Weekly Hot News-14


မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဒီနေ့နံနက်ခင်းမှာ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ‘တစ်ပတ်အတွင်း သတင်းထူးများ’ ကဏ္ဍမှ ဖော်ပြပေးသွားမယ့် ပြည်တွင်းသတင်းနှစ်ပုဒ် ရှိနေပါတယ်။ ဒီသတင်းကတော့ နေ့စဉ် ပြည်သူလူထုဘဝနဲ့ တိုက်ရိုက်ပတ်သက်နေတာမို့ ဖတ်ရှုရသူအဖို့လည်း အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ။ 

၁။ “လိုရာခရီးကို အချိန်တိုတိုနဲ့ ရောက်သွားနိုင်မယ့် မှတ်တိုင် ( ၁၆ ) ခုသာပါဝင်သည့် ယာဉ်လိုင်းသစ်တစ်ခု တိုးချဲ့ပြေးဆွဲ” - - - ပထမသတင်းကတော့ ခရီးသွားပြည်သူများအနေဖြင့် လိုရာခရီးကို အချိန်တိုတိုနဲ့ ရောက်သွားနိုင်ဖို့ မှတ်တိုင် ( ၁၆ ) ခုသာပါဝင်တဲ့ ယာဉ်လိုင်းသစ်တစ်ခု တိုးချဲ့ကာ စတင်ပြေးဆွဲနေပြီဆိုတဲ့အကြောင်းပါပဲ။
အဲ့ဒါကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ Airport Shuttle အမြန်ယာဉ်လိုင်းကို ကားအစီးရေ ( ၃၂ ) စီးဖြင့် ပြေးဆွဲခြင်းအစီအစဉ်ကို ယမန်နေ့ကစလို့ စတင်အကောင်အထည်ဖော်နေပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

ယာဉ်လမ်းကြောင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိမ်မှ စတင်ထွက်ခွာလာမှာဖြစ်ပြီး ( ၈ ) မိုင်လမ်းဆုံ၊ ရန်ကုန်ဟိုတယ်၊ နဝဒေးရုပ်ရှင်ရုံ၊ ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel၊ မြန်မာပလာဇာ၊ Melia Hotel၊ Excel Hotel၊ ရွှေဂုံတိုင်လမ်းဆုံ၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဥယျာဉ်၊ Park Royal Hotel၊ သမ္မတရုပ်ရှင်ရုံ၊ Shagri-La Hotel၊ Sule Square၊ ဆူးလေဘုရား၊ ထိုမှတဆင့် ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်ပြီးဆုံးမှာပဲ ဖြစ်ပါတယ်။ 

အဆိုပါ အမြန်ယာဉ်လိုင်းကို Omini Focus ကုမ္ပဏီမှ ပြေးဆွဲနေခြင်းဖြစ်ပြီး ယာဉ်စီးခ ( ၅၀၀ ) ကျပ် ကျသင့်မည် ဖြစ်သော်လည်း ပြည်တွင်းပြည်ပခရီးသည်များအတွက် ရန်ကုန်လေဆိပ်မှတဆင့် ရန်ကုန်မြို့ထဲသို့ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်စီစဉ်ထားခြင်း ဖြစ်သည့်အတွက် အားသာချက်တစ်ခုအနေဖြင့် သတ်မှတ်ယာဉ်လမ်းကြောင်းတလျှောက် မှတ်တိုင် ( ၁၆ ) ခုတွင်သာ ယာဉ်ရပ်နားတာမို့ ကားပေါ်တွင် အချိန်ကုန်ဆုံးမှု လျော့နည်းသွားမှာဖြစ်ပြီး လိုရာခရီးကို စောလျင်စွာ ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ 

နောက်ထပ်အားသာချက်တစ်ခုကတော့ ခရီးသည်များအနေဖြင့် ခရီးဆောင်အိတ်များ၊ luggage, hand carry များကိုလည်း သယ်ဆောင်နိုင်မှာပဲ ဖြစ်တာမို့ ရန်ကုန်လေဆိပ်မှ မြို့တွင်းသို့ သွားလိုသူများအတွက် တက္ကစီခကုန်ကျစရိတ်ကို လျော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ 

ခရီးစဉ်နဲ့ပတ်သက်ပြီး အကြံပြုခြင်း၊ တိုင်ကြားခြင်း၊ မိမိရောက်ရှိနေတဲ့ မှတ်တိုင်နှင့် အနီးဆုံးကားကို သိရှိလိုခြင်းများအတွက် Omini Focus Control Center ဖုန်းနံပါတ် - 09421222622, 09421222822, 09421222922 များကို ဆက်သွယ် မေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၂။ “ကမ္ဘာဇဘဏ်၏ ငွေလွှဲဝန်ဆောင်ခအချို့ကို ပြောင်းလဲသတ်မှတ်”  - - - ဒုတိယသတင်းကတော့ မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ ၄င်း၏ ပြည်တွင်းငွေလွှဲဝန်ဆောင်မှုအတွက် လက်ရှိသုံးစွဲလျက်ရှိတဲ့ ဒစ်ဂျစ်တယ်နည်းစနစ်အား အဆင့်မြှင့်တင် ပြောင်းလဲဆောင်ရွက်သွားမယ့်အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အဆိုပါ သတင်းအပြည့်အစုံကတော့ ကမ္ဘောဇဘဏ်အနေဖြင့် ဘဏ်ခွဲကောင်တာတွင် ငွေလွှဲပို့မှု အနည်းဆုံးကောက်ခံသည့် ဝန်ဆောင်ခအား ဇူလိုင်လ ၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်မှ စတင်ပြီး မြန်မာငွေကျပ် ( ၅၀၀ ) သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ အခြားငွေလွှဲခနှုန်းထားများကတော့ ယခင်အတိုင်းသာ ရှိနေမည်ဖြစ်ပြီး အနိမ့်ဆုံးကောက်ခံမယ့် ဝန်ဆောင်ခသာ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ 

“ပြည်တွင်းငွေလွှဲဝန်ဆောင်မှုနှုန်းထားတွေက လွန်ခဲ့တဲ့ ( ၇ ) နှစ်အတွင်းမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ လက်ရှိနှုန်းထားတွေကလည်း ခေတ်နဲ့လျော်ညီခြင်း မရှိတော့တဲ့အတွက် ဘဏ်အနေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းအကို အားကောင်းစေဖို့ ခုလိုပြင်ဆင်ရတာ ဖြစ်ပါတယ်” လို့ ကမ္ဘာဇဘဏ်ရဲ့ Head of Domestic Remittance ဖြစ်သူ ဦးပိုင်မင်းက ဆိုပါတယ်။ 

အဆင့်မြင့် KNZ iBanking ကို အသုံးပြုပြီး အခြားသူများ၏ ကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲပေးပို့သည့် ဝန်ဆောင်ခများ ( Internal Transfer Fees ) ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပုံတွင်ဖော်ပြထားသည်အတိုင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်သော်လည်း မိမိ၏ ကိုယ်ပိုင်ဘဏ်ကောင့် တစ်ခုမှတစ်ခုသို့ ငွေလွှဲခြင်း ( Own Account Transfer ) အတွက်မူ ငွေလွှဲခ ကောက်ခံခြင်းလုံးဝမရှိကြောင်း သိရပါတယ်။ 
………….
“ဒီသတင်းတွေက ကိုယ့်အတွက် သိလိုက်ရတာ အကျိုးရှိတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ပြောကြားလိုသည်များကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts