တစ်ပတ်အတွင်း သတင်းထူးများ


မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “တစ်ပတ်အတွင်းသတင်းထူး” ကဏ္ဍမှ ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များနဲ့ သတင်းစာ စာမျက်နှာများပေါ်မှာမှာ Hot ဖြစ်နေတဲ့ သတင်းပါပဲ၊ စာချစ်သူတို့လည်း သိပြီးဖြစ်မှာပါခင်ဗျ။ အဲ့ဒီသတင်းကတော့ ထိုင်းနိုင်ငံမှာ လူငယ် ( ၁၃ ) ယောက်၊ ဂူကြီးတစ်လုံးထဲ ဝင်သွားရာက ပြန်ထွက်လာခြင်းမရှိတော့ဘဲ ယနေ့ချိန်ထိ ပျောက်ဆုံးနေတယ်ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကောလဟလမျိုးစုံ ထွက်နေသလို ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးတွေလုပ်နေပြီး အနောက်နိုင်ငံတွေရဲ့ ကူညီမှုတွေပါ ပါဝင်လာတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီပါဝင်သွားမယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကတင်ပဲ နိုင်ငံတော်သမ္မတရုံးကနေ စာတစ်စောင် ထုတ်ပြန်ခဲ့သေးတယ်။ 

ဖြစ်စဉ်ကတော့ မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ ( မြောက်ပိုင်း )၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်မှာရှိတဲ့ ‘ဒွိုင်းနန်းနွန်းတောင်ခြေ’ အနီးက ဂူအတွင်းကို ဇွန်လ ( ၂၃ ) ရက်နေ့မှာ လူငယ်ဘောလုံးသမား ( ၁၃ ) ဦးဝင်ရောက်သွားပြီး ပြန်ထွက်လာခြင်းမရှိတော့ဘဲ ပိတ်မိနေတဲ့အတွက် နိုင်ငံတော်အဆင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပဲဖြစ်ပြီး တစ်ပတ်ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ မတွေ့သေး။ 

ဒီကိစ္စကို လက်ရှိမှာ အင်္ဂလန်၊ တရုတ်၊ ဂျာမန်၊ ဖိလစ်ပိုင် နဲ့ လာအိုနိုင်ငံ … စုစုပေါင်း ( ၅ ) နိုင်ငံမှ ပညာရှင်တွေပူးပေါင်းပြီး အဆင့်မြင့်နည်းပညာများဖြင့် ရှာဖွေရေးလုပ်နေကြတယ်။ ဂူနံရံတွေကို ထိုးဖောက်မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်သုံး ကိရိယာ “Red Wave Detector Through The Wall of Lecia Scanner P20” ၊ ကျောက်လှိုဏ်ဂူအတွင်း မီတာရာနှင့်ချီပြီး ဆက်သွယ်နိုင်တဲ့ အထူးရေဒီယို ဆက်သွယ်ရေးပစ္စည်းများ ၊ ဂူကြီးထဲမှ ရေများကို စုပ်ထုတ်ဖို့ရာ ပြင်းအားအလွန်ကောင်းတဲ့ ရေစုပ်ထုတ်စက်ကြီးများ ၊ ဂူအနီးတောင်ကြောပတ်လည်ကို ရှာဖွေဖို့ လေဒဏ်ခံနိုင်တဲ့ အထူးရဟတ်ယာဉ်ကြီး အမျိုးအစားများနှင့် ထိုင်းမှ ကွန်မန်ဒိုအထူးတပ်ဖွဲ့များ၊ ရေငုပ်ကျွမ်းကျင်သူများဖြင့် နေ့မနား ညမနား ရှာဖွေရေးလုပ်ငန်းများ အင်တိုက်အားတိုက်လုပ်ဆောင်နေသော်လည်း ယခုထိ တစ်ယောက်မျှ မတွေ့သေးတာမို့ ဒီကိစ္စကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု အလွန်အမင်းမြင့်တက်လျက် ရှိနေပါတယ်။ 

ဂူထဲမှာ ရှာဖွေရေးလုပ်ငန်းလုပ်နေစဉ်အတွင်း မီးကြိုးတွေ ဓာတ်လိုက်ခြင်းဖြစ်ပွားတာကြောင့် တာဝန်ရှိသူတွေ အက်ဆီးဒင့်ကြုံပြီး ဆေးရုံကား ( ၄ ) စီးခန့်ခေါ်၊ အရေးပေါ်ပြေးဆွဲခြင်းလုပ်ရ၊ သေသည်ရှင်သည်မသိရသေးဘဲ ထိခိုက်မှုပြင်းထန်တဲ့အထိ ဖြစ်သွားတဲ့ သတင်းကတော့ မနေ့ကမှ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာပါဝင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူငယ် ( ၁၃ ) ဦးကို သေဆုံးနေလျက် ပြန်လည်တွေ့ရှိတယ်ဆိုတဲ့ သတင်းမှားတွေလည်း ထွက်ပေါ်နေပါတယ်။ 

ကဲ … ဒီတော့ လူငယ် ( ၁၃ ) ဦးရဲ့ ပျောက်ဆုံးမှုက ဘယ်လိုအဆုံးသတ်မလဲ၊ သတင်းများကို ဆက်လက်စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။ 

Photo: AFP / AP 
…………
“ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်”

Related Posts