Weekly Hot News-8


ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျ …

ဒီနေံ့နက်ခင်းမှာတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ တစ်ပတ်အတွင်း သတင်းထူးများကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် စိတ်ဝင်စားဖွယ် သတင်းကောင်းတွေ ရှိနေပါတယ်ခင်ဗျ။ အဲ့ဒီသတင်းတွေကတော့ လက်ရှိအသုံးပြုနေတဲ့ Google Assistant မှာ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့သတင်း၊ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်မယ့်အကြောင်းနဲ့ Grab အက်ပလီကေးရှင်းထဲမှာ Entrances ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို အသုံးပြုလို့ရပြီဖြစ်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ ) နည်းပညာဆိုင်ရာ သတင်းအဖြစ် ဦးစွာမိတ်ဆက်ပေးမယ့် အကြောင်းအရာကတော့ လက်ရှိအသုံးပြုနေကြတဲ့ Google Assistant ထဲမှာ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို google က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သရုပ်ပြဗီဒီယိုနဲ့အတူ မိတ်ဆက်ပြသသွားခဲ့တဲ့သတင်းပါပဲ။ အဲ့ဒီလုပ်ဆောင်ချက်ကတော့ google assistant ဟာ ဉာဏ်ရည်တု ( AI ) နည်းပညာစနစ်ကို အသုံးပြုပြီး အခြားသူတွေကို တုံ့ပြန်စကားပြောဆိုနိုင်တာပဲ ဖြစ်ပါတယ်။ Google ရဲ့ သရုပ်ပြဗီဒီယိုထဲမှာတော့ assistant ဟာ ဆံပင်ညှပ်ဆိုင်တစ်ခုကို ကြိုတင်စာရင်းသွင်းမှုပြုလုပ်ဖို့ ဖုန်းဆက်နေတာဖြစ်ပြီး စကား အဖြတ်အတောက်မှန်မှန်ဖြင့် တစ်ဖက်က ဖုန်းလက်ခံပြောသူရဲ့ မေးမြန်းမှုတွေကို စနစ်တကျ ပြန်ဖြေနိုင်တာကို တွေ့ရပါတယ်။ 

ဖုန်းလက်ခံပြောသူကတော့ သူပြောနေတာ လူတစ်ဦးနဲ့ဖုန်းပြောနေတာ မဟုတ်ဘဲ ဉာဏ်ရည်တုစနစ်နဲ့ ဖုန်းပြောနေတယ်ဆိုတာ သိရှိပုံမရပါဘူး။ “ကျွန်တော်တို့နည်းပညာက အလုပ်နဲ့ပတ်သက်တဲ့ အချိန်ဇယားတွေ၊ အစည်းအဝေးချိန်းဆိုမှုတွေ စတဲ့ တိကျတဲ့ လုပ်ငန်းဆောင်တာတွေထိ ဖြေရှင်းသွားနိုင်ဖို့ ဦးတည်လုပ်ဆောင်နေတာပါ။ ဒီလိုကိစ္စတွေမှာ လူတစ်ယောက်နဲ့တူတောင် အနီးစပ်ဆုံး စကားပြောဆိုသွားနိုင်ဖို့ ဉာဏ်ရည်တုစနစ်က ဆောင်ရွက်လာနိုင်ပါလိမ့်မယ်” လို့ Google ရဲ့ CEO ဖြစ်သူက ပြောကြားခဲ့ပါတယ်။ 

( ၂ ) ဒုတိယတင်ဆက်ပေးမယ့် သတင်းကတော့ နိုင်ငံတကာသတင်းဖြစ်တဲ့ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကနေ  အမေရိကန် နုတ်ထွက်မယ်ဆိုတဲ့ သတင်းပါပဲ။ ကုလသမဂ္ဂလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နိုင်ငံ၊ EU - ဥရောပသမဂ္ဂ၊ ဂျာမနီနိုင်ငံတို့နဲ့ အီရန်နိုင်ငံကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန် Nuclear သဘောတူညီချက် ( JCPOA ) ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာခဲ့တာပါ။ 

ဒီလိုသဘောတူညီချက်ဟာ အီရန်ရဲ့ Nuclear ဗုံးထုတ်လုပ်နေတာကို တားဆီးနိုင်ခြင်းမရှိဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ အီရန်အပေါ် ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။ အမေရိကန်အနေနဲ့ ခုလို နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် အီရန်နိုင်ငံကတော့ သဘာတူညီချက်ထဲမှာ ဆက်လက်ပါဝင်နေမှာဖြစ်ပြီး ကျန်ရှိတဲ့နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ Hassan Rouhani က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

( ၃ ) နောက်ဆုံးတင်ဆက်မယ့် သတင်းကတော့ Grab အက်ပလီကေးရှင်းထဲမှာ Entrances လုပ်ဆောင်ချက်အသစ်ကို အသုံးပြုလို့ရပြီဆိုတဲ့ သတင်းပါပဲ။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရဲ့ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနဲ့ မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab ဟာ Entrances အမည်ရှိတဲ့ လုပ်ဆောင်ချက်အသစ်ကို သူ့ရဲ့ app ထဲမှာ  စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီလုပ်ဆောင်ချက်အသစ်ဟာ အရင်လိုမျိုး ခရီးသည်တွေအနေနဲ့ မိမိကို လာကြိုရမယ့်နေရာကို ယာဉ်မောင်းထံဖုန်းဆက် ပြောဆိုရမှာတွေ၊ Notes ရေးမှတ်ရမှာတွေ မလိုအပ်တော့ပါဘူး။

လုပ်ဆောင်ချက်အသစ်မှာ ပါဝင်လာတဲ့ စနစ်အရ Grab ငှားရမ်းမယ်ဆိုရင် မြေပုံပေါ်က အစိမ်းရောင်အစက်ကလေးတွေကို ရှာဖွေပြီး လာကြိုရမယ့်နေရာကို အတိအကျရွေးချယ်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒေသတွင်း စုဆောင်းထားတဲ့ အချက်အလက်နဲ့စစ်တမ်းများအရ Grabရဲ့ မြေပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ဟာ ဒေသတွင်း တိကျမှုရှိတဲ့ ကြိုရမယ့်ပွိုင့်နေရာ ၈,၅၀၀ ကျော်ကို ဖြန့်ကျက်ထားရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ Grab app ထဲက အစိမ်းရောင်အစက်ကလေးတွေဟာ လူအသွားအလာ ထူထပ်တဲ့နေရာတွေမှာလည်း ကြိုရမယ့် ပွိုင့်နေရာ အမျိုးမျိုးကို ပြသပေးထားတာကြောင့် ခရီးသည်အနေဖြင့် မိမိအဆင်ပြေဆုံးနေရာကို ပြောင်းလဲရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ 
………….

“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts