Weekly Hot News-12


မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ တစ်ပတ်အတွင်းသတင်းထူးများကဏ္ဍမှ သတင်းထူးများကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ ဂွာတီမာလာ၏ ကြီးမားပြင်းထန်သော မီးတောင်ပေါက်ကွဲမှု - ဂွာတီမာလာပြည်ထောင်စုမှာရှိတဲ့ မီးတောင်အများအပြားထဲမှ Fuego မီးတောင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပေါက်ကွဲခဲ့ပါတယ်။ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Fuego မီးတောင်ပေါက်ကွဲမှုဟာ နှစ်ပေါင်းလေးဆယ်အတွင်း ဂွာတီမာလာရဲ့ အကြီးဆုံး မီးတောင်ပေါက်ကွဲမှုလည်းဖြစ်တယ်လို့ သိရပါတယ်။ မီးတောင်ပေါက်ကွဲစဉ်မှာ အမြင့်ပေသုံးသောင်းအထိ ပြာပူတွေကို မှုတ်ထုတ်ခဲ့ပြီး မီးတောင်ကထွက်တဲ့ ပြာပုံနဲ့ရွှံ့တွေက အနီးနားက ရွာတွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ 

လတ်တလောတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၂၀၀ ခန့် ပျောက်ဆုံးနေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ မိုးသည်ထန်တဲ့နေရာမှာ တည်ရှိနေပြီး နောက်ဆက်တွဲ မိုးရွာသွန်းမှုတွေကြောင့် ဒေသအနီးတစ်ဝိုက်မှာ မြေပြိုမှုတွေက ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြသလို မိုးရွာချိန် မီးတောင်မှထွက်လာတဲ့ ရွှံ့စီးဆင်းမှုမှာ ကျောက်ခဲနဲ့အပျက်အဆီးတွေကြောင့် အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဘူမိဗေဒပညာရှင်တွေက ပြောဆိုကြပါတယ်။ လက်ရှိမှာတော့ လူသုံးထောင်ကျော်ဟာ ဘေးကင်းရာကို ပြောင်းရွှေ့နေထိုင်နေရပြီး စစ်သားနဲ့မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

၂။ ဘူးလက်လှဆွေ၏ အကောင့်ပိတ်သိမ်းခံရခြင်း ပြန်ကြားရေးနှင့်မဆိုင် - ဘူးလက်လှဆွေ လို့ အများသိကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်အကောင့်အပါအဝင် အခြားအကောင့်များ အပိတ်ခံရမှုဟာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မသက်ဆိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဟာ မနေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဖေ့ဘွတ်စ်မှ ဒုတိယဥက္ကဋ္ဌတို့အကြား ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး နာမည်ကြီးဖေ့ဘွတ်စ်အကောင့်များ အပိတ်ခံရမှုဟာ ယင်းအစည်းအဝေး၏ တိုက်တွန်းမှုကြောင့်ဆိုသည့် ဝေဖန်ပြောဆိုမှုသတင်းများ ထွက်ပေါ်လာပြီးနောက် ပြန်ကြားဘက်မှ ယခုကဲ့သို့ သတင်းထုတ်ပြန် ရှင်းလင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

၎င်းရှင်းလင်းချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖေ့စ်ဘွတ်မှ Vice President Mr. Simon Milner တို့တွေ့ဆုံမှုသတင်းကို မဟုတ်မမှန် ချဲ့ကားပြီး လုပ်ကြံသတင်းဖြန့်ချိမှုအဖြစ် Excellent News Agency facebook က ရေးသားထားသည်ကို တွေ့ရှိရသည့်အတွက် ယင်းတို့လွှင့်တင်ထားသည့် သတင်းမှားယွင်းကြောင်း ရှင်းလင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းနှင့် တုန့်ပြန်ဖြေရှင်းမှု တစုံတရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မူလတာဝန်များတွင် လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသည်များကို စောင့်ကြည့်လေ့လာခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းတို့ မပါဝင်ကြောင်းနှင့် ဆောင်ရွက်နေမှုလည်း မရှိကြောင်း ဖော်ပြထားပါတယ်။
 
၃။ စာပေဆုရွေးချယ်ရေးအဖွဲ့များမှ စာရေးဆရာမ မစန္ဒာနှုတ်ထွက် - အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ်မှ အမျိုးသားစာပေဆုများရှင် စာရေးဆရာမ (ဆရာမ) မစန္ဒာ နှုတ်ထွက်သွားခဲ့ပါတယ်။ “ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်လက်ထက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မြန်မာ့အစဉ်အလာရိုးရာကဗျာ ( ဂန္ထဝင်ကဗျာ ) ကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေသည်ဟု သမိုင်းတွင်တော့မည် ဖြစ်ပါသည်” လို့ ဆရာမ မစန္ဒာရဲ့ နှုတ်ထွက်စာထဲမှာ ရေးသားထားပါတယ်။ 

အဓိကအကြောင်းအရင်းကတော့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ စာပေညီလာခံမှာ အမျိုးသားစာပေဆု ( ကဗျာဆု ) ကို ဂန္ထဝင်ကဗျာတစ်ဆု၊ ခေတ်ပေါ်ကဗျာတစ်ဆု ဟူ၍ ဆုနှစ်ဆုပေးဖို့ မဲခွဲဆုံးဖြတ်ရာမှာ နှစ်မျိုးနှစ်ဆုပေးဖို့ဘက်မှ အနိုင်ရခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိဘဲ ထပ်မံမဲခွဲစေခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 
.......
…….
“ဝန်ဇင်းပရိတ်သတ်ကြီးအနေနဲ့ ဒီသတင်းလေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် ပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကိုအားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ပြောပြလိုတဲ့ သတင်းများကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts