Weekly Hot News-5


တစ်ပတ်အတွင်း သတင်းထူးများ 

ဝန်ဇင်းပရိသတ်ကြီးအတွက် တစ်ပတ်အတွင်းသတင်းထူးတွေအဖြစ် တောင်ကိုရီးယားသမ္မတဟောင်း ထောင်ဒဏ်ချမှတ်ခံရတဲ့သတင်း၊ Grab နဲ့ Uber တို့ပူးပေါင်းတာဟာ ဥပဒေချိုးဖောက်တယ်လို့ဆိုတဲ့ကိစ္စ၊ Apple ကိုယ်တိုင် Mac chip တွေထုတ်မယ်ဆိုတာကြောင့် Intel ရဲ့ စတော့ရှယ်ယာတန်ဖိုးတွေ ကျဆင်းတဲ့သတင်း နဲ့ ဧရာဝတီတိုင်းက မြောင်းမြတံတားကျိုးကျတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ 

( ၁ ) ဦးစွာ နိုင်ငံတကာသတင်းအနေနဲ့ တင်ဆက်မှာကတော့ တောင်ကိုရီးယားသမ္မတဟောင်း Park Geun - Hey ကို အကျင့်ပျက်ချစားမှုနဲ့ မနေ့က ဆိုးလ်မြို့၊ ဗဟိုတရားရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်တဲ့ သတင်းပါ။ သူမကို ရာထူးအာဏာ အလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှုပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး စီရင်ချက်ချမှတ်ရာမှာ ထောင်ဒဏ် ၂၄ နှစ်အပြင် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁၆ ဒဿမ ၉ သန်းကိုပါ တွဲလျက် ကျခံစေခဲ့တာ ဖြစ်ပါတယ်။ 
တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ ပက်ဟာ ၂၀၁၃ ခုနှစ်မှာ စတင် အာဏာရခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ သူမ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု အပါအဝင် ပြစ်မှုအများအပြား ကျူးလွန်ထားတယ်ဆိုပြီး တရားစွဲဆိုခံရကာ ဆယ်လကျော်ကြာ တရားရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ပြစ်မှုထင်ရှားတဲ့အတွက် အခုလို ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

( ၂ ) ဒုတိယတင်ဆက်မှာကတော့ စီးပွားရေးဆိုင်ရာ သတင်းပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းမှာ Grab နဲ့ Uber တို့အကြား လုပ်ငန်းချင်း ပေါင်းစည်းလိုက်တဲ့ကိစ္စဟာ နိုင်ငံရဲ့ ဈေးကွက်ယှဉ်ပြိုင်မှု အက်ဥပဒေကို ချိုးဖောက်ရာရောက်နေနိုင်တဲ့ ခိုင်မာတဲ့ အထောက်အထားကို ရရှိထားပြီဖြစ်တယ်လို့ စင်္ကာပူ ဈေးကွက်ယှဉ်ပြိုင်မှု အားပေးရေးကော်မရှင် ( CCS ) က သတင်းထုတ်ပြန်လိုက်တာပါ။ 
လုပ်ငန်းပေါင်းစည်းမှုကိစ္စကို ဆိုင်ရာ ကုမ္ပဏီနှစ်ခုလုံးက CCS ကို အကြောင်းကြား အသိပေးခြင်းမရှိခဲ့ကြောင်းနဲ့ လက်ရှိ Uber ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းတွေကို Grab က လွှဲပြောင်းဝယ်ယူထားမှုအပေါ် စတင်စုံစမ်းနေပြီဖြစ်တယ်လို့ CCS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

( ၃ ) ပြည်တွင်းသတင်းအနေနဲ့ တင်ဆက်လိုတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့အနီးက လပ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောက်ကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်ကို ဖြတ်ကူးတည်ဆောက်ထားတဲ့ မြောင်းမြမြို့အဝင် ကြိုးတံတား ပျက်ကျတဲ့သတင်းပါပဲ။ 
ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ပြီး နှစ်ပတ်ကျော်အကြာ၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁ နာရီ မိနစ် ၄၀ ကျော်အချိန်မှာတော့ သက်တမ်းကျော်လွန်နေတဲ့ မြောင်းမြကြိုးတံတားဟာ ပြိုပျက်ကျမှုဖြစ်ပွာပြီး ဖြတ်သန်းမောင်းနှင်လာတဲ့ ယာဉ်တစ်စီးပြုတ်ကျပြီး ယာဉ်နဲ့အတူပါလာတဲ့ လူနှစ်ဦးမှာ သေဆုံးခဲ့ရပါတယ်။ 
ဒီကြိုးတံတားကို တရုတ်နိုင်ငံမှ အင်ဂျင်နီယာတွေနဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့ ပူးပေါင်းပြီး ၁၉၉၄ ခုနှစ်၊ မတ်လ ၁ ရက်မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၇၆ သန်း ကုန်ကျခဲ့ပြီး နည်းပညာတွက်ချက်မှုတွေအရ တံတားကြံ့ခိုင်မှုသက်တမ်းဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်အထိဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ 

( ၄ ) နောက်ဆုံးတင်ဆက်မယ့် နည်းပညာဆိုင်ရာ သတင်းကတော့ Apple က Mac chips တွေကို ကိုယ်တိုင်ထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာမှုကြောင့် Intel ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုးတွေ ကျဆင်းကုန်တဲ့ အကြောင်းပါပဲ။ 
လာမယ့် ၂၀၂၀ ခုနှစ်မှာ Apple Devices တွေ အားလုံးကို နည်းပညာလုပ်ဆောင်မှုအပိုင်း တစ်ပုံတည်းဖြစ်အောင် ရည်ရွယ်ပြီး အနာဂတ် Mac ကွန်ပျူတာတွေအတွက် ကိုယ်ပိုင် Processors တွေကို Apple ကုမ္ပဏီက ထုတ်လုပ်ဖို့ စီစဉ်နေပြီဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့နောက်မှာတော့ Intel ရဲ့ ရှယ်ယာတန်ဖိုးဟာ ဧပြီလ ၂ ရက်နေ့မှာ ၈ ရာခိုင်နှုန်းကျော်အထိ ရှယ်ယာဈေး ထိုးကျသွားခဲ့တာပါ။ 
၂၀၀၆ ခုနှစ်ကစပြီး Apple အနေနဲ့ ၄င်းတို့ရဲ့ Macs တွေမှာ Intel Processors တွေကို အသုံးပြုခဲ့တာဖြစ်ပြီး Intel က သူတို့ရဲ့ Chips တွေကို Apple ဆီ ရောင်းချခဲ့တာဖြစ်ပါတယ်။ Intel အနေနဲ့ လုပ်ငန်းဝင်ငွေအများစုကို PC ကွန်ပြူတာတွေအတွက် Processors တွေရောင်းပြီး ရှာဖွေနေရတာဖြစ်လို့ Apple ရဲ့သတင်းသာ အမှန်ဖြစ်မယ်ဆိုရင် Intel ရဲ့ အနာဂတ်ဈေးကွက်အတွက် စိုးရိမ်စရာကောင်းနေပါတယ်။ 

Related Posts