Weekly Hot News-15


“စာချစ်သူများ သိထားသင့်စရာ သတင်းသုံးပုဒ်”

မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မနက်အတွက် Wun Zinn Digest မှ တင်ဆက်ပေးသွားမှာကတော့ “ဝန်ဇင်းသတင်းလွှာ” ( Wun Zinn Newsletter ) ပဲ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း သိသင့်သိမှတ်ဖွယ် သတင်းထူး ၊ သတင်းကောင်းများကို စုစည်း တင်ပြပေးတာပဲ ဖြစ်ပါတယ်ခင်ဗျ။ စာချစ်သူများအတွက် ဖော်ပြပေးမယ့် ယခုတစ်ပတ်အတွင်း သတင်းများကတော့ -

သတင်း ၁။ ပဲခူးမြစ်ရေကြီးမှု / ဘီးလင်းရေကြီးမှု - ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးရေမြင့်တက်လာပြီး ဒေသခံပြည်သူများမှာ ရေဘေးဒုက္ခကို ဆိုးရွားစွာ ရင်ဆိုင်ရလျက်ရှိသည်။ အဆိုပါ ပဲခူးရေမြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ( ၂၀ ) ခုအထိ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခရင်ဆိုင်နေရသည့် အိမ်ထောင်စု ( ၂,၅၀၀ ) ခန့်မှ လူဦးရေ ( ၁၅,၀၀၀ ) ခန့်မှာ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။ 

လက်ရှိတွင်လည်း ပဲခူးမြစ်ရေမှာ မိုးရွာသွန်းမှုများကြောင့် ဆက်လက်မြင့်တက်နေပြီး ဇူလိုင်လ ၂၇ ရက်၊ နံနက် ( ၉ ) နာရီခွဲအချိန်ထိ တိုင်းထွာချက်များအရ မိုးရေချိန်မှာ ၉၄၉ စင်တီမီတာသို့ ရောက်ရှိနေကြာင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

ထို့ပြင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း ဇွန်လ ၂၆ ရက်နေ့ ညမှစတင်၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းမှာ ရေဖုံးလွှမ်းလျက်ရှိသည့်အပြင် အဝေးပြေးလမ်းမ၌ ( ၄ ) မိုင်ခန့် ကားတန်းအရှည်ထိ ကားများပိတ်လျက်ရှိသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်တစ်ခုလုံး ရေဖုံးလွှမ်းလျက်ရှိပြီး ရေဘေးဒုက္ခသည် တစ်သောင်းနီးပါးကိုး ဒုက္ခသည် ကယ်ဆယ်ရေးစခန်း ( ၆ ) ခုဖွင့်ပြီး ကယ်ဆယ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြန်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။ 

သတင်း ၂။ ဇူကာဘတ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၈ ဘီလျံကျော် ဆုံးရှုံး - ဇူကာဘတ်အနေဖြင့် ၄င်းတို့၏ Facebook မှ ရရှိလာမည့် အမြတ်ခန့်မှန်းချက်ကို လျှော့ချခဲ့ကြောင်း ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် Facebook ၏ ရှယ်ယာများသည် တစ်ရက်အတွင်း အများဆုံး ဆုံးရှုံးမှုနှင့် ကြုံခဲ့ရသည်။ ထို့နောက် အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်၏ ပိုင်ဆိုင်မှုအနက် ဒေါ်လာ ၁၅ ဘီလျံကျော်မှာလည်း ဆုံးရှုံးသွားခဲ့ရသည်။ 

ပုဂ္ဂိကလုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ၊ ကမ္ဘာ့သတင်းစီးဆင်းမှုနှင့် Facebook ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် Facebook ၏ စီးပွားရေးပုံစံသည် ခြိမ်းခြောက်ခံရနိုင်ကြောင်း လေ့လာသုံးသပ်သူများ၏ သတိပေးထားမှုများ ရှိသည်။ ဇူလိုင် ၂၆ ရက်နေ့က ဈေးကွက်အပိတ်တွင် Facebook ရှယ်ယာတန်ဖိုးသည် ၁၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ၁၇၆ ဒသမ ၂၆ ဒေါ်လာ ဈေးရှိခဲ့သည်။ 

သတင်း ၃။ မားစ်ပေါ်မှ မြေအောက်ရေအိုင် - မားစ်လို့ ခေါ်ဆိုကြသော အင်္ဂါဂြိုဟ်ပေါ်၌ ရေရှိနေသည့် သက်သေအထောက်အထားများကို သိပ္ပံပညာရှင်များ တွေ့ရှိလာပြီဟု သိရသည်။ အရည်ပုံစံ အခြေအနေမျိုး၌ ရှိနေသည့် ရေအိုင်တစ်ခုမှာ မားစ်ပေါ်တွင် တည်ရှိနေကြောင်း သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ အီတလီ အာကသအေဂျင်စီအဖွဲ့မှ သိပ္ပံပညာရှင်များက မားစ်အိတ်ဇ်ပရက်စ်ဆိုသည့် ဂြိုဟ်တုမှ ရိုက်ကူးပေးပို့လာသော ဓာတ်ပုံများကို ဆန်းစစ်ခဲ့ကြပြီး အဆိုပါ အင်္ဂါဂြိုဟ်၏ ရေခဲဝင်ရိုးစွန်းနေရာကို ရိုက်ကူးထားသည့် ပုံများအရ ၄င်း ရေခဲမျက်နှာပြင်အောက်တွင် အရှည် ၁၂ မိုင်ခွဲနီးပါးရှိသည့် ရေအိုင်ရှိနေကြောင်း ပြောဆိုခြင်း ဖြစ်သည်။ 

“လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၃ ထောင်လောက်က အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေနဲ့ပြည့်နေရာက အကြောင်းတစ်စုံတစ်ရာကြောင့် အင်္ဂါဂြိုဟ်ရဲ့ လေထုနဲ့ ရေ ကွယ်ပျောက်သွားခဲ့တယ်။ ရေခဲအဖြစ် ရှိနေသေးတာတော့ တွေ့လာရပြီး အခုလို မြေအောက် ရေအိုင်ကိုပါ တွေ့လာရတော့ အင်မတန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တွေ့ရှိချက်ဖြစ်တယ်” ဟု အီတလီ အာကသအေဂျင်စီအဖွဲ့၏ အကြီးအကဲ ရိဘတ်တို ဘတစ်တန်က ပြောသည်။ 

Ref; Myanmar Pressphoto Agency, Popular News, Eleven News, BBC Burmese

…………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts