Amsterdam Travel Diary [Travel Article]


'Amsterdam aka The City that never sleeps'
'အမ်စတာဒမ် (သို့) အိပ်စက်ခြင်းမရှိသော မြို့တစ်မြို့'

Amsterdam သည် နယ်သာလန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၇ သိန်း ၈ သောင်းခန့်နေထိုင်ကာ ၎င်း၏အနုပညာမြောက် အမွေအနှစ်များ, စနစ်ကျထွန်းကားသော တူးမြောင်းစနစ်နှင့် ကမ္ဘာကျော် ပန်းချီပညာရှင်များဖြစ်သော Van Gogh, Rembrandt နှင့် Vermeer တို့ကြောင့် ထင်ရှားကျော်ကြားပြီး ကီလိုမိတာ ၄၀၀ ခန့်မျသော စက်ဘီလမ်းကြောင်းနှင့် ထောင်ချီသော စက်ဘီးစီးလုပ်သားပြည်သူတို့ကြောင့်လည်း အံ့ဖွယ်မြို့လေးတစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။ ထို့အပြင် 165 ခုသော တူးမြောင်းလမ်းကြောင်းများကြောင့် ကမ္ဘာပေါ်တွင် ရေအများဆုံး ရှိသောမြို့တော်အဖြစ် သတ်မှတ်ခံထားရပြီး 'Venice of the North' အဖြစ်လည်းသိရှိကြသည်။ { စကားချပ်။ ။ အီတလီ နိုင်ငံရှိ ဗင်းနစ်မြို့အကြောင်းကို နောက်အပိုင်းများတွင် ဆက်လက်ဖော်ပြပေးပါမည်။ }
.
စာရေးသူတို့ကဲ့သို့ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများကမူ Amsterdam ၏ Legal Gery Area အဖြစ် weed အားတရားဝင် သောက်သုံးနိုင်သော Coffeeshop များ (မှတ်ချက်။ ။ Coffee နှင့် Shop အား ပူးကပ်ရေးသားထားလေ့ရှိပြီး ပုံမှန်ကော်ဖီဆိုင်များဆိုလျင် Cafe ဟုသာ ဖော်ပြလေ့ရှိပါသည်။) နှင့် နာမည်ကျော် Red Light District တို့ကြောင့်သာလျင် Bucketlist တွင် ထိပ်နားကျကျ၌ နေရာယူထားခြင်းဖြစ်ပါသည်။ 
.
Dutch အစိုးရ၏ Drug Law အရ အသက် ၁၈ နှစ်အထက်ရှိသော နိုင်ငံသားတိုင်းသည် Soft Drug စာရင်းဝင်များဖြစ်သော cannabis, mescaline နှင့် DMT အစရှိသည်တို့အား အကန့်အသတ်တစ်ခုအတွင်း သုံးစွဲခွင့်ရှိပြီး Hard Drug များဖြစ်သော herorin, cocaine အစရှိသည်တို့အား သုံးစွဲမှသာ ဖမ်းဆီးအရေးယူလေ့ရှိပါသည်။

Dutch အစိုးရသည် Drug Tourism အားကာကွယ်နိုင်ရန် ၂၀၁၂ ခုနှစ်နှောင်းပိုင်းအထိ အဖြူ နှင့် အစိမ်းရောင်စပ် တရားဝင်လိုင်စင်ရှိ Coffeeshop များတွင် အသက်ပြည့်ပြီးသော နိုင်ငံသားများကိုသာ ထုတ်ပေးထားသော "weedpass" ခေါ် အသင်းဝင်ကဒ်ကိုင်ဆောင်ထားသူများကိုသာ ဝယ်ယူခွင့်ပြုထားသော်လည်း..... အမြဲတစေချွင်းချက်ရှိသော Amsterdam မြို့ကြီးအဖို့ Tourisrt များကိုပင် Coffeeshop များမှ cannabis များအား ရောင်းချမြဲရောင်းချလျက်ရှိသည်။ ယင်းအကြောင်းကြောင့် ထိုနောက်ပိုင်းတွင် "weedpass" ခေါ် အသင်းဝင်ကဒ်စနစ်လည်း ပျက်ပြယ်သွားပြီး ID Card သို့ Passport ရှိသူတိုင်းသည် အသက် ၁၈ နှစ်ပြည့်ပြီးပါက Amsterdam ရှိ ချောင်ကျကျ Coffeeshop ကလေးတစ်ခုတွင် လွတ်လွတ်လပ်လပ်ဝယ်ယူနိုင်ပြီဖြစ်ကြောင့်ကျနော်လည်းရောယောင်၍ 'ရောက်ရှိ' ခဲ့ပြီးဖြစ်ကြောင်း ဝန်ခံရချေမည်ဖြစ်သည်။ 
.
ထို့အပြင် 'Euro Trip' ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သော Space Cake (ချောကလက်နှင့် marijuana တို့ဖြင့် ပြုလုပ်ထားသော Brownie) သည်လည်း သူ၏ နာမည်နှင့်လိုက်ဖက်လွန်းလှလောက်အောင် 'ရောက်ရှိ' ခဲ့သဖြင့် စာရေးသူမှာလည်း မိမိတည်းခိုရာ Hotel အထိမနည်းပြန်ခဲ့ရပါသေးကြောင်း....

Amsterdam ရှိအခြားစိတ်ဝင်စားဖွယ်ဖြစ်သည့် နိုင်ငံပေါင်းစုံမှ ညငှက်ကလေးများ၏ နားခိုရာဖြစ်သော RLD ခေါ် Red Light District မှာလည်း အမျိုးသား အမျိုးသမီးမကျန် လှည့်လည်ငေးမောစရာတစ်ခုအဖြစ် ဆွဲဆောင်နေပါသေးသည်။ RLD တွင် sex museum မှအစ sex toy shop အလယ်နှင့် အနီရောင်မှန်လုံခန်း အဆုံး အံ့သြမင်သက်ဖွယ်တွေ့ရှိရမည်ဖြစ်သည်။ 
.
RLD တွင် လုံးဝ လုံးဝ မပြု လုပ်သင့်သည့် အရာများမှာ အနီရောင်မှန်လုံခန်းအတွင်းမှ ညငှက်မလေးများအား ဓာတ်ပုံရိုက်ယူခြင်း, လူစည်ကားလွန်းသောကြောင့် သတိလက်လွတ်မသွားသင့်ခြင်း, အနည်းဆုံး လူ ၂ ယောက်ရှိမှသာ သွားရောက်လည်ပတ်သင့်ခြင်း, weed အား လမ်းဘေးရှိ Dealer များထံမှ တဆင့်မဝယ်ယူသင့်ခြင်း တို့ဖြစ်ပါသည်။

အဆုံးသတ်အနေဖြင့် အမ်စတာဒမ် (သို့) အိပ်စက်ခြင်းမရှိသော မြို့တော်ကြီး၏ ရုပ်ရှင်ဗီဒီယိုထဲတွင်သာမက သင်၏ကြားဖူးနားဝ ပါးစပ်ပြောရာဇ၀င်များ အစစ်အမှန်ဟုတ်မဟုတ်ကိုမူကား Amsterdam မြို့တော်ကြီးတွင် သင်တို့ကိုယ်တိုင် လေ့လာဆန်းစစ်ရမည်ဖြစ်ပါကြောင်းနှင့် Amsterdam မြို့သည် မဖြစ်မနေသွားရောက်လှည်ပတ်သင့်သည့် နေရာအဖြစ် ကျနော် ‪မှ ညွှန်းဆိုလိုက်ပါကြောင်း…‬

Related Posts