“ဝန်ဇင်းသတင်းလွှာ” [ 1 ]


“ဝန်ဇင်းသတင်းလွှာ”
မင်္ဂလာနံနက်ခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

ဝန်ဇင်းပရိသတ်ကြီးအနေဖြင့် မင်္ဂလာရှိသော နံနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေလို့ ဦးစွာပဏာမ ဆုတောင်းမေတ္တာမွန် ပို့သလိုက်ရပါတယ်။ ဒီနေ့ ဒီအချိန်ဟာဆိုရင်တော့ Wun Zinn Digest မှ တစ်ပတ်အတွင်း သတင်းထူးများကို ဖော်ပြပေးသွားတော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ‘တစ်ပတ်အတွင်း သတင်းထူးများ’ အဖြစ် ဖော်ပြခဲ့ပြီး ယခုအချိန်မှစ၍ ဝန်ဇင်းပရိသတ်ကြီးအတွက် ‘ဝန်ဇင်းသတင်းလွှာ’ ဟူသော ခေါင်းစဉ်ဖြင့် ဆက်လက် တင်ပြသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … ဒီတော့၊ ဝန်ဇင်းသတင်းလွှာမှာ ဘာသတင်းတွေ ဖတ်ရှုရမလဲ ကြည့်လိုက်ရအောင်လားခင်ဗျာ။ 

ဝန်ဇင်းသတင်းလွှာ ( ၁ ) ။       ။ ပထမသတင်းတစ်ရပ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့သတင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ Central Base Production မှ ရိုက်ကူးထုတ်လုပ်ထားပြီး ဒါရိုက်တာ ခရစ်စတီးလ်နားခီနှင့် သရုပ်ဆောင် ဇဏ်ခီ၊ အကယ်ဒမီသက်မွန်မြင့်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို ခေတ်မီနည်းပညာများ အသုံး၍ အီလက်ထရွန်နစ်ဆက်သွယ်ရေးဖြင့် မူပိုင်ခွင့်ချိုးဖောက်ကာ ဖေ့ဘုတ်ပေါ်တွင်လည်းကောင်း၊ Digital Format ဖြင့် တစ်ဦးနှင့်တစ်ဦး ကူးယူမျှဝေခြင်း၊ ခိုးကူးခွေများအဖြစ် ကူးယူ၍ တရားမဝင်လုပ်ဆောင်မှုများကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် သတိပေး ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သရုပ်ဆောင်ဇဏ်ခီက ၄င်းရဲ့ တရားဝင်အွန်လိုင်းစာမျက်နှာမှာ ခုလို ရေးသားထားပါတယ်။ “ဥပါယ်တံမျဉ်ဇာတ်ကား HD ( အကြည် ) လိုင်းပေါ်မှာ ပျံ့နေပါပြီ။ ဈေးတချို့မှာလည်း အခွေနဲ့တောင် ရောင်းနေကြပြီလို့လဲ ကြားရပါတယ်။ ချစ်ခင်လေးစားရသော မိတ်ဆွေများ ပြောင်းလဲမှုကို တကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။ ဥပဒေတစ်ခု အစစ်အမှန်ပေါ်လာဖို့ အကြောင်းတွေ ဖန်တီးလာပြီထင်တယ်” 

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့မှစ၍ ပြသခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံဝန်း အပါအဝင် ပြည်တွင်းပြည်ပ ရုံအသီးသီး၌ ရုံတင်ပြသလျက်ရှိကြောင်းနှင့် ၄င်းဇာတ်ကားကို Video ရုပ်ရှင်၊ Digital File အဖြစ်လည်းကောင်း၊ Online Media များမှတစ်ဆင့်သော်လည်းကောင်း လုံးဝပြသခြင်း မရှိသည့်အပြင် ပြသခွင့်လည်း လုံးဝမပေးထားကြောင်း သတိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဝန်ဇင်းသတင်းလွှာ ( ၂ ) ။       ။ ဒုတိယသတင်းကတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ စာအုပ်များကို အင်တာနက်စာမျက်နှာပေါ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အဆိုပါ အင်တာနက်စာမျက်နှာ၏ လိပ်စာမှာ www.uy.edu.mm ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသားများအတွက် ဘာသာရပ်အလိုက် ခွဲခြားထားပြီး အလွယ်တကူ ဖတ်ရှုနိုင်ရန် စာအုပ်အညွှန်းများပါ ထားရှိပေးထားတယ်လို့ သိရပါတယ်။ 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး နေ့စဉ် လာရောက်စာဖတ်သူ လူဦးရေ ၁၅၀ မှ ၂၀၀ ကြားရှိပြီး အင်တာနက်အသုံးပြု၍ လေ့လာသူမှာ ၅၀ ခန့်ရှိကြောင်း သိရသည်။ 

ဝန်ဇင်းသတင်းလွှာ ( ၃ ) ။       ။ နောက်ဆုံးသတင်းကတော့ ဂူအတွင်းမှာ ပိတ်မိနေတဲ့ ထိုင်းကလေး ( ၁၃ ) ဦးတို့ကို ကယ်ဆယ်ရေး၌ ရေငုပ်သမားတစ်ဦး သေဆုံးခဲ့တဲ့သတင်းပါပဲ။ အသက် ( ၁၁ ) နှစ်မှ ( ၁၆ ) နှစ်ကြား ကျောင်းသားလူငယ် ( ၁၂ ) ဦးနဲ့အတူ ဘောလုံးနည်းပြတစ်ဦးတို့မှာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ချင်းရိုင်ပြည်နယ်၊ ထမ့်လွမ်နန်နွန်ဂူအတွင်း ဇွန်လ ( ၂၃ ) ရက်က စူးစမ်းဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့ရပြီး ဇူလိုင် ( ၂ ) ရက်မှာ ပြန်လည် စတင်တွေ့ရှိခဲ့ပါတယ်။ 

ယခုအချိန်ထိ အဆိုပါ ကျောင်းသားများကို ဂူအပြင် ကယ်ထုတ်ရန် ခက်ခဲနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ( ၆ ) ရက်နေ့မှာတော့ ဂူအတွင်း ကယ်ဆယ်ရေးအဖွဲ့၌ ပါဝင်သူ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း စမန်ခူနမ် လဲကျသေဆုံးသွားခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းဖြစ်သူ အသက် ( ၃၈ ) နှစ်ရှိ ယင်းတပ်ဖွဲ့ဝင်ဟောင်းမှာ အခြားရေငုပ်သမားများ အသုံးပြုရန် အောက်စီဂျင်ဗူးများကို သတ်မှတ်နေရာများသို့ ပို့ဆောင်ရန် ညလုံးပေါက် ရေငုပ်ခဲ့ရပြီးနောက် မနက်စောစောမှာ သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
 
ထိုင်းကလေးများအနေဖြင့် ဂူအတွင်းမှ လွတ်မြောက်ရန် စုစုပေါင်း တစ်ကီလိုမီတာ ( မိုင်ဝက် ) ခန့် ရေငုပ်ရန်လိုအပ်ပြီး ယင်းမှာလည်း တစ်ဆက်တည်းမဟုတ်တဲ့အပြင် ကြာမြင့်ချိန် သုံးနာရီခန့်ရှိမည်ဖြစ်ကြောင်းနှင့် လမ်းကြောင်းမှာ ကျဉ်းမြောင်းပြီး မြင်နိုင်စွမ်းမှာလည်း သုညနီးပါးသာရှိကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားပါတယ်။
 
Ref; Myanmar Times Daily / Daily Eleven / BBC Burmese
…………
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts