုးသားအမွေအနှစ်ကြွယ်ဝမှုကြောင့် လှပတဲ့မြို့အဖြစ် သတ်မှတ်ခံရသလို ရဲရင့်ထက်မြက်တဲ့ အုပ်ချုပ်သူ ရာဂ်ျပုဘုရင်ရဲ့ သမိုင်းကြောင်းတွေကြောင့်လည်း စိတ်ဝင်စားဖွယ် နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ 

၇။ ကုတက်ခ်ျက အိမ်ကလေးတွေ

အိန္ဒိယနိုင်ငံရဲ့ အံ့ဖွယ်နောက်တစ်နေရာကတော့ ဂူဂျရတ်ပြည်နယ်မှာရှိတဲ့ ကုတက်ခ်ျ ( Kutch ) ဒေသပါပဲ။ ဒီဒေသက ဒေသခံတွေရဲ့ ခပ်ဆန်းဆန်း နေထိုင်မှုပုံစံတွေဟာ ခရီးသွားတွေကို ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ရိုးရာအကနဲ့ သီချင်းတွေ၊ ရိုးရာအစားအသောက်တွေဟာ လုံးဝ ထူးခြား ဆန်းသစ်နေမှာဖြစ်သလို သူတို့တွေရဲ့ နေမှုထိုင်မှုပုံစံအပေါ် သင့်ရဲ့ စိတ်ဝင်စားမှုကလည်း မြင့်မားနေမှာမိုလို့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

၈။ ညှို့ယူဖမ်းစားမယ့် အဇန္တာလှိုဏ်ဂူရှိရာ အူရန်ဂဘတ်

ရှေးဟောင်းအထိမ်းအမှတ်အများအပြား တည်ရှိနေတဲ့ အူရန်ဂဘတ် ( Aurangabad ) မဟာရက်ထရာပြည်နယ်ရဲ့ သမိုင်းဝင်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ရှေးမင်းဆက်အမြောက်အမြား စိုးစံအုပ်ချုပ်ခဲ့တဲ့ အူရန်ဂဘတ်မြို့ဟာ အခုဆိုရင်တော့ အတိတ်မင်းဆက်တွေအကြောင်း ပြောပြနေတဲ့ ကြွယ်ဝတဲ့ ဗိသုကာလက်ရာ အမွေအနှစ်တွေကြောင့် ကျော်ကြားတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ အကျော်ကြားဆုံးအရာကတော့ ကမ္ဘာ့အမွေအနှစ်တစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ပန်းချီပန်းပု ဗိသုကာလက်ရာတွေရှိတဲ့ အဇန္တာလှိုဏ်ဂူပုထိုးပါပဲ။ နှစ်ပေါင်းမြောက်မြားစွာကြာပြီဖြစ်တဲ့ လှိုဏ်ဂူတွေထဲက ဗိသုကာလက်ရာတွေကို ကြည့်ရှုခံစားနိုင်ဖို့ အူရန်ဂဘတ်မြို့ဟာ လည်ပတ်ခဲ့သင့်တဲ့ နေရာတစ်ခုပါပဲ။ 

၉။ ဆန်းပြားတဲ့ တောရိုင်းတိရိစ္ဆာန်တွေရှိတဲ့ ဆန်ဒါဘန်း

ကမ္ဘာ့အကြီးဆုံး လမုတောကြီးထဲက ရှားပါးစာရင်းဝင် နာမည်ကျော် ဘင်္ဂလားကျား ( Royal Bengal Tigers ) တွေကို ဒီဒေသမှာ တွေ့ရမှာပါ။ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေ၊ ငှက်နဲ့ တွားသွားမျိုးစိတ်တွေ အများအပြားရှိတဲ့ ဒီဒေသဟာ ဗြဟ္မပုတ္တရမြစ်ကြီးနဲ့ ဂင်္ဂါမြစ်ကြီးတို့ရဲ့ အဝမှာ တည်ရှိပါတယ်။ သဘာဝအတိုင်း တည်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ကျေးငှက်သာရကာတွေကို လှေစီးရင်း လည်ပတ်ကြည့်လို့ရသလို စိတ်လှုပ်ရှားစရာ တောတွင်းခရီးရှည်လည်း ထွက်လို့ရမှာမို့ ဆန်ဒါဘန်း ( Sunderbans ) ကိုလည်း လည်ပတ်ခဲ့ဖို့ မမေ့ပါနဲ့။

၁၀။ လတ်ဆတ်တဲ့လေနဲ့အတူ ဆစ်ခ်အင်း

အိန္ဒိယနိုင်ငံမှာ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရှူရှိုက်နိုင်မယ့် အကောင်းဆုံးနေရာတစ်ခုကတော့ ဆစ်ခ်အင်း ( Sikkim ) ပါပဲ။ ဆစ်ခ်အင်းဟာ ဟိမန္တာတောင်ကြောရဲ့ အရှေ့မြောက်ဒေသက တဖိတ်ဖိတ်တောက်ပနေတဲ့ ရတနာပါပဲ။ နှင်းခဲတွေ ဖုံးအုပ်နေတဲ့ တောင်တန်းတွေ၊ ရှေးဆန်တဲ့ ရွာသေးသေးလေးတွေ၊ လတ်ဆတ်ပြီး ရှေးကျတဲ့ ရေကန်တွေနဲ့ ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို မြင်တွေ့ရမှာဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး လေ့လာရေးထွက်ဖို့ အသင့်တော်ဆုံးနေရာပါပဲ။ 

၁၁။ အံ့ဖွယ် အနုပညာ လက်မှုလက်ရာတွေနဲ့ မက်ဂ်ဟားလေရာ 

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသမှာရှိတဲ့ မက်ဂ်ဟားလေရာပြည်နယ် ( Meghalaya ) ဟာ မျိုးတုန်းပျောက်ကွယ်ခါနီး အခြေအနေကို ရင်ဆိုင်နေရတဲ့ တွတ်တူမျိုးနွယ်စုတွေရဲ့မျိုးနွယ်ရင်းဖြစ်တဲ့ ခါစီ ( Khasi ) လူမျိုးတွေရဲ့ ဌာနေပါပဲ။ ဒီဒေသက ခါစီလူမျိုးတွေရဲ့ အံ့သြဖွယ်ကောင်းတဲ့ အနုပညာလက်ရာကို မြင်တွေ့ရမှာပါ။ အဲ့ဒါကတော့ သစ်မြစ်တွေနဲ့ တံတားတွေ တည်ဆောက်တဲ့ အတတ်ပညာပါပဲ။ သူတို့ရဲ့ ရွာက တံတားတွေကို Ficus Elastica ပင်ကြီးတွေရဲ့ အမြစ်တွေနဲ့ အသေးစိတ် ဆောက်လုပ်ထားတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ အချို့တံတားတွေဆိုရင် နှစ်ပေါင်း ၅၀၀ သက်တမ်းလောက် ရှိနေကြပါပြီ။ ဒီလို စိတ်ဝင်စားဖွယ် အရာတွေရှိတဲ့ မက်ဂ်ဟားလေရာကိုလည်း မသွားဘဲ မနေသင့်ပါဘူး။ 

၁၂။ ကီရလာ 

ကီရလာ ( Kerala ) ဟာ နှစ်စဉ် ကမ္ဘာ့လှည့်ခရီးသည်ပေါင်း ထောင်နဲ့ချီပြီး လာရောက်လာလေ့ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကမ်းလုံးပြည့်လုမတတ် အုန်းပင်တွေနဲ့ သာယာတဲ့ ကမ်းခြေ၊ နှစ်သက်စရာကောင်းတဲ့ ကမ်းနားတွေဟာ ခရီးသွားတွေရဲ့ စိတ်အပန်းပြေဖို့ကို ဆွဲဆောင်နေတာပါ။ ဒီဒေသကို ရောက်တဲ့အခါ ငှက်ပျော်ရွက်ပေါ်ခင်းပြီး ရိုးရာအပြင်အဆင်အတိုင်း တည်ခင်းဝန်ဆောင်မှုပေးတဲ့ ကီရလာအစားသောက်တွေကိုလည်း သုံးဆောင်ခဲ့ဖို့ မမေ့ပါနဲ့။ ဒါမှမဟုတ် သစ်လုံးထွင်းအိမ်ထဲမှာ နေပြီး မနက်စာစားခဲ့ဖို့လည်း မမေ့ပါနဲ့လို့ ပြောပါရစေ။ 

၁၃။ ဟမ်ပီ အိန္ဒိယနိုင်ငံမြောက်ပိုင်း ကာနာတာကာပြည်နယ်ရဲ့ 

ဟမ်ပီ ( Hampi ) မြို့ဟာ ၁၄ ရာစုနဲ့ ၁၆ ရာစုအကြား ကြီးစိုးခဲ့တဲ့ ဝီရနာဂရအင်ပါယာကြီးရဲ့ ခမ်းနားကြီးကျယ်ခဲ့တဲ့ သမိုင်းပုံရိပ် တည်ရှိရာနေရာပါပဲ။ ဘုရားကျောင်းတွေ၊ နန်းတော်ဟောင်းတွေနဲ့ အထိမ်းအမှတ်ကျောက်စာတိုင်တွေ များစွာရှိတဲ့ ဒီဒေသဟာ တစ်ချိန်က ခမ်းနားစွာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်နာဂရရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကို ပြောပြနေပါတယ်။ ဟမ်ပီမြို့ရဲ့ လမ်းတွေကို လျှောက်သွားလိုက်တိုင်း အဲ့ဒီပတ်ဝန်းကျင်က အငွေ့အသက်တွေဟာ သင့်ရဲ့စိတ်ကို အတိတ်သမိုင်းတွေဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ 

၁၄။ ယဉ်ကျေးမှု ကြွယ်ဝတဲ့ မိုက်ဆိုး

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာနာတာကာပြည်နယ်ရဲ့ယဉ်ကျေးမှုမြို့တော်အဖြစ် ‘မိုက်ဆိုး’ ( Mysore )  ကို သတ်မှတ်ထားပါတယ်။ ကာနာတာကာဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အလှဆုံးစိန် စာရင်းဝင်ဖြစ်တဲ့ ကိုဟီးနူးစိန် ( Koh-i-Noor ) ကြီးကို တွေ့ရှိခဲ့တဲ့ နေရာအဖြစ် ကျော်ကြားတဲ့ နေရာတစ်ခုပါ။ ဒီလို သမိုင်းကြီးနဲ့ ကျော်ကြားပါတယ်ဆိုတဲ့ ပြည်နယ်ကြီးရဲ့ ယဉ်ကျေးမှုမြို့တော်ကတော့ မိုက်ဆိုးမြို့ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ မြန်ဆန်စွာတိုးတက်နေတဲ့ နည်းပညာအသိုက်အမြုံဟာ ခမ်းနားလှပတဲ့ နန်းတော်တွေ၊ ပန်းဥယျာဉ်တွေ ဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှု လက္ခဏာတွေနဲ့ အတူယှဉ်တွဲ တည်ရှိနေပါတယ်။ မိုက်ဆိုးရဲ့ နေရာတိုင်းဟာ အတိတ်ရဲ့ ခမ်းနားမှုကို ပြောပြနေမှာပါ။ မှောင်မိုက်နေတဲ့ ညအာကာပြင်ကြီးကို နောက်ခံထားပြီး မီးသီးတွေ ထောင်ပေါင်းများစွာနဲ့ ရှုမငြီးအောင် အမှောင်ကို ကျားကန်ပြီး ထိန်လင်းနေတဲ့ မိုက်ဆိုးနန်းတော်ကို လမ်းလျှောက်ထွက်မလား၊ ဘရင်ဒါဗန်ဥယျာဉ်ထဲမှာ ခြေပစ်လက်ပစ် လဲလျောင်းရင်း စိတ်အပန်းဖြေမလား၊ ရှေးဘုရားကျောင်းကြီးတွေထဲ ဝင်ရောက်လေ့လာမလား … ဒီနေရာလေးကိုလည်း သွားဖို့ စာရင်းတို့ထားပါဦးဗျ။ 

၁၅။ အက်ဒမန်နဲ့ နီကိုဘာ

 အက်ဒမန်နဲ့ နီကိုဘာ ( Andaman & Nicobar ) ကတော့ အိန္ဒိယနိုင်ငံအနှံ့လည်ပတ်ပြီးတဲ့အခါ စိတ်ကို လုံးဝအနားယူုလိုက်ဖို့ အသာယာဆုံး ရှုခင်းတွေရှိတဲ့ ကမ်းခြေပါပဲ။ ကြည်လင် စိမ်းပြာနေတဲ့ ရေ၊ လတ်ဆတ်တဲ့လေနဲ့ တောအုပ်၊ ကျောက်တန်း အငူအဆွယ်တွေနဲ့ ရင်ထဲအေးမြစေမယ့် ကမ်းခြေအလှတွေက သင့်စိတ်က ပင်ပန်းသမျှ နှုတ်ယူသွားပါလိမ့်မယ်။ 
Ref; www.tourmyindia.com

Related Posts