“စမတ်ကျကျခရီးထွက်နည်း” [ Travel Article ]


“စမတ်ကျကျခရီးထွက်နည်း” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

နေရာသစ်တစ်ခုကို ခရီးထွက်ခြင်းဟာ မယုံနိုင်လောက်အောင် အံ့အားသင့်စရာကောင်းတဲ့ ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ခရီးထွက်ခြင်းဟာ ကိုယ့်ရဲ့ ဘဝအပြောင်းအလဲအတွက် အကြံအစည်အသစ်တွေ စိတ်ကူးစိတ်သန်း အသစ်အဆန်းတွေနဲ့ ဆုံးဖြတ်ချက်အသစ်တွေကို ဖြစ်ပေါ်လာစေတဲ့အထိ စွမ်းအားကြီးတဲ့အရာတစ်ခုပါ။ ခုဆို ခရီးထွက်လို့ကောင်းတဲ့ မိုးရာသီကာလကိုလည်း ရောက်ရှိလို့လာပြီ။ ဝန်ဇင်းပရိသတ်ကြီးထဲမှာလည်း ခရီးထွက်ချင်တဲ့ဆန္ဒ ပြင်းပြနေသူတွေ ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

ဒီတော့ … ခရီးထွက်အောင်၊ ဘယ်လိုခရီးထွက်ကြမှာလဲဆိုရင် အဖြေကတော့ တစ်ခုတည်းပါပဲ။  စမတ်ကျကျခရီးထွက်ကြမှာပါ။ ကျွန်တော်တို့ ခရီးထွက်မယ်လို့ စဉ်းစားလိုက်တဲ့အခါ အလုပ်ရှုပ်စရာ ဦးနှောက်ခြောက်စရာကတော့ ခရီးထွက်ဖို့ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းပါပဲ။ လက်မှတ်ဝယ်ဦး၊ ဟိုဟာထည့်ဦး ဒီဟာထည့်ဦး၊ ဒါလည်းလိုတယ်၊ ဟိုဟာလည်းလိုတယ်၊ ယူသွားရမှာလဲလေးတယ် … စသဖြင့် လေယာဉ်လက်မှတ် ဝယ်ယူတာကစလို့ ကိုယ့်ရဲ့ခရီးဆောင်အိတ်ထဲကို ဘာတွေယူသွားမှာလဲအထိ သေချာစဉ်းစား စီစဉ်ရတဲ့အပိုင်းကတော့ အများစု ဦးနှောက်ခြောက်စရာကိစ္စပါပဲ။ 

အခုဆိုရင်တော့ အဲ့ဒီအတွက် ပူစရာမလိုတော့ပါဘူး။ နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ wikihow က ဒီပြဿနာအတွက် လိုတိုရှင်းအချက်ကလေးတွေနဲ့ ဖြေရှင်းပေးထားတာပါ။ ခရီးထွက်ဖို့ စီစဉ်ထားသူများအနေနဲ့ အခုဖော်ပြမယ့် အချက်တွေအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမယ်ဆိုရင် ခေါင်းရှုပ်စရာမလိုတော့ပါဘူး။ ဒါကြောင့် အဆိုပါ ဝက်ဘ်ဆိုက်ထဲက အချက် ( ၃ ) ချက်ကို ဝန်ဇင်းစာချစ်သူများအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။ 
ကဲ … ကြည့်လိုက်ရအောင်လားခင်ဗျာ။ 

၁။ ငွေကိုချွေတာနိုင်ဖို့ ပရိုမိုးရှင်းကာလတွေမှာ ခရီးထွက်ဖို့ စီစဉ်ပါတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ သင့်လျော်တဲ့အချက်တစ်ခုပါပဲ။ အတွေ့အကြုံသစ်တွေ ရချင်လို့၊ စိတ်အပန်းပြေချင်လို့ ခရီးထွက်တာမှာ ငွေကြေးအကုန်အကျ များပြားနေမယ်ဆိုရင် ခရီးထွက်ရတာ စိတ်သက်သာမှာ မဟုတ်သလို ကိုယ်စုထားတဲ့ ပိုက်ဆံလေးတွေက ဘဏ်ထဲမှာ မကျန်တော့သလောက် ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သူ့ရဲ့ ညွှန်းဆိုချက်အရတော့ ခရီးသွားလုပ်ငန်းတွေဟာ ခုလိုကာလတွေမှာ ပရိုမိုးရှင်းချပေးတာ၊ အခြားဝန်ဆောင်မှုတွေ ထပ်ဆောင်းပေးထားတာမျိုးနဲ့ ခရီးသွားတွေကို ဆွဲဆောင်တတ်ကြပါတယ်။ ဒီ့အတွက် 

-	ခရီးမထွက်ခင် အင်တာနက်မှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို လေ့လာပြီး ဘယ်ကုမ္ပဏီက ဘယ်လိုဝန်ဆောင်မှုမျိုး ပေးလေ့ရှိတယ်ဆိုတာကို လေ့လာပြီး ကိုယ့်စိတ်ကြိုက်ရွေးချယ်ပါတဲ့။ 
-	ပြီးတော့ မိုးတွင်းကာလကိုရွေးပြီး ခရီးထွက်ပါတဲ့။ 
-	နောက်တစ်ချက်ကတော့ အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေအပြီး တစ်ပတ်အတွင်းမှာ ခရီးထွက်ဖို့ စီစဉ်ပါတဲ့ခင်ဗျ။ 

၂။ ခရီးထွက်ဖို့ ငွေကို သက်သက်စုဆောင်းထားပါတဲ့။ တစ်နေရာပြီးတစ်နေရာ ခရီးထွက်နိုင်ဖို့၊ ခရီးထွက်စဉ်ကာလမှာ သုံးစွဲရမယ့် ကား၊ ရထား၊ လေယာဉ်လက်မှတ်ဖိုး၊ အစားအသောက်၊ တည်းခိုစရိတ်တွေနဲ့ ဝယ်တာခြမ်းတာတွေအတွက် နှစ်တစ်နှစ်ရဲ့ အစမှာဖြစ်ဖြစ် ခရီးထွက်ဖို့အသုံးစရိတ်ဆိုပြီး မိမိရဲ့ဝင်ငွေထဲက ဖဲ့ဖဲ့ပြီး စုဆောင်းထားတာ အကောင်းဆုံးပါပဲတဲ့။ အဲ့ဒီလိုမှ ငွေကြေးကို စီမံခန့်ခွဲပြီး မသုံးဘူးဆိုရင် ခရီးထွက်တိုင်း ငွေကုန်ကြေးကျ များလို့ဆိုပြီး ခရီးထွက်ဖို့ကို လက်တွန့်သွားတတ်ပါတယ်တဲ့ဗျ။ 

၃။ ခရီးထွက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း မှန်သမျှကို မိတ္တူနှစ်စုံလောက် ဆောင်ထားပါတဲ့။ မှတ်ပုံတင်၊ ထောက်ခံစာတွေနဲ့ ကိုယ်ရေးအချက်အလက်၊ ပတ်စ်ပို့ … စတဲ့စတဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းမှန်သမျှကို မိတ္တူအပို ဆောင်ထားသင့်ပါတယ်တဲ့။ ခါးပိုက်နှိုက်ခံရလို့ဖြစ်ဖြစ်၊ ကျပျောက်လို့ဖြစ်ဖြစ် ကိုယ့်ရဲ့ အရေးကြီးအချက်အလက်မူရင်းတွေ ပျောက်ဆုံးသွားတဲ့အခါ လက်ဝယ်ရှိနေတဲ့ မိတ္တူတွေက တစ်စုံတရာ အထောက်အကူ ပေးပါလိမ့်မယ်။ 

-	နောက်ဆုံးအချက်ကတော့ ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲကို လိုတာတွေပဲ ထည့်ပြီး မလိုတာတွေထည့်ဖို့ပါပဲ။ ဒီအကြောင်းကို Wun Zinn Digest ရဲ့ ခရီးသွားကဏ္ဍမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ရေးသားဖော်ပြခဲ့ပြီးဖြစ်လို့ ဒီပို့စ်ရဲ့ အောက်ဆုံးမှာပါတဲ့ Related Posts များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။ 
………….

“ဒီပို့်စ်လေးကို ဖတ်ရှုရ နှစ်သက်သဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts