Weekly Hot News-5


တစ်ပတ်အတွင်းသတင်းထူးများ 

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …
ဒီတစ်ပတ်အတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ တစ်ပတ်အတွင်းသတင်းထူးများကဏ္ဍကနေ တင်ဆက်မယ့် သတင်းတွေကတော့ အယ်လ်ဂျီးရီးယား စစ်လေယာဉ်ပျက်ကျလို့ လူ ၂၀၀ ကျော် သေဆုံးရတဲ့သတင်း၊ Facebook တည်ထောင်သူ ဇူကာဘတ်တစ်ယောက် အမှုရင်ဆိုင်နေရတဲ့သတင်းနဲ့ မြောင်းမြကြိုးတံတား ကျိုးကျမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တဲ့ သတင်းတို့ပဲ ဖြစ်ပါတယ်။

( ၁ ) ဦးစွာ နိုင်ငံတကာသတင်းအနေနဲ့ တင်ဆက်ပေးလိုတာကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အယ်လ်ဂျီးရီးယားနိုင်ငံမှာ စစ်တပ်သုံးလေယာဉ်ပျံတစ်စင်း ပျက်ကျလို့ ယာဉ်ပေါ်လိုက်ပါလာခဲ့ကြတဲ့ လူပေါင်း ( ၂၅၇ ) ယောက် သေဆုံးခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ အယ်လ်ဂျီးရီးရားရဲ့ အနောက်မှာရှိတဲ့ ဘူဖာရိခ်ဆိုတဲ့ ခေတပ်စခန်းကနေ အယ်လ်ဂျီးရီးရားနဲ့ မြို့တော်ဘလီဒါအကြား ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။ 

လေယာဉ်ပျက်ကျမှုမှာ ပါဝင်တဲ့ သေဆုံးသူအများစုကတော့ အယ်လ်ဂျီးရီးယား စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့ တပ်မိသားစုဝင်တွေဖြစ်ပြီး လတ်တလောမှာတော့ ရှင်သန်သူဦးရေကို သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီလေယာဉ်ပျက်ကျမှုဟာ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ လေကြောင်းသမိုင်းမှာ အဆိုးရွားဆုံး အဖြစ်အပျက်ပဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက လူပေါင်း ( ၂၉၈ ) ဦးသေဆုံးခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်းက MH 17 လေယာဉ် ပျက်ကျမှုပြီးရင် အသက်ဆုံးရှုံးရမှု အများဆုံးလည်းဖြစ်ပါတယ်။ 

( ၂ ) ဒုတိယတင်ဆက်မယ့် သတင်းကတော့ အချက်အလက်သိမ်းဆည်း သိုမှီးတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Cambridge Analytical ကုမ္ပဏီဟာ Facebook အသုံးပြုသူ ၈၇ သန်းကျော်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးပြုတယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်အမှုကြောင့် Facebook တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မတ်ခ်ဇူကာဘတ်ဟာ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းပါပဲ။ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရန့်အနိုင်ရဖို့ Facebook အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာယကံရှင်မသိအောင် ယူခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာပြီးနောက် ဇူကာဘတ်အနေနဲ့ ယခုလို တရားရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပေါက်ကြားခဲ့တာဟာ သူ့တာဝန်ဖြစ်တယ်လို့ မစ္စတာဇူကာဘတ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကြားနာစစ်ဆေးပွဲမှာ တောင်းပန်ထွက်ဆိုခဲ့ပါတယ်။ ဒီကြားနာပွဲမှာဆိုရင် မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ အမုန်းတရားလှုံ့ဆော်တဲ့ သွေးထိုးစကားတွေ ပြန့်ပွားမှုအပေါ် ဇူကာဘတ်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး မြန်မာစကားကို နားလည်ကျွမ်းကျင်တဲ့ စောင့်ကြည့်သူတွေကို ဒါဇင်နဲ့ချီပြီး ကုမ္ပဏီကနေ ထပ်မံငှားရမ်းအလုပ်ခန့်သွားမယ်လို့ ဇူကာဘတ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီ့အပြင် လက်ရှိမှာလည်း အမုန်းစကားဖြန့်ချီသူတွေကို သိနိုင်ဖို့ မြန်မာနိုင်ငံထဲက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် အနာဂတ်မှာ ဒီလိုကိစ္စမျိုးကို ကြိုတင်ဟန့်တားနိုင်တဲ့ နည်းပညာဆိုင်ရာ ပြောင်းလဲပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖြေကြားသွားခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီဖြစ်စဉ်ကြောင့် Facebook ရဲ့ ရှယ်ယာတွေဟာ နယူးယောက်မှာဆိုရင် ၆.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ လတန်ဖိုးဟာလည်း ဒေါ်၃၇ ဘီလီယံထိ ကျဆင်းသွားခဲ့ပါတယ်။

( ၃ ) နောက်ဆုံး ပြည်တွင်းသတင်းအနေနဲ့ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြောင်းမြကြိုးတံတား ကျိုးကျမှုကြောင့် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တဲ့ သတင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကျိုးကျပျက်စီးသွားရတဲ့ ကြိုးတံတားဘေးမှာ လက်ရှိတည်ဆောက်နေတဲ့ တံတားအသစ်နဲ့ ပတ်သက်ပြီး အရည်အသွေးပြည့်မီမှု၊ အာမခံချက်ရှိမှုတို့အပေါ် ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့နဲ့ အရည်အသွေးစစ်ဆေးရေးအဖွဲ့နဲ့ ဆောင်ရွက်သွားဖို့၊ ဒီ့အပြင် တစ်နိုင်ငံလုံးမှာ ကျန်ရှိနေတဲ့ ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနဲ့ အရည်အသွေးစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ဖြင့် မော်တော်ယာဉ်တင်ဆောင်ပေးမယ့် ဇက်ရေယာဉ် ၃ စင်း၊ ခရီးသည်တွေ သွားရေးလာရေးအတွက် နှစ်ထပ်ရေယာဉ်များဖြင့် စနစ်တကျ သတ်မှတ်ပြေးဆွဲရန်၊ လပွတ္တာပြည်သူတွေအနေနဲ့ မြောင်းမြမြို့ကို ဖြတ်သန်းဖို့မလိုဘဲ ပုသိမ်မြို့ကို တိုက်ရိုက်သွားနိုင်မယ့် လပွတ္တာ-ငပုတော-ပုသိမ်လမ်းကို လာမယ့် နှစ်ပတ်အတွင်း အမြန်ဆုံးအကောင်အထည်ဖော် ပြင်ဆင်သွားဖို့ကိုလည်း ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီတစ်ပတ်အတွက် သတင်းထူးများတင်ဆက်မှုကို ပြီးဆုံးပါပြီ။ ဝန်ဇင်းပရိသတ်ကြီး နှစ်သစ်ကူးသင်္ကြန်ကာမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ။ 

Related Posts