Weekly Hot News-10


“တစ်ပတ်အတွင်း သတင်းထူးများ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာနံနက်ခင်းလေးပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ …

ကျွန်တော်တို့ Wun Zinn Digest အနေနဲ့ ဒီနေ့မနက်မှာတင်ဆက်ပေးမယ့် “တစ်ပတ်အတွင်း သတင်းထူးများ” ကဏ္ဍမှ အောက်ပါသတင်းများကို ဝန်ဇင်းစာချစ်သူများ သိရှိနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ 

( ၁ ) ပထမသတင်းကတော့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ နုတ်ထွက်သွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ ( ခ ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မခွဲ ( က ) တို့ပါ ပြဋ္ဌာန်းချက်များအရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ယင်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကို မနေ့ညပိုင်းအချိန်မှာ နိုင်ငံတော်သမ္မတရုံး၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စီမံဘဏ္ဍာ ဒုတိယဝန်ကြီးအဖြစ် ဦးဆက်အောင်က တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ 

ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဝန်ကြီးချုပ်တချို့ကို အပြောင်းအလဲပြုလုပ်သွားမယ်ဆိုသည့် သတင်းများသည် ပြီးခဲ့သည့် မေလဒုတိယအပတ်အတွင်း ထွက်ပေါ်လာခဲ့ပြီး အပြောင်းအလဲလုပ်ဖွယ်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည် တို့ပါဝင်ပြီး ဝန်ကြီးဌာနမျာအနက် ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့လည်း ပါဝင်ကြောင်း သိရသည်။  

( ၂ ) နောက်ထပ်တင်ပြပေးမယ့် သတင်းကတော့ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Grab က ခရီးသည်များ စုဆောင်းထားသော ပွိုင့်များဖြင့် အထူးဈေးနှုန်းများနှင့် ခံစားခွင့်များ ပြန်လည်ရရှိနိုင်မယ့် မြန်မာနိုင်ငံ့၏ ပထမဦးဆုံး Loyalty programme ဖြစ်သော Grabwards ပုံစံသစ်ကို တရားဝင် စတင်မိတ်ဆက်လိုက်တဲ့အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ Grab ဖြင့် ငှားစီးမှု အကြိမ်ရေများလာသည်နှင့်အမျှ Grab ခရီးစဉ်များကို အထူးဈေးနှုန်းဖြင့် စီးနင်းခွင့်မှစ၍ Rewards အစီအစဉ်၏ မိတ်ဖက်အဖွဲ့များမှ ပေးအပ်သော သီးသန့်ပရိုမိုးရှင်းများအထိ စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်အမျိုးအစား အစုံအလင်ကို ပိုမိုရယူခံစားနိုင်မှာဖြစ်ပါတယ်။ GrabRewards ကတ်တလောက်ကို  ပုံစံအသစ်ဖြင့် ပြုလုပ်ပေးထားပြီး Grab app မှတစ်ဆင့် အလွယ်တကူ ရှာဖွေဝယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ်။

Grab Myanmar တွင် Country Head အဖြစ် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော Alvin Loh က “ခရီးသည်တွေအနေနဲ့ စီးလိုက်တဲ့ ခရီးစဉ်တွေက ရလာတဲ့ ပွိုင့်တွေကို သူတို့အတွက် တကယ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရာမှာနဲ့ လူကြိုက်များတဲ့ နာမည်ကြီးဆိုင် အများကြီးမှာ ပြန်သုံးလို့ရမှာ ဖြစ်ပါတယ်။ GrabRewards ကို သုံးပြီး ကျွန်တော်တို့ရဲ့ ပုံမှန် Grab အသုံးပြုသူတွေဟာ ရုပ်ရှင်လက်မှတ်တွေနဲ့ မေတ္တာလက်ဆောင် အစားအသောက်တွေလိုမျိုး အဖိုးတန် ခံစားခွင့်တွေ ပြန်လည်ရရှိနိုင်မှာပါ။ အခုလုပ်ပေးလိုက်တဲ့ ခရီးသည်တွေအတွက် loyalty programme က ရန်ကုန်မှာရှိတဲ့ Grab ခရီးသည်တိုင်းရဲ့ ခရီးစဉ်တစ်ခုချင်းစီဟာ ပိုကောင်းတဲ့ အကျိုးခံစားခွင့်တွေ ပြန်ရစေနိုင်မှာ” လို့ ဆိုပါတယ်။ 
…….
“ဝန်ဇင်းစာချစ်သူတို့က စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်း အကြောင်းအရာတွေ ဖတ်ရှုရတာ သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးသွားဖို့လည်း မမေ့နဲ့နော်” “စာချစ်သူတို့ သိထားတဲ့ သတင်းထူးတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေသွားနိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် 

Related Posts