Kalaw Travel Diary [Travel Article]


ကလော (သို့မဟုတ်) Little England in Myanmar 

ရုံးပိတ်ရက်ရှည်တွေမှာ ခရီးသွားဖို့ စဉ်းစားနေကြတဲ့ ဝန်ဇင်းပရိသတ်တွေအတွက် ၊
ကလော (သို့မဟုတ်) မြန်မာပြည်ရဲ့ Little England လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ 
အေးချမ်းသာယာတဲ့ ထင်းရှုးတောတွေ ဝန်းရံထားတဲ့ ကျွန်တော်တို့ရဲ့ ရှမ်းပြည် (တောင်ပိုင်း) ကို သွားမယ်ဆိုရင်

ခရီးလမ်းကြောင်းတွေက 

ကား > လုမ္ပဏီ ၊ ရွှေတောင်ရိုး ၊ JJ Express ၊ E Lite စတာတွေရှိပါတယ် ။ 
ကားလတ်မှတ်က VIP ဆို - ၁၈၀၀၀ - ၂၂၃၀၀ ကြား ၊ ရိုးရိုးကားဆို - ၁၁၅၀၀ ၊ ၁၂၅၀၀ စသည်ဖြင့် အစားစားပါ ။ ကားစီးချိန်က (၁၀) နာရီဝန်းကျင်ရှိပါတယ် ။ 

ရထား > အသွင်တစ်မျိုးနဲ့ ရထားစီးပြီးကလောသွားမယ်ဆိုရင် ရန်ကုန်ဘူတာကြီးကနေ ရထားက နေ့လည် (၁၁) နာရီမှာထွက်ပါတယ် ။ ရထားစီးချိန်က သာစည်ဘူတာကို မနက် (၂) နာရီမှာ ရောက်ပါတယ် ။ ခဏနားပြီးမှ  သာစည်ဘူတာကနေ ပြန်ထွက် ၊ ကလောဘူတာကို နေ့လည် (၁း၁၅) ဝန်းကျင်မှာရောက်တယ်ဆိုတော့ စုစုပေါင်းရထားစီးချိန်က (၂၆) နာရီနီးပါးလောက်ရှိပါတယ် ။

ဘယ်မှာတည်းမလဲ

ကလောမြို့လေးက အခုဆို နိုင်ငံခြားသားဧည့်သည်တွေကော ၊ ပြည်တွင်းခရီးသွားတွေပါ လာရောက်လည်ပတ်ကြတဲ့ မြို့လေးတစ်မြို့ဖြစ်နေပြီဆိုတော့ ဟိုတယ် ၊ မိုတယ် ကောင်းတွေ ၊ သူငယ်ချင်း ၊ မိသားစု အုပ်စုလိုက်ကြီးတွေ သွားရောက်လည်ပတ်မယ်ဆို လုံးချင်းငှားနေနိုင်တဲ့ အိမ်မျိုးတွေ အများကြီးရှိနေပါပြီ ။ 
ညွှန်းပေးရမယ်ဆိုရင် ကလောမြို့မဈေးနဲ့ အနီးဆုံးလမ်းမကြီးပေါ်မှာ ၊ Winner , Richard Inn တို့ရှိပါတယ် ။ ရေကူးကန်ပါတဲ့ ဟိုတယ်မျိုးကို သဘောကျတယ်ဆိုရင် Famous hotel ရှိပါတယ် ။ Luxury Hotel မျိုး ၊ View လှတဲ့ Hotel မျိုးကို သဘောကျတယ် ဆိုရင် Kalaw Heritage Hotel ၊ Hill Top Villa , Dream Mountain Resort စတာတွေအများကြီးရှိပါတယ် ။ 

အစားအသောက်
ကလောမြို့လေးဟာ ရှေးအဆက်ဆက်က ဂေါ်ရခါးလူမျိုးတွေနေထိုင်ခဲ့ကြတာဖြစ်တဲ့အတွက် အိန္တိယ အစားအသောက်တွေ တော်တော်စားကောင်းပါတယ် ။ ကျွန်တော်တို့ ညစာစားတဲ့နေရာက Everest Nepali မှာပါ ။ Trip Advisor မှာ Award ရထားတဲ့ဆိုင်မို့ Foreigner တွေရော Local တွေပါ ကြိတ်ကြိတ်တိုးပေါ့ ၊ Everest Nepali မှာ ချာပါတီ ၊ ပူရီ ၊ ဒံပေါက် ၊ ထမင်း နဲ့ ဟင်းမျိုးစုံ ၊ မလိုင်လက်ဖက်ရည် ၊ နွားနို့ တော်တော်များများရပါတယ် ။ နောက် Attraction Place တစ်ခုဖြစ်တဲ့ Kalaw View Point မှာ ချာပါတီ နဲ့ ပူရီ စားဖြစ်အောင် စားကြပါလို့မှာချင်ပါတယ် ။ 
မြန်မာစာပဲစားချင်တယ်ဆိုရင် “သုမောင်” မှာစားလို့ရပါတယ် ။ ရှမ်းစာကတော့ မနက်ခင်းမြို့မဈေးမှာကောင်းသလို ၊ “ပြည့်ပြည့်” စားသောက်ဆိုင်မှာလည်းကောင်းပါတယ် ။ 

ဘယ်တွေသွားပြီး ၊ ဘာတွေလုပ်ကြမလဲ ။ 

Trekking > Trekking ကတော့ ကလောသွားရင် မဖြစ်မနေလုပ်ရတဲ့ ၊ လုပ်ကြတဲ့ activites တစ်ခုပါ ။ Day Return Trekking နဲ့ 1 Night Trekking ၊ 2 Night Trekking ဆိုပြီးတော့ Trekking Routes တွေရွေးပြီးသွားလို့ရပါတယ် ။ Trekking Guide ကြေးကတော့ လူအနည်းအများပေါ်မူတည်ပြီး ၂၅၀၀၀ ကနေ စပြီးရှိပါတယ် ။

ကလောမှာ အဓိက သွားစရာနေရာတွေက 

(၁) ကလောနှီးဘုရား
(၂) မြင်းမထိဂူ
(၃) ကလော View Point
(၄) နှစ်ပေါင်း (၁၀၀) ကျော်နေပြီ ဖြစ်တဲ့ ကလောဘူတာ 
(၅) ကလောမြို့မဈေး (ရှမ်းပြည်ရဲ့ ရိုးရာက ငါးရက်တစ်ခါ မြို့တွေကို လှည့်ပြီး ပအို့ဝ်နဲ့ပလောင်လူမျိုးတွေ ဈေးလှည့်ရောင်းကြတာပါ ။ ကလောဈေးကို သွားတဲ့အချိန်မှာ “ဈေးနေ့" ဖြစ်ရင်ပိုကောင်းတာပေါ့ ။ 
(၆) သဲတွင်းကျောင်တောင်    
(၇) အင်းခေါင်းဆည်နှင့် အင်းခေါင်းရေထွက်ပေါက်
စတာတွေပဲ ဖြစ်ပါတယ် ။

 ပျော်ရွှင်ချမ်းမြေ့သော ခရီးစဉ်လေးကို စီစဉ်နိုင်ကြပါစေ ။  

Related Posts