"ကမ္ဘာ့ဈေးအသက်သာဆုံးနိုင်ငံတွေကို သွားလည်ရအောင်" [Travel Article]


"ကမ္ဘာ့ဈေးအသက်သာဆုံးနိုင်ငံတွေကို သွားလည်ရအောင်"

ဝန်ဇင်းပရိသတ်ကြီးရေ မင်္ဂလာပါခင်ဗျ …

ဝန်ဇင်းပရိသတ်ကြီးအနေနဲ့ ဒီနှစ်၊ ၂၀၁၈ ခုနှစ်မှာ ပြည်ပနိုင်ငံတွေကို အလည်အပတ် ခရီးထွက်ဖို့ စီစဉ်နေတာမျိုး ရှိသလားဗျ။ နိုင်ငံရပ်ခြားကို ခရီးလည်းထွက်ချင်တယ်၊ ဟိုဘက်နိုင်ငံရောက်ရင်လည်း ကုန်ကျစရိတ်များမှာစိုးလို့ ခရီးထွက်မယ့် နိုင်ငံတွေ ရွေးရခက်နေလားဗျ။ ဒီလိုဆိုရင်တော့ မပူပါနဲ့။ ခရီးသွား ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ www.goatsontheroad.com မှာ ဖော်ပြထားတဲ့ “၂၀၁၈ ခုနှစ်အတွက် လည်ပတ်ရန်သင့်တော်တဲ့ ကမ္ဘာ့ဈေးအသက်သာဆုံး နိုင်ငံတွေ” ထဲက နိုင်ငံအချို့ကို ဝန်ဇင်းပရိသတ်ကြီးအတွက် ခုလို တင်ဆက်ဖော်ပြလိုက်ပါတယ်။

၁။ Indonesia

နံပါတ်တစ် ဈေးအသက်သာဆုံးနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံပါတဲ့ဗျာ။ သဲဖြူဖြူနဲ့ ကမ်းခြေတွေ၊ ရေလှိုင်းစီးမလား … ရေအောက်ထဲက သဘာဝအလှတွေကို လိုအပ်တဲ့ဝတ်စုံပြည့်နဲ့ ရေငုပ်ပြီး သွားကြည့်ကြမလား …. အားလုံးက ကမ္ဘာ့ထိပ်တန်းအဆင့်ချည်းပါပဲ။ မီငြိမ်းတောင်ပေါ်က နေဝင်ချိန်၊ နေထွက်ချိန်အလှတွေ၊ သဘာဝအတိုင်းရှိနေတဲ့ တောတောင်ရေမြေရဲ့ သဘာဝအလှ နဲ့ ဥယျာဉ်ကြီးတွေ၊ အရသာရှိလှတဲ့ သူတို့ရဲ့ ရိုးရာထမင်းကြော် ပူပူမွှေးမွှေးလေးကလည်း ခရီးသွားတွေအဖို့ အမှတ်ရစေမှာဖြစ်တဲ့အပြင် ဒီနိုင်ငံကို လည်ပတ်လို့ အကြွေးတင်စရာ အကြောင်းမရှိဘူးလို့တောင် ဆိုသဗျ။  

၂။ Mexico

ဒုတိယဈေးအသက်သာဆုံး နိုင်ငံကတော့ မက္ကစီကိုနိုင်ငံ ဖြစ်ပါသတဲ့။ လျှာဂျွမ်းပြန်သွားစေမယ့် စားစရာလက်ရာတွေ၊ နွေးထွေးတဲ့ မျက်နှာပေါ်က အပြုံးတွေနဲ့အတူ ဖော်ဖော်ရွေရွေနဲ့ ခင်မင်တတ်ကြတဲ့ ဒေသခံလူတွေ၊ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင် ကမ်းခြေနဲ့အတူ ခရီးသွားချစ်သူတွေ မျှော်လင့်ထားသမျှ အရာတွေအားလုံး ရနိုင်တာမို့ တစ်ခါရောက်ပြီးတာနဲ့ နောက်တစ်ကြိမ် ထပ်ခါထပ်ခါ သွားချင်စိတ်ပေါ်လာအောင် ယစ်မူးစေနိုင်တာကတော့ မက္ကစီကို နိုင်ငံပါပဲတဲ့။

၃။  India

တတိယမြောက် လည်ပတ်ဖို့ အသင့်တော်ဆုံး၊ ဈေးအသက်သာဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့လည်း ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ သမိုင်းကြောင်းရှည်လျားစွာ ဆက်နွယ်မှုတွေရှိတဲ့အပြင် ဗုဒ္ဓဘာသာဝင်များအတွက် ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဒေသဖြစ်တဲ့ ဗုဒ္ဓဂါယာ၊ သံဝေဇနိယလေးဌာန၊ ရှေးကျတဲ့ ယဉ်ကျေးမှုတွေရှိတဲ့နေရာတွေနဲ့ ခေတ်နဲ့အညီတိုးတက်နေတဲ့ မြို့ကြီးတွေ၊ မြို့အသီးသီးက ဖော်ရွှေပျူငှာတဲ့ ဒေသခံတွေ၊ အံ့သြဖွယ်ရာသမိုင်းကြောင်းတွေ လေ့လာလို့ရမယ့် ကာလကတ္တားပြတိုက်နဲ့ အခြား အထိမ်းအမှတ်နေရာတွေ၊ မြန်မာ့ အာနဲ့လျှာနဲ့ မစိမ်းလှတဲ့ ဈေးသက်သာတဲ့ အိန္ဒိယရိုးရာ အစားအသောက်တွေလည်း နေရာအနှံ့ရှိတာမို့ သွားရောက် လည်ပတ်လေ့လာဖို့ အကောင်းဆုံး တစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျ။

၎။ Colombia 

ကိုလံဘီယာနိုင်ငံကတော့ စတုတ္ထမြောက် ဈေးအသက်သာဆုံးနိုင်ငံပါတဲ့ခင်ဗျ။ ခင်မင်ရင်းနှီးဖို့လွယ်ကူတဲ့  မြို့ခံပြည်သူုတွေ၊ လူလုပ်ဖန်တီးချက်မပါဘဲ သဘာဝအတိုင်းရှိနေတဲ့ အံ့သြကုန်နိုင်ဖွယ် တောရိုင်းဥယျာဉ်တွေ၊ သန့်ရှင်းလတ်ဆတ်တဲ့လေကို အပြည့်အဝရရှိနိုင်မယ့် ကမ်းခြေတွေ၊ ဒါ့အပြင် ကိုလိုနီခေတ်က စပိန်ယဉ်ကျေးမှုနဲ့အတူ ကိုလိုနီခေတ်အငွေ့အသက်လွှမ်းနေတဲ့ ဗိသုကာအဆောက်အအုံလက်ရာတွေကြောင့် ကိုလံဘီယာနိုင်ငံကတော့ ခရီးသွားချစ်သူတွေရဲ့ စိတ်ကူးထဲက အိပ်မက်မြို့တော်ပါပဲတဲ့။

၅။ Bulgaria

ပဉ္စမြောက်ဖြစ်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံကတော့ ဥရောပတိုက်ရဲ့ ဈေးအသက်သာဆုံးနိုင်ငံလို့တောင် ဆိုလို့ရနိုင်တယ်တဲ့ခင်ဗျ။ ရှေးရှေးရာစုနှစ်တွေက တည်ရှိခဲ့တဲ့ ဆွတ်ပျံ့လွမ်းဆွတ်စရာကောင်းသော မြို့ဟောင်းကြီးတွေ၊ ဝိုင်ချစ်သူတွေအတွက် ထူးခြားပြီး သဘာဝအရာသာကို ပေးစွမ်းနိုင်မယ့် ဝိုင်အမျိုးမျိုး၊ နှစ်သက်စွဲမက်ဖွယ်ကောင်းပြီး ခြေချမိတာနဲ့ မြို့ထဲပြန်မသွားချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ပင်လယ်ကမ်းရိုးတန်းဒေသအလှ၊ လုံးဝကို ပျူပျူငှာငှာရှိလှတဲ့ ဒေသခံလူတွေကြောင့် ကိုလံဘီယာက လည်ပတ်ဖို့အကောင်းဆုံးနိုင်ငံဖြစ်တဲ့အပြင် သတ်မှတ်ချက်စာရင်းအရလည်း ပဉ္စမမြောက် ကမ္ဘာ့ဈေးအသက်သာဆုံးနိုင်ငံဖြစ်တာမို့ ဝန်ဇင်းပရိသတ်ကြီး ဥရောပခရီးထွက်မယ်ဆိုရင် ဒီနိုင်ငံကိုလည်း မချန်ခဲ့ဖို့ မှာလိုက်ပါရစေခင်ဗျ။ 

ကဲ …. ကမ္ဘာပေါ်က လည်ပတ်စရာနိုင်ငံပေါင်းများစွာ ရှိတဲ့အနက် အခုဖော်ပြလိုက်တဲ့ နိုင်ငံ ( ၅ ) ခုကတော့ ခရီးသွားတွေအတွက် ကမ္ဘာ့ဈေးအသက်သာဆုံးနိုင်ငံစာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ဇင်းပရိသတ်တွေထဲက ပြည်ပကိုလည်း ခရီးထွက်ချင်တယ်၊ ငွေကုန်ကြေးကျများမှာစိုးပြီး နိုင်ငံရွေးရခက်နေသူတွေအဖို့ အခုဖော်ပြပါနိုင်ငံတွေက အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်ခင်ဗျ။ 

Ref; www.goatsontheroad.com

ဝန်ဇင်းသတင်းစကား ။      ။ ဝန်ဇင်းခရီးသွားချစ်သူများအတွက် ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို အပတ်စဉ် ကြာသပတေးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်းမှာ Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” မှ ဖော်ပြပေးသွားမို့ Digest ထဲ ဝင်ရောက်ဖတ်ရှု အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ။  
………….
“ဒီပို့်စ်လေးကို ဖတ်ရှုပြီး နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”  “ခရီးသွားချစ်သူတွေ ပြောချင်တဲ့စကားများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts