Weekly Hot News-6


တစ်ပတ်အတွင်းသတင်းထူးများ 

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာနံနက်ခင်းပါခင်ဗျာ …

ယနေ့မှာ ဝန်ဇင်းပရိသတ်ကြီးအတွက် တစ်ပတ်အတွင်း သတင်းထူးများအဖြစ် တင်ဆက်ပေးမှာတွေကတော့ ပြည်တွင်းသတင်းအနေနဲ့ နိင်ငံတော်သမ္မတအိမ်တော်မှာ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲကျင်းပတဲ့သတင်း၊ 
နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာကို ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမယ်ဆိုတဲ့သတင်း၊ ပြည်ပသတင်းတွေအဖြစ် တရုတ်မှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၁ဒသမ ၆သန်း သေဆုံးနိုင်ဖွယ်ရှိတဲ့သတင်း နဲ့ နိုင်ငံတကာမှာရေပန်းစားလူကြိုက်များတဲ့ ဆွီဒင်လူမျိုး DJ Avicii ရုတ်တရတ်သေဆုံးသွားတယ်ဆိုတဲ့ သတင်းတို့ပဲ ဖြစ်ပါတယ်ခင်ဗျ။

ဦးစွာ ပြည်တွင်းသတင်းအနေနဲ့ တင်ဆက်ပေးမှာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ( နှစ်ဆန်းတစ်ရက်နေ့ ) မှာ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့တဲ့ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ သတင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အဆိုပါ ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို မြန်မာနိုင်ငံရဲ့ ထေရ်ကြီးဝါကြီး မထေရ်မြတ်တွေဖြစ်ကြတဲ့ နိုင်ငံတော်သြ၀ါဒါစရိယပျဉ်မနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရ အမှူးပြုတဲ့ ဆရာတော်သံဃာတော်တွေ ကြွရောက်ခဲ့ကြပါတယ်။ မြန်မာ့နှစ်သစ်မင်္ဂလာအချိန်မှာ မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံး ဘေးအန္တရာယ် ကင်းဝေးစေဖို့နဲ့ ကျက်သရေမင်္ဂလာပြည့်စုံစေဖို့ ရည်ရွယ်ကာ အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ ကျင်းပကြတာဖြစ်ပြီး နိုင်ငံတော်သမ္မတဦးဝင်မြင့်နဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုတိယသမ္မတ၊ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ အခြား သက်ဆိုင်ရာ အစိုးရဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒုတိယ ဆက်လက်တင်ဆက်ပေးမှာကတော့ နိုင်ငံ့ဝန်ထမ်းလစာကို ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်သတ်မှတ်ပေးသွားမယ်ဆိုတဲ့ သတင်းပါပဲ။ ဒီစကားကို နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ လက်ရှိမှာ ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် အဆိုပါ လုပ်ခလစာနဲ့ လိုက်လျောညီထွေဖြစ်ဖို့ နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာကိုလည်း ခုလို တိုးမြှင့်သတ်မှတ်ဖို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။  “အလုပ်သမားတစ်ဦးရဲ့တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄,၈၀၀ နှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၃၈,၀၀၀ အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ကျပ် ၅၀၀,၀၀၀ မှ ကျပ် ၅၅၀,၀၀၀ သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။” လို့ သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။  ဒီ့အပြင် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကဏ္ဍမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေရဲ့ နေစရာအခက်အခဲတွေကိုလည်း ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။ 

ပြည်ပသတင်းအနေနဲ့ ဖော်ပြလိုတာကတော့ လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံမှာ နှစ်စဉ် လူဦးရေ ၁ ဒသမ ၆ သန်း အထိ သေဆုံးနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းပါပဲ။ တရုတ်နိုင်ငံမှာ မီးခိုးမြူပမာဏကို လျှော့ချထားနိုင်ခဲ့ပေမယ့်လည်း လူဦးရေသန်းပေါင်းများစွာတို့မှာ အဲ့ဒီဖြစ်စဉ်ကြောင့် ကျန်းမာရေးထိခိုက်ခဲ့ရပြီး လေထုညစ်ညမ်းမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းဟာ မသေဆုံးသင့်ဘဲ သေဆုံးရနိုင်ခြေရှိတယ်လို့ အမေရိကန်အခြေစိုက် သုတေသနကုမ္ပဏီဖြစ်တဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှု အင်စတီကျု အစီရင်ခံစာ ( HEI ) မှာ ဖော်ပြထားတာပါ။ အဆိုပါအစီရင်ခံစာရဲ့ ဖော်ပြချက်တွေအရ တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များပြားလာခြင်းနဲ့ ပျှမ်းမျှလေထုအရည်အသွေးဟာ တရုတ်အစိုးရသတ်မှတ်ထားတဲ့ စံနှုန်းကို ပြည့်မီမှုမရှိခြင်းတို့ကြောင့် အချိန်မတိုင်မီ သေဆုံးသူဦးရေ များလာမှာဖြစ်တယ်လို့ သိရပါတယ်။ 

နောက်ဆုံး ပြည်ပသတင်းအနေနဲ့ ဖော်ပြလိုတာကတော့ နိုင်ငံတကာမှာ ရေပန်စားလူကြိုများတဲ့ ဆွီဒင်လူမျိုး Dj Avicii ဟာ ဧပြီလ (၂၀)ရက်နေ့မှာ Omen နိုင်ငံမှာ သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဘာအကြောင်းအကြောင့် သူသေဆုံးခဲ့ရတယ်ဆိုတာကို သတင်းမီဒီယာတွေ ထုတ်ပြန်ထားခြင်းမရှိသလို ၊ မေးမြန်းခြင်းမပြုလုပ်ကြဖို့ မိသားစုက မေတ္တာရပ်ခံထားပါတယ် ။ သူဟာ သေဆုံးချိန်မှာ အသက် (၂၈) နှစ်သာရှိသေးပါတယ်။ Electronic Dance Movement လောကရဲ့ ရှေ့ဆောင်တီထွင်သူတစ်ဦးဖြစ်လည်းဖြစ်ပြီး ၊ ထူးခြားဆန်းသစ်တဲ့ တီးလုံးတွေကို တီထွင်နိုင်ခဲ့တဲ့ Dj တစ်ဦးလည်းဖြစ်ပါတယ် ။ သူဟာ မသေဆုံးမှီအထိ MTV Music Awards ကို နှစ်ကြိမ်တိုင်ရရှိခဲ့ပါတယ် ။ Billboard Music Award ကိုလည်း ရရှိခဲ့ပြီး  Grammy ဆုပေးပွဲ စကာတင်စာရင်းကို နှစ်ကြိမ်တိုင် စာရင်းဝင်ခဲ့သူတစ်ဦးပါ ။ 

ကဲ ဒီနေ့အတွက် Weekly Hot News သတင်းတွေကတော့ ဒီလောက်ပါပဲ ခင်ဗျာ ။ 
ဝန်ဇင်းပရိတ်သတ်ကြီး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်မေတ္တာပို့သအပ်လိုက်ရပါတယ်ခင်ဗျာ … 

Related Posts