Weekly Hot News-11


မြန်မာအသံတိတ်ရုပ်ရှင် မြဂနိုင်နှင့် ရှေးဟောင်း အာနန္ဒာကျောက်စာတို့ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ပြီ

မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာမှာ ကျွန်တော်တို့ Wun Zinn Digest ရဲ့ တစ်ပတ်အတွင်းသတင်းထူးကဏ္ဍမှ ဖော်ပြပေးသွားမယ့် သတင်းထူးတစ်ပုဒ်ကတော့ မြန်မာ့အသံတိတ်ရုပ်ရှင် ‘မြဂနိုင်’ နှင့် ရှေးဟောင်း အာနန္ဒာကျောက်စာတို့ကို ယူနက်စကို အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်းပါပဲ။ 

လတ်တလောအတွင်း ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ Memory of the World Committee for Asia and the Pacific အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်များ တင်ပြခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာပင် ယူနက်စကို ကုလသမဂ္ဂပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာပါ။ 

၁၉၃၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘မြဂနိုင်’ ဟာ အသံတိတ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ အေဝမ်းဦးတင်မောင်က ရိုက်ကူးပြီး ရုပ်ရှင်မင်းသမီး မြင့်မြင့်၊ မင်းသားချစ်ဆွေနဲ့ မင်းသားဦးဘစောကြီးတို့က အဓိက သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပြသချိန် တစ်နာရီခွဲကျော်ကြာမြင့်ပြီး အဖြူအမည်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ် မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းအာနန္ဒာစန္ဒြားကျောက်စာကတော့ သက္ကတဘာသာအပါအဝင် အိန္ဒိယတိုင်းက ဆင်းသက်လာတဲ့ အခြားဘာသာစကား ၃ မျိုးပါ ရေးထိုးထားတယ်လို့ သိရပါတယ်။ ခုနှစ်ကတော့ ဘီစီအစောပိုင်းမှ အေဒီ ၈ ရာစုအတွင်း ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

“ယူနက်စကိုစာရင်းဝင်ဖို့ တင်ထားတာ တစ်နှစ်ရှိပြီ။ အခုမှ ယူနက်စကိုရဲ့ မှတ်တမ်းအမွေအနှစ်အဖြစ် အာရှ ပစိဖိတ်ဒေသအဆင့်မှတ်တမ်းဝင်သွားတာပါ” လို့ ယူနက်စကို မြန်မာအမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်က ပြောပြခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 
…….
“ဝန်ဇင်းပရိတ်သတ်ကြီးအနေနဲ့ ဒီသတင်းလေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် ပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကိုအားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ပြောပြလိုတဲ့ သတင်းများကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts