Weekly Hot News-7


တစ်ပတ်အတွင်းသတင်းထူးများ 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာနံနက်ခင်းပါခင်ဗျာ …
ဒီနေ့နံနက်မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “တစ်ပတ်အတွင်းသတင်းထူးများ” ကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် သတင်း ( ၃ ) ပုဒ်ရှိပါတယ်ခင်ဗျ။ အဲ့ဒီသတင်းတွေကတော့ ကမ္ဘာပေါ်က လူ ၁၀ ဦးမှာ ၉ ဦးဟာ ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေရတဲ့အကြောင်း၊ ရန်ကုန်တိုင်းအတွင်း မျက်မမြင်အကြောပြင်ဆိုင်တွေကိုပဲ တရားဝင်ခွင့်ပြုထားပြီး အခြားအနှိပ်ခန်းတွေကို တရားဝင်လိုင်စင်ချပေးထားခြင်း မရှိဘူးဆိုတဲ့သတင်းနဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်တို့က လာမယ့် ရက်သတ္တပတ်ထဲမှာ သုံးနိုင်ငံထိပ်သီး ဆွေးနွေးပွဲကျင်းပသွားမယ့်အကြောင်းတွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ )
ဦးစွာတင်ဆက်မယ့်သတင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူ ၁၀ ဦးမှာ ၉ ဦးနှုန်းဟာ ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေရတယ်ဆိုတဲ့ အကြောင်းပါပဲ။ ကမ္ဘာ့လူဦးရေရဲ့ ( ၉၀ ) ရာခိုင်နှုန်းဟာ ညစ်ညမ်းမှုမြင့်မားတဲ့ လေကို ရှူရှိုက်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) က ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ အခုလို အရည်အသွေး နိမ့်ကျနေတဲ့ လေထုကြောင့် နှစ်စဉ် လူ ( ၇ ) သန်းခန့် သေဆုံးနေရတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေထုညစ်ညမ်းမှုနဲ့ ပတ်သတ်ပြီး သေဆုံးမှုရဲ့ ( ၉၀ ) ရာခိုင်နှုန်းကျော်ဟာ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှဖြစ်ပြီး အဓိကအားဖြင့် အာရှနဲ့ အာဖရိကတို့မှ ဖြစ်ကြောင်း သိရပါတယ်။ ထုတ်ပြန်ချက်ထဲမှာဝင်တဲ့ အချက်အလက်သစ်တွေအရ မီးသွေးလိုပဲ ညစ်ညမ်းမှုရှိတဲ့ ဟင်းချက်လောင်စာတွေဟာ အိမ်တွင်း လေထုညစ်ညမ်းမှုရဲ့ အဓိက အရင်းအမြစ်ဖြစ်ပြီး နှစ်စဉ် လူပေါင်း ၃ ဒသမ ၈ သန်းကို အချိန်မတိုင်မီ သေဆုံးစေနိုင်ကြောင်းနဲ့ ပြင်ပလေထုညစ်ညမ်းမှုနဲ့ ဆက်စပ်ပြီး သေဆုံးရသူဦးရေဟာ နှစ်စဉ် ၄ ဒသမ ၂ သန်းရှိတယ်လို့ သိရပါတယ်။ 

( ၂ ) 
ဒုတိယ ဆက်လက်တင်ဆက်မယ့် သတင်းကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မျက်မမြင်အကြောပြင်ဆိုင်တွေကိုပဲ တရားဝင်ခွင့်ပြုထားပြီး အခြားအနှိပ်ခန်းတွေကို တရားဝင်လိုင်စင်ချထားပေးခြင်း မရှိဘူးဆိုတဲ့ သတင်းပါပဲ။ ဒီအကြောင်းကို ပြီးခဲ့တဲ့ မေလ ( ၂ ) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့တာပါ။ 
“ရန်ကုန်တိုင်းအတွင်း ကေတီဗီ၊ အနှိပ်ခန်း အစရှိသည်တို့ကို မည်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများက မည်သည့် စည်းကမ်းချက်များဖြင့် ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေးသလဲ” … စတဲ့ မေးခွန်းနဲ့ ဆက်စပ်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအစား စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ခုလို ထည့်သွင်းဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ 
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ကတော့ Foot Massage, Oil Massage, Body Massage အချို့နေရာတွေမှာ အနှိပ်ခန်းတွေ ဖွင့်လှစ်ထားတာကို လုပ်ငန်းလိုင်စင်နဲ့ တရားဝင် ခွင့်ပြုပေးခြင်း မရှိပါဘူး။ ကျွန်တော်တို့ ဆံပင်ညှပ်နဲ့ မျက်နှာ အလှပြင်ဆိုင်များ၊ ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ်လုပ်ငန်းများ၊ မျက်မမြင် အကြောပြင်လုပ်ငန်းတွေကိုသာ ခွင့်ပြုပေးထားခြင်း ဖြစ်ပါတယ်” လို့ ဦးမြင့်သောင်းက ပြောကြားခဲ့ပါတယ်။ 

( ၃ ) 
နောက်ဆုံးတင်ဆက်မယ့် သတင်းကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ လာမယ့် ရက်သတ္တပတ်အတွင်းမှာ တိုကျို၌ သုံးနိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပသွားမယ်ဆိုတဲ့ အကြောင်းပါပဲ။ လာမယ့် မေလ ( ၉ ) ရက်နေ့မှာ ကျင်းပမဲ့ အဲ့ဒီထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က တက်ရောက်မှာဖြစ်ပြီး တရုတ်ဘက်ကတော့ ဝန်ကြီးချုပ် လီခယ်ကျင်းသာ တက်ရောက်မှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအကြား ဒီိလို ထိပ်သီးတွေ့ဆုံမှုဟာ နှစ်နှစ်ကျော်အတွင်း ပထမဆုံး ဆွေးနွေးမှုလည်း ဖြစ်လာမှာပါ။ 
မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ ဒီသုံးနိုင်ငံတွေ့ဆုံမှုအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့အတွက် သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအင်အား ခိုင်မာစေဖို့ နည်းလမ်းတွေ၊ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။ 
…………
“ဒီပို့စ်လေးကို သဘောကျကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ချစ်ခင်စွာဖြင့် ….. ဝန်ဇင်း။

Related Posts