“သင်သွားရဲမှာမဟုတ်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး ( ၁၀ ) မြို့” [Travel Article]


“သင်သွားရဲမှာမဟုတ်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး ( ၁၀ ) မြို့”

မင်္ဂလာ ညနေခင်းပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဝန်ဇင်းခရီးသွား ပရိသတ်ကြီးအနေနဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းတွေကို ကြည့်ဖူးမယ်ထင်ပါတယ်။ မူးယစ်ဆေးဂိုဏ်းတွေ၊ လူဆိုးဂိုဏ်းနဲ့အတူ လမ်းပေါ်က အကြမ်းဖက်မှုတွေ၊ ရဲနဲ့လူမိုက်ပေါင်းပြီး ပြည်သူကို အထိတ်တလန့်ဖြစ်စေတဲ့ ပြစ်မှုတွေ၊ ဒါ့အပြင် ပြန်ပေးဆွဲ၊ ခါးပိုက်နှိုက်၊ ဓားထောက်လုယက် … စတဲ့ အဖြစ်အပျက်တွေဟာ ရုပ်ရှင်ထဲမှာတင်မဟုတ်၊ ပြင်ပမှာလည်း တကယ်ရှိနေတာပါ။ ဒီလို မှုခင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ မြို့တွေဆိုရင် ဝန်ဇင်းခရီးသွားချစ်သူတွေ သွားချင်ပါ့မလား၊ တချို့မြို့တွေက လည်ပတ်ချင်စရာ မျက်စိကျစရာနေရာတွေရှိတယ်၊ ဒါပေမဲ့ ခုဆိုခဲ့သလို မှုခင်းတွေ ဖြစ်လေ့ရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုမှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ မြို့တွေကို ဝန်ဇင်းပရိသတ်ကြီး သိရှိနိုင်ဖို့ အောက်ပါအတိုင်း တင်ဆက်ဖော်ပြလိုက်ပါတယ်။ 

၁။ Caracas - ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ Caracas မြို့ကတော့ မူးယစ်ဆေးဂိုဏ်းတွေ အများအပြားရှိနေပြီး မှုခင်းဖြစ်ပွားမှုနှုန်းလည်း မြင့်မားလျက်ရှိပါတယ်။ လမ်းပေါ်က လုယက်မှုနဲ့ အကြမ်းဖက်မှုတွေက ခရီးသွားတွေအဖို့ မလာရဲသလောက်ပါပဲ။ ဒီလို အဖြစ်အပျက်တွေဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အခြားမြို့များမှာလည်း ပေါ်ပေါက်လျက်ရှိပါတယ်။ 

၂။ Ciudad Juarez – တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုပြဿနာများ ဖြစ်ပေါ်လေ့ရှိတဲ့နေရာကတော့ မက္ကစီကိုနိုင်ငံရဲ့ Ciudad Juarez မြို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကြီးများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံရဲအချို့ဆိုရင် မူးယစ်ဂိုဏ်းတွေရဲ့ လာဘ်ကိုစားတဲ့ လက်ပါးစေတွေဖြစ်လို့နေပါတယ်။ ဒါဟာ ရုပ်ရှင်တွေထဲကလိုပဲ၊ တရားခံကို အပြစ်ပေးနိုင်ခြင်းမရှိ၊ လွှတ်ပေးလိုက်ရတာမျိုးတွေ ဖြစ်နေတာပါ။ 

၃။ Cape Town - တောင်အာဖရိကနိုင်ငံရဲ့ Cape Town မြို့တော်ကတော့ လူမှုအုံကြွမှုတွေနဲ့အတူ ဆင်းရဲမွဲတေမှုနှုန်း များပြားပျံ့နှံ့မှုကြောင့် မှုခင်းကြီးများ ဖြစ်လေ့ရှိတဲ့နေရာတစ်ခုပါပဲ။ တောင်အာဖရိကရဲ့ သဘာဝအလှအပနဲ့ အခြားဆွဲဆောင်မှုရှိတဲ့ နေရာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြပေမဲ့လည်း Cape Town ကိုတော့ လက်ရှောင်ချင်ကြပါတယ်။ လည်ပတ်လို့ကောင်းပေမဲ့ ညဘက်မှာတော့ တစ်ယောက်တည်း အပြင်မထွက်သင့်တဲ့ နေရာတစ်ခုပါ။ 

၎။ Rio de Janeiro - ဘရာဇီးနိုင်ငံရဲ့ Rio de Janeiro မြို့ကတော့ ခရီးသွားတွေအဖို့ မျက်စိကျစရာ နေရာတစ်ခုပါပဲ။ ဒါပေမဲ့ ဘရာဇီးနိုင်ငံရဲ့ မြို့အတော်များများမှာ မှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားသလို ဒီမြို့လေးမှာလည်း မကြာခဏ လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှု စတဲ့ Street Crimes တွေ အတော်များများ ဖြစ်လေ့ရှိတာပါပဲ။ ဒီဂျနေးယိုးမြို့ရဲ့ ကမ်းခြေနဲ့ အပန်းဖြေစခန်းတွေဟာ သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတွေပါပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်မှုတွေတော့ ပြုလုပ်ထားသင့်ပါတယ်။ 

၅။ Guatemala City - ဂွာတီမာလာနိုင်ငံရဲ့ Guatemala City မှာဆိုရင် လည်စရာ ပတ်စရာ သဘောကျစရာ နေရာအတော်များများ ရှိနေပါတယ်။ ဆိုးတာတစ်ခုကတော့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ မှုခင်းအတော်တော်များများ ဖြစ်ပွားတဲ့ နေရာတစ်ခု ဖြစ်နေတာပါပဲ။ လူသတ်မှုနှုန်းမြင့်မားသလို ခါးပိုက်နှိုက်အများအပြားရှိတဲ့အပြင် ဘတ်စ်ကားပေါ် အနုကြမ်စီးမှု၊ ခရီးသွားတွေကို ဓားပြတိုက်မှုတွေကလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နေရာပါ။ ဂွာတီမာလာကို သွားမယ်ဆိုရင်တော့ ဒီမြို့လေးကို လက်ရှောင်သင့်ပါတယ်။ 

၆။ Acapulco - လာပြန်ပါပြီ၊ မက္ကစီနိုင်ငံရဲ့ နောက်တစ်မြို့ကတော့ Acapulco ပါပဲ။ ဇိမ်ခံအပန်းဖြေစခန်းတွေနဲ့အတူ လုံခြုံစိတ်ချရတဲ့ မြို့တော်အဖြစ် သတ်မှတ်ခံထားရတာ မကြာသေးပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေကြား Acapulco မြို့ဟာ ရေပန်းစားနေချိန်မှာပဲ မူးယစ်ဆေးဝါးမှုခင်းတွေ ပေါ်ပေါက်လာပြီး ခုဆိုရင်တော့ ဒီမြို့လေးဟာ စိတ်မကောင်းစွာပဲ အန္တရာယ်ရှိတဲ့မြို့ စာရင်းထဲမှာ ပါဝင်လာပါတယ်။ ကမ္ဘာ့လူသတ်မှုနှုန်းမြင့်တဲ့ စာရင်းဝင်တစ်နိုင်ငံဖြစ်နေပြီး စာရင်းဇယားတွေအရ လူတစ်သိန်းမှာ ၁၄၂ ယောက်နှုန်းရှိတယ်ဆို့ ဆိုပါတယ်။ 

၇။ Baghdad - အီရတ်နိုင်ငံရဲ့ Baghdad ကတော့ ဆိုးပါတယ်။ လက်နက်ပစ်ခတ် အကြမ်းဖက်မှုနဲ့ ဗုံးခွဲမှုတွေကတော့ ထုံးစံတောင်ဖြစ်နေပါပြီ။ အမေရိကန်တွေအတွက် ဒီမြို့လေးဟာ “လုံးဝမသွားရ” စာရင်းထဲမှာ ပါနေခဲ့တာလည်း အတော်ကြာပါပြီ။ ခုထိလည်း တကယ်ကို အန္တရာယ်အရှိဆုံးမြို့ ဖြစ်နေပါသေးတယ်။ 

၈။ Kabul - ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တွေထဲက တစ်ခုအဖြစ် အာဖဂန်နစ္စတန်နိုင်ငံရဲ့ Kabul မြို့ဟာ သတ်မှတ်ခံထားရတာ ကြာပါပြီ။ စစ်ပွဲဇုန်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်တဲ့အပြင် အမေရိကန်စစ်သားတွေကို မြို့ကနေ ဖယ်ရှားထားပေမဲ့လည်း အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်မှု၊ ဗုံးခွဲမှုအများအပြားကတော့ ဖြစ်ပွားနေဆဲပါ။ Kabul မြို့တော်ရဲ့ အနာဂတ်ကတော့ မသေချာ မရေရာမှုတွေနဲ့ ဖုံးလွှမ်းနေပြီး ပြောနိုင်တာတစ်ခုကတော့ အနာဂတ်မှာလည်း အန္တရာယ်ရှိတဲ့မြို့အဖြစ် ဆက်လက် ကျန်ရစ်နေဦးမှာ ဖြစ်ပါတယ်။ 

၉။ Karachi - ပါကစ္စတန်နိုင်ငံမှာတော့ နိုင်ငံရေးလှုပ်ရှားအုံကြွမှုတွေ မရပ်မနား ဖြစ်ပေါ်နေပြီး အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှု၊ မှုခင်းတွေ အားကောင်းလျက်ရှိနေပါတယ်။ ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု၊ အသေခံဗုံးခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း ပုံမှန်ဖြစ်ပေါ်နေတာပါ။ ဒီဖြစ်ရပ်တွေ ပေါ်ပေါက်မှုရဲ့ အချက်အချာမြို့ကတော့ Karachi မြို့ပါပဲ။ ခရီးသွားတွေရဲ့ Blacklist စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတဲ့မြို့လို့ ဆိုရမှာပါပဲ။ 

၁၀။ San Perdo Sula - နှစ်ပေါင်းများစွာကြာအောင် ခုချိန်ထိ မှုခင်းဖြစ်ပွားမှုနှုန်း များပြားနေဆဲဖြစ်တဲ့ အန္တရာယ်အရှိဆုံး မြို့ဖြစ်ပြီး ဟွန်ဒူးရပ်စ်နိုင်ငံမှာ ရှိပါတယ်။ သတင်းအရင်းအမြစ်တွေအရ လူတစ်သိန်းမှာ ၁၆၉ ဦးနှုန်းဟာ လူသတ်မှု ကျူးလွန်ကြတဲ့ ကမ္ဘာ့လူသတ်မှုနှုန်းအမြင့်ဆုံး မြို့တစ်ခု ဖြစ်နေတာပါပဲ။ 

ကဲ - - - ခရီးသွားချစ်သူတွေအတွက် လက်ရှောင်စရာမြို့တွေကတော့ ခုပြောခဲ့တဲ့အတိုင်းပါပဲ။ သွားဖို့ အခွင့်အရေးကြုံလာရင်လည်း မသွားတာ ပိုအန္တရာယ်ကင်းပါတယ်လို့ သတင်းပါးလိုက်ပါရစေခင်ဗျာ။


Ref; escapehere.com

ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” [ Travel Article ] မှ တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ 
…………
“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 
 

Related Posts