“ဖားစည်သံဝေ ဇွဲကပင်မြေ” [Travel Article]


“ဖားစည်သံဝေ ဇွဲကပင်မြေ”

မင်္ဂလာပါ ဝန်ဇင်းခရီးသွားချစ်သူများ ခင်ဗျာ …

ဒီနေ့မှာ Wun Zinn Digest ရဲ့ ခရီးသွားကဏ္ဍမှ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ‘ဖားစည်သံဝေ ဇွဲကပင်မြေ’ ဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှ လည်ပတ်စရာ နေရာများပဲ ဖြစ်ပါတယ်ခင်ဗျ။ ဝန်ဇင်းခရီးသွားချစ် ပရိသတ်ကြီးတို့ရေ … ခုလို မိုးရာသီမှာ ခရီးသွားလို့ အကောင်းဆုံး နံပါတ်တစ်နေရာကတော့ ခုတင်ဆက်မယ့် ကရင်ပြည်နယ်၊ ဘားအံမြို့ရဲ့ ဖားစည်သံဝေ ဇွဲကပင်မြေပဲ ဖြစ်ပါတယ်ဗျာ။ 

မိုးရာသီကာလမှာ ဇွဲကပင်တောင်ထွတ်ဖျားဆီက တိမ်စိုင်တိမ်အုပ်တွေ အဆုပ်လိုက် အဆုပ်လိုက် လွင့်မျောနေတာ၊ အကွေ့အကောက် လှပစွာနဲ့ ငြိမ့်ညောင်းစွာ စီးဆင်းနေတဲ့ သံလွင်မြစ်ကြီး ဘေးပတ်လည်က ခပ်နိမ့်နိမ့်တောင်တန်းတွေ၊ ဘယ်နေရာကိုကြည့်ကြည့် သစ်ပင်တောတောင်တွေနဲ့ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ရင်သပ်ရှုမော မြင်တွေ့ရမယ့်အရပ်။

ဒါတင်မကသေးဘူး … သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ လှိုဏ်ဂူတွေနဲ့ ဖူးမျှော်စရာ ဘုရားပုထိုးတွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကောင်းကောင်းနဲ့ ဖော်ရွေပြူငှာပြီး ချစ်ခင်စရာကောင်းတဲ့ တိုင်းရင်းသူတိုင်းရင်းသားတို့ရဲ့ မျက်နှာပေါ်ကအပြုံး၊ ကိုယ်စိတ်နှလုံးကြည်နူးသွားစေမယ့် လေကောင်းလေသန့်နဲ့ ကြည်လင်ပြာလဲ့နေတဲ့ ရေကန်တွေရှိရာအရပ်၊ နူးညံ့သိမ်မွေ့တဲ့ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားရိုးရာအက၊ တေးသီချင်းတွေက ဝန်ဇင်းခရီးသွားချစ်သူတွေအတွက် မမေ့နိုင်စရာ အမှတ်တရတွေကို ယူဆောင်လာပေးမယ့်အရပ်။

ဒီအရပ်ကတော့ ကရင်ပြည်နယ်၊ ဘားအံမြေပဲ ဖြစ်ပါတယ်။ ကောင်းကင်ဘုံက နတ်တို့ပျော်စံရာ ဗိမာန်လို့ တင်စားရမယ့် အလှအပ ရှုခင်းတွေ တည်ရှိနေတဲ့ ဘားအံမြေရဲ့ အထင်ကရနေရာကတော့ ဇွဲကပင်တောင်ပဲ ဖြစ်ပါတယ်။ တောင်ထိပ်ကို တက်ရောက်ဖို့ တော်ရုံတန်ရုံဇွဲနဲ့ မရသလို၊ ဇွဲကောင်းကောင်းနဲ့ တက်ရောက်လိုက်မယ်ဆိုရင်လည်း တောင်တက်လမ်းတလျှောက် တစ်သက်မမေ့စရာ ပတ်ဝန်းကျင်ရှုခင်းနဲ့ အလှတွေကို မြင်ရမှာဖြစ်ပြီး တောင်ထိပ်ပေါ်ရောက်တဲ့အခါမှာတော့ ပြောမပြနိုင်တဲ့ ပီတိဖြစ်စရာ ရေမြေသဘာဝ တောတောင်ရှုခင်းတွေကို မြင်တွေ့ခံစားလိုက်ရမှာပဲ ဖြစ်ပါတယ်။ 

ဇွဲကပင်တောင်အပါအဝင် ဘားအံမြေက လည်ပတ်စရာတွေကို ခုလို ဖော်ပြလိုက်ပါတယ်။ 

-	ရသေ့ပျံဂူ
-	ကော့ဂွန်းဂူ
-	လင်းနို့ဂူ
-	ဘုရင်ညီဂူ
-	ရေလှိုဏ်ဂူ
-	ဆဒ္ဒန်လှိုဏ်ဂူ
-	ကော့ကသောင်ဂူ
-	လွန်းညရေပြာကန်
-	ကျုံထော်ရေတံခွန်
-	ပရေကျေးဒိုရေတံခွန် 
-	တောင်ဝိုင်းတောင် 
-	ကန်သာယာတံတား
-	ချစ်သူမြိုင်ဥယျာဉ်
-	လုမ္ဗိနီဥယျာဉ်
-	သာမညတောင်၊ မြတ်စောညီနောင်စေတီ

ဇွဲကပင်မြေမှာ နှံ့စပ်အောင် လည်ပတ်ပြီးသွားတဲ့အခါ အနားယူလို့ရမယ့် အကောင်းဆုံးနေရာတစ်ခုကတော့ ဇွဲကပင်သဘာဝ အပန်းဖြေဥယျာဉ်က အဆင်သင့်ရှိနေပြန်ပါသေးတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားသက်သက်ထွက်ချင်တယ်ဆိုလည်း အသင့်တော်ဆုံးနေရာကတော့ “ဇွဲကပင် သဘာဝ အပန်းဖြေဥယျာဉ်” ပဲ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ စိမ်းစိမ်းလန်းလန်း သစ်ပင် တောအုပ်လေးတွေ၊ အမျိုးစုံတဲ့ တိရစ္ဆာန်တွေနဲ့ အပန်းဖြေစရာ ရေကူးကန်၊ လုံးချင်းအခန်းလေးတွေကိုလည်း ရနိုင်တာမို့ ဒီဥယျာဉ်လေးကတော့ ဘားအံမြေကို လည်ပတ်ပြီးတဲ့အခါ အနားယူဖို့ အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဇွဲကပင်တောင်အနောက်ခြမ်း၊ ကမ္ဘာလုံးဘုန်းကြီးကျောင်းအနီးမှာ တည်ရှိတဲ့ ဒီဥယျာဉ်လေးကို ဝင်ရောက်လည်ပတ်ခဲ့ဖို့ မမေ့နဲ့ဦးနော်။ 

“ ငြိမ့်ညောင်းသာယာ ပျော်ရွှင်မှုရ 
နွှဲဖို့ကြွရောက်လာ …
ဖားစည်သံလွင် ချိုတေးဖွဲ့ကာ 
မြူးထူးပျော်ရွှင်စရာ …
ဆွေမျိုးညီအစ်ကို တွေလိုမှတ်တာ
အစဉ်ပဲတွဲတော့မှာ … 
အို … ကြွလာသူတွေ ဘေးအပေါင်းကင်းကွာ” တဲ့ သီချင်းထဲကအတိုင်း ဘားအံမြေကို ရောက်တဲ့ ခရီးသွားတိုင်း ကြည်နူးချမ်းမြေ့စရာ အမှတ်တရဖြစ်စရာ အတွေ့အကြုံတွေကို ရရှိခံစားကြရမှာပဲ ဖြစ်ပါတယ်ဗျ။ 
………….
“ကရင်ပြည်နယ်၊ ဘားအံမြို့လေးကို ဒီလို မိုးရာသီကာလလေးမှာ သွားရောက်လည်ပတ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းရဲ့ ခရီးသွားချစ်ပရိသတ်တွေ သွားချင်တဲ့ နေရာလေးတွေရှိရင် ပို့စ်ရဲ့ Comment Box ထဲမှာ ပြောပြခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts