“ဝန်ဇင်းသတင်းလွှာ” [ 2 ]


“စာချစ်သူများ သိထားသင့်စရာ သတင်းသုံးပုဒ်”

မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မနက်အတွက် Wun Zinn Digest မှ တင်ဆက်ပေးသွားမှာကတော့ “ဝန်ဇင်းသတင်းလွှာ” ( Wun Zinn Newsletter ) ပဲ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း သိသင့်သိမှတ်ဖွယ် သတင်းထူး ၊ သတင်းကောင်းများကို စုစည်း တင်ပြပေးတာပဲ ဖြစ်ပါတယ်ခင်ဗျ။ စာချစ်သူများအတွက် ဖော်ပြပေးမယ့် ယခုတစ်ပတ်အတွင်း သတင်းများကတော့ ပင်လုံညီလာခံသတင်း၊ လူထုကြီးပွားရေးစာအုပ်တိုက်မှ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမယ့်သတင်း၊ ဝန်ကြီးများရုံးကို အကြီးစားပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေတယ် ဆိုတဲ့သတင်းများပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ပင်လုံညီလာခံသတင်း - မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်တရာမှ အဓိကကျ အရေးပါလှသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ ) ရာစု ပင်လုံ တတိယအစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ( ၁၁ ) ရက်နေ့မှ စတင်ပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ( ၂ ) ( MICC – 2 ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်သမ္မဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတနှင့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အရပ်ဖက် စစ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ … စသည့် အဘက်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြခဲ့ကြပါတယ်။ 

အဆိုပါ အခမ်းအနားမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပြီး ဘက်တစ်ဖက်တည်း၊ အစုအဖွဲ့ တစ်ဖွဲ့တည်းရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေပေါ်မှာပဲ ဖက်တွယ်မထားဘဲ အားလုံးညှိနှိုင်းပြီး အပေးအယူ၊ အလျှော့အတင်းတွေနဲ့ စေ့စပ်ညှိနှိုင်းပြီး ကွဲလွဲမှုတွေကို ကျော်လွှားနိုင်ဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်” ဟုဆို၍ ၄င်းရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

“အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်သော အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်များကိုသာ လိုက်နာမည်ဆိုပါက မည်သည့်သေနတ်သံမျှ ကြားရမည်မဟုတ်ကြောင်း၊ အချို့ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၅၂ သန်းသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုသကဲ့သို့ နိုင်ငံရေးပါတီများကလည်း ၄င်းတို့ကို ထောက်ခံသူများအတွက်သာ ကိုယ်စားပြုကြကြောင်း၊ သို့သော် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုက ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကိုယ်စားပြုရသည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း … စသည်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၄င်းရဲ့ သဘောထားကို ပြောဆိုခဲ့ပါတယ်။ 

( ၂ ) စာအုပ်ဈေးရောင်းပွဲတော် - စာရေးဆရာကြီး လူထုဦးလှနှင့် လူထုဒေါ်အမာတို့ ဦးစီးတည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရှိ လူထုကြီးပွားရေးစာအုပ်တိုက်မှာ၊ မနက်ဖြန် ဇူလိုင် ( ၁၅ ) ရက်နေ့တွင် နှစ်ပေါင်း ( ၈၀ ) ပြည့်မှာဖြစ်ပြီး အထိမ်းအမှတ်အဖြစ် စာအုပ်ဈေးရောင်းပွဲတော်ကိုပါ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လူထုကြီးပွားရေးစာအုပ်တိုက်ကို ( ၁၉၃၈ ) ခုနှစ်၊ ဇူလိုင်လ ( ၁၅ ) ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ( ၁၉၃၉ ) ခုနှစ်မှာတော့ မန္တလေးသို့ ရွှေ့ပြောင်းလုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

စာအုပ်တိုက်တည်နေရာကတော့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၃၃ လမ်းထောင့်မှာရှိပြီး လူထုကြီးပွားရေးတိုက်ထုတ် စာအုပ်များကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ၂၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ လူထုစာအုပ်ဆိုင်တွင်လည်း ဇူလိုင် ( ၁၆ ) ရက်မှ ( ၁၇ ) ရက်ထိ ၂၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

( ၃ ) ဝန်ကြီးများရုံး - မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဝန်ကြီးများရုံး ( ယခင်အတွင်းဝန်ရုံး ) ကို ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က အကြီးစားပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေလျက်ရှိပြီး ပြီးစီးပါက အာဇာနည်ပြတိုက်၊ လွှတ်တော်ပြတိုက်နှင့် အများပြည်သူ ဝင်ရောက်အပန်းဖြေနိုင်မည့် ပန်းခြံအဖြစ် ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ဝန်ကြီးများရုံးကို အစိုးရရုံးပိတ်ရက်မှလွဲ၍ ကျန်ရက်များတွင် ဖွင့်လှစ်ပြသထားလျက်ရှိပြီး နိုင်ငံခြားဧည့်သည်များ လာရောက်လေ့လာလျက်ရှိကာ ဝင်ကြေးအဖြစ် ခြောက်ဒေါ်လာ ( မြန်မာငွေကျပ် ၈,၀၀၀ ) ခန့် ပေးရတယ်လို့ သိရပါတယ်။ ဝန်ကြီးများရုံး အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် အကုန်ကျခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လအကုန်တွင် ပြီးစီးရန် ခန့်မှန်းထားပြီး လက်ရှိတွင် အဆောက်အအုံပြင်ဆင်မှုမှာ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref; Myanmar Times Daily, Myanmar State Counsellor Office
…………
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts